မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ တက်ရောက်လာကြသူများ၏ ဝမ်းသာပီတိစကားသံများ

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ တက်ရောက်လာကြသူများ၏ ဝမ်းသာပီတိစကားသံများ

    ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ရပ်နားခဲ့ရသည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကို  မေ ၆ ရက်တွင်  နေပြည်တော် မြို့တော်ခန်းမအနီးရှိ လဟာပြင်ကဇာတ်ရုံ၌ ခမ်းနားထည်ဝါစွာကျင်းပခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်၊ ၂၀၂၂ ခုနှစ် သုံးနှစ်စာအတွက် ရုပ်ရှင်ထူးချွန်ဆုများ ချီးမြှင့်နိုင်ခဲ့သည်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲသို့ တက်ရောက်လာကြသူများ၏စကားသံများကို ဖော်ပြလိုက်ရပါသည်-

အကယ်ဒမီ ဒါရိုက်တာစင်ရော်မောင်မောင်

    တစ်သက်မှာ သုံးနှစ်ဆက်တိုက်ပေးတဲ့ အကယ်ဒမီပွဲကို တက်ရမယ်လို့ တစ်ခါမှ မထင်ခဲ့ပါဘူး။ ဒီအကယ်ဒမီပွဲမှာ စီမံကွပ်ကဲမှု ဒါရိုက်တာ တာဝန်ယူထားပါတယ်။ ရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ   ဦးကြည်စိုးထွန်းနဲ့ သေချာဆွေးနွေးပြီး တစ်ထောင့်တစ်နေရာကနေ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ပြင်ဆင်ခဲ့တာ  ငါးလခန့်ရှိပါပြီ။ ဒီအကယ်ဒမီပွဲက သုံးနှစ်စာပေးတဲ့အတွက်လည်း ထူးခြားပါတယ်။ မလုပ်တာကြာပြီဖြစ်တဲ့ နေပြည်တော်မှာ ပြန်လည်ကျင်းပတဲ့အတွက်လည်း ထူးခြားပါတယ်။ အစီအစဉ် တင်ဆက်မှုနဲ့  မီးအလင်းအမှောင်တွေကလည်း ထူးခြားပါတယ်။ 

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ  ဦးကြည်စိုးထွန်း

ဒီနှစ်မှာ အကယ်ဒမီဆုရရှိပြီးသူတွေကို ရွှေရင်ထိုးလေးတွေပေးအပ်ဖို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက စိတ်ကူးရပြီးတော့ စတင်စီစဉ်တာဖြစ်ပြီး ဦးသန်းဌေး(ကိုဂျက်)က ကူညီပံ့ပိုးပေးတာ ဖြစ်ပါတယ်။ ဒါကို နိုင်ငံတော်ကသိတဲ့အခါမှာ ကြယ်ပွင့်လေးကိုပါ ထပ်ပေါင်းပြီး စီစဉ်တာဖြစ်လို့ ဂုဏ်ယူစရာကောင်းပါတယ်။ အကယ်ဒမီဆုရရှိပြီးသူတိုင်း  ရင်ထိုးလေးတွေ ရရှိကြမှာဖြစ်ပါတယ်။ အားလုံးကိုပျော်ရွှင်စေဖို့ စီစဉ်တာဖြစ်ပါတယ်။ သုံးနှစ်စာအတွက် ထူးချွန်ဆုပေးပွဲကို နေပြည်တော်မှာ ယခုလို ခမ်းခမ်းနားနား ကျင်းပနိုင်ခဲ့တဲ့အတွက်   ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ  တစ်ယောက်အနေနဲ့ အထူးပျော်ရွှင်မိပါတယ်။ ရုပ်ရှင်ထူးချွန်ဆုပေးပွဲဆိုတာ   ရုပ်ရှင်လောကသားတွေ အတွက် ပွဲတစ်ခုဖြစ်ပြီး ဒီပွဲကို နိုင်ငံတော်က ပံ့ပိုးပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

ရုပ်ရှင်တေးဂီတဆုရရှိသူ အကယ်ဒမီ ဒါရိုက်တာ အောင်ကိုလတ်

    သုံးနှစ်စာဆိုတော့  ထူးချွန်ဆုတွေများ ပါတယ်။ ဇာတ်ကားတွေလည်း အများကြီး တွေ့ရသလို ပံ့ပိုးတဲ့ အတတ်ပညာရှင်တွေရဲ့ လက်ရာတွေကိုလည်း အများကြီးတွေ့ရပါ တယ်။ အခုလိုသုံးနှစ်ကို တစ်ပြိုင်တည်းပေးတာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။ ဆန်ခါ တင်ဇာတ်ကားဖြစ်တဲ့ ဂန္ဓဗ္ဗဇာတ်ကားက ပြင်ဆင်မှုလေးနှစ်ခွဲ ငါးနှစ်အချိန်ယူရပါတယ်။ သာမန်ဇာတ်ကားတစ်ကားနဲ့မတူဘဲ မြန်မာ့ရိုးရာစောင်းရဲ့  ခုနစ်ကြိုးနဲ့  ၁၆ ကြိုးကာလာနဲ့  ဂျပန်နိုင်ငံရဲ့ ရိုးရာဂီတတွေကို ပေါင်းစပ်ဖြစ်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပရိသတ် လက်ထဲရောက်ခဲ့တယ်။  အခုဆိုရင်   ဂျပန်နိုင်ငံမှာပြဖို့ စီစဉ်နေပါတယ်။

အကယ်ဒမီခင်သီတာထွန်း

    ၂၀၁၉-၂၀၂၀ မှာ  အကယ်ဒမီအတွက် မျှော်မှန်းလို့ရတဲ့သူတွေ အများအပြား တွေ့ရပါတယ်။  ၂၀၂၀-၂၀၂၂ အတွက်ကတော့   နည်းသွားတယ်။  ဒါပေမဲ့ သုံးနှစ်စာပေါင်းလိုက်တော့ ဆန်ခါတင်စာရင်းမှာ အများကြီးပါပဲ။ တော်တဲ့သူတွေ အကယ်ဒမီဆုရဖို့ အလားအလာရှိတဲ့သူတွေ အများကြီးတွေ့ရပါတယ်။  မျှော်မှန်းတဲ့သူတိုင်း ရပါစေလို့  ဆုတောင်းပါတယ်။ ကိုယ်တိုင်လည်း   ရုပ်ရှင်ထူးချွန်ဆုရဖို့ နှစ်တွေအများကြီး မျှော်မှန်းရတာတွေ ရှိခဲ့ပါတယ်။ အနုပညာသမား တစ်ယောက်ဖြစ်တဲ့အတွက် အကယ်ဒမီလို့ကြားလိုက်တာနဲ့ ရင်ခုန်ပါတယ်။ တော်တဲ့အနုပညာရှင်တွေ၊ ဇာတ်ပို့၊ ဇာတ်ဆောင်တွေ၊ အတတ်ပညာရှင်တွေ အများကြီးရှိတဲ့အတွက် သူတို့လည်း  ရင်ခုန်နေကြမှာပါ။  အကယ်ဒမီကတော့ အနုပညာရှင်တိုင်း မျှော်မှန်းထားတဲ့ ပန်းတိုင်တစ်ခုဖြစ်ပါတယ်။  အနုပညာအလုပ်တွေ ဆက်လက်လုပ်ဆောင်ဖို့ ခွန်အားတွေ ရရှိစေပါတယ်။

အကယ်ဒမီထက်ထက်မိုးဦး

    အကယ်ဒမီဆိုတာ အနုပညာရှင်တိုင်း အတွက် ရည်မှန်းချက် ပန်းတိုင်ဖြစ်ပါတယ်။ အရင်က  တစ်နှစ်တစ်ခါပေးခဲ့တာဖြစ်ပြီး အခု သုံးနှစ်စာဆိုတော့ အကယ်ဒမီဆုတွေ အများကြီးရကြမှာပါ။ အကယ်ဒမီဆိုတာနဲ့ ရင်ခုန်ပါတယ်။ အားလုံးကိုယ်စား ရင်ခုန်ရပါတယ်။ ကျွန်မအနေနဲ့အကယ်ဒမီရခဲ့တဲ့ နှစ်တွေထဲမှာ ၁၉၉၆ ခုနှစ်က ပထမဆုံးရခဲ့တဲ့နှစ်ဆိုတော့     ရင်ခုန်ရဆုံး ဖြစ်ပါတယ်။   အားလုံးကျန်းမာ ချမ်းသာကြပါစေလို့ ဆုတောင်းပေးပါတယ်။

အကယ်ဒမီမို့မို့မြင့်အောင်

    မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရဖို့ဆိုတာ အနုပညာရှင်တွေအတွက် အတော်ကိုကြိုးစား ရတယ်။ ရပြီးသွားလည်း ထပ်မံရချင်ကြတာပါပဲ။ ကျွန်မ  အခု အသက် ၆၀ ကျော်သည့် တိုင်  ရချင်နေတုန်းပါပဲ။  ထပ်မံလည်း ကြိုးစားနေဦးမှာပါပဲ။ ဒါအနုပညာရှင်တွေရဲ့ စိတ်ဓာတ်ပါပဲ။   ချစ်တဲ့ပရိသတ်ကြီးလည်း အခုအကယ်ဒမီဆုရတဲ့ မောင်တွေ၊ ညီမတွေလိုပဲ   ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

အကယ်ဒမီဆွေဇင်ထိုက်

    ကျွန်မတို့ မြန်မာ့ရုပ်ရှင်မှာ အကယ်ဒမီ ပေးပွဲဆိုတာ ၁၉၅၂ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်က မရသေးတဲ့သူတွေက ရအောင်ကြိုးစားချင်လာမယ်။  ရပြီးသွားလည်း နောက်ထပ် ရရှိအောင်အားပေးတာ အသိအမှတ်ပြုပေးရတာဖြစ်ပါတယ်။ ဒီနှစ်ကတော့  သုံးနှစ်စာပေါင်းပြီး ပေးတာဖြစ်ပါတယ်။ အနုပညာဆိုတာ အရှိန်ရှိပါတယ်။   တစ်နှစ်ကနေ နောက်တစ်နှစ် တက်သွားရတာဖြစ်ပါတယ်။ သုံးနှစ်တောင်ကြာသွားပြီဆိုတော့ အေးသွားမှာစိုးတဲ့အတွက်    ဒီလိုကျင်းပဖြစ်တာကျေးဇူးတင်ပါတယ်။ ဒီနှစ်မှာ ထူးထူးခြားခြားအနေနဲ့ ဖက်ရှင်နဲ့ပတ်သက်ပြီး ဆုချီးမြှင့်ပေးတာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း  ဒီလိုပေးလေ့ပေးထရှိတဲ့အတွက် ဆုတစ်ခုအနေနဲ့ ထည့်ပြီးစီစဉ်တာဖြစ်ပါတယ်။ 

အကယ်ဒမီရန်အောင်

    ရွှေကြိုတွေကတော့ သုံးနှစ်စာဖြစ်တဲ့ အတွက် အယောက် ၄၀ ဖြစ်သွားပါတယ်။ အတော်လေးလည်း စိစစ်ရွေးချယ်ခဲ့ရပါတယ်။ ကလေးတွေအားလုံးကလည်း ပျော်ကြတယ်။  အကယ်ဒမီပေးပွဲတွေ အတော်များများလည်း တက်ခဲ့ဖူးပါတယ်။ သုံးနှစ်စာဆိုတဲ့အတွက်  ဆုအမျိုးအစားတစ်ခုမှာ သုံးယောက်ရတာကို တွေ့ရမယ်ဆိုတော့ ပျော်စရာကောင်းပါတယ်။  မြန်မာ့ရုပ်ရှင်ကိုချစ်တဲ့ ပရိသတ်တွေရှိလို့ မြန်မာ့ရုပ်ရှင်က ရှင်သန်နေရတာဖြစ်ပါတယ်။ ရုပ်ရှင် အနုပညာရှင်တွေ၊ အတတ်ပညာရှင်တွေ အားလုံးက ပရိသတ်ရဲ့ အားပေးမှုအပေါ်မှာပဲ ရပ်တည်ရတာဖြစ်ပါတယ်။   အခုပရိသတ်တွေကလည်း  သောင်းသောင်းဖြဖြနဲ့ အားတက်သရောရှိကြပါတယ်။ အင်မတန်ဝမ်းသာဖို့  ကောင်းပါတယ်။ အနုပညာရှင်တွေအားလုံးလည်း   စုစုစည်းစည်းပျော်ပျော်ရွှင်ရွှင်နဲ့   တွေ့ရတဲ့အတွက် ကြည်နူးမိပါတယ်။

သရုပ်ဆောင်ကျော်ထက်အောင်

    ဒီနှစ်က သုံးနှစ်စာချီးမြှင့်တာဖြစ်ပါတယ်။  အကယ်ဒမီနဲ့ပတ်သက်ပြီး ဒီနှစ်က လျှို့ဝှက်သိုသိပ်တော့   ဘယ်သူတွေရမယ်ဆိုတာ ခန့်မှန်းဖို့မသိဘူးဖြစ်နေတယ်။ ဆန်ခါတင်ဇာတ်ကားတွေက   အများကြီးဆိုတော့ တကယ်တော်တဲ့သူတွေ ရကြမှာပါ။

အကယ်ဒမီနန္ဒာလှိုင်

    အကယ်ဒမီဆိုတာ အနုပညာသမားတိုင်း ရချင်ကြတဲ့  ဆုတစ်ဆုပါပဲ။  အင်တိုက်အားတိုက်နဲ့ သုံးနှစ်စာပေးမယ့် ဒီလိုနှစ်မျိုးမှာ ဘယ်သူတွေရရ ဝမ်းသာမှာပါ။ ကျွန်မ အကယ်ဒမီရတဲ့နှစ်ကလည်း အကယ်ဒမီပေးပွဲကို   နေပြည်တော်မှာပဲ ကျင်းပခဲ့ တာပါ။ ပရိသတ်တွေနဲ့ အခုလို ပြန်လည်တွေ့ဆုံရတာ ဝမ်းသာပါတယ်။

အကယ်ဒမီထွန်းအိန္ဒြာဗိုလ်

    ကျွန်မအနေနဲ့ အနုပညာအလုပ်တွေ မလုပ်တာကြာတော့  ကိုယ်ကျင်လည်ခဲ့တဲ့  လောကက မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ အားလုံးကိုတွေ့ချင်လို့ လာတာပါ။ ကျွန်မရဲ့ ဇာတ်ကားတွေအနေနဲ့ သူစိမ်းအိမ်နဲ့စရိုက်ဆိုပြီး အကယ်ဒမီဆန်ခါတင် နှစ်ကား ပါပါတယ်။ 

အကယ်ဒမီစိုးပြည့်သဇင်

    ရွှေမင်းသမီးဇာတ်ကားကိုတော့ စပြီး ရိုက်ကတည်းက အတတ်နိုင်ဆုံး ရွှေရည်ဆို တဲ့ ဇာတ်ကောင်စရိုက်ကို ပီပြင်အောင် ကြိုးစားခဲ့ရပါတယ်။ ဒီကားက အများကြီး ကြိုးစားအားထုတ်ခဲ့ရတဲ့  ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ကိုယ့်ရဲ့ တောင်ငူမြို့တည်၊ နန်းတည်ကိုအခြေခံပြီး ရိုက်ထားတာဖြစ်တဲ့အတွက် ပိုပြီးအမှတ်တရဖြစ်တဲ့ ဇာတ်ကားဖြစ်ပါတယ်။ အကယ်ဒမီပေးပွဲတိုင်း  အကယ်ဒမီရခဲ့တဲ့  အခိုက်အတန့်ကို အမြဲတမ်းမှတ်မိပါတယ်။ အခုလို အနုပညာမောင်နှမတွေ   အများကြီးကို ကျန်းကျန်းမာမာနဲ့ ပြန်လည်တွေ့ဆုံရတဲ့အတွက် ဝမ်းသာပါတယ်။ ပရိသတ်တွေ လည်း  ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းပေးပါတယ်။

အကယ်ဒမီယွန်းယွန်း

    သုံးနှစ်စာဆိုတော့  ဆန်ခါတင်ဇာတ်ကားတွေ အများကြီးပါပဲ။တကယ်ကို ထိုက်တန်ပြီး ပရိသတ်အကြိုက်နဲ့ ထပ်တူကျမယ့်သရုပ်ဆောင်တွေ ရရှိကြပါစေလို့ ဆန္ဒပြုပါတယ်။ အားလုံးက စီနီယာအစ်ကို၊ အစ်မတွေဖြစ်တဲ့အတွက်   ဘယ်သူရရ ပျော်မှာပါ။    ။