ပန်းချီကားများ ဝယ်ယူစုဆောင်းသူများလာ

ပန်းချီကားများကို ဝယ်ယူစုဆောင်းသူ   များလာခြင်းကြောင့် ပြည်တွင်းဈေးကွက် အတွင်း   ပန်းချီကားများ   အနည်းငယ်အဝယ်လိုက်လာကြောင်း   ရန်ကုန်မြို့ရှိ ပန်းချီနှင့်အနုပညာပစ္စည်း အရောင်းဆိုင်ပိုင်ရှင်များထံမှ သိရသည်။

''အခုနောက်ပိုင်းတော့ ပြည်တွင်းဝယ်လက်တွေ အဝယ်နည်းနည်း လိုက်လာတယ်။

ဒါကလည်း   အခုလို   ပန်းချီအပါအဝင် အနုပညာလက်ရာတွေကို တန်ဖိုးထားပြီး စုဆောင်းသူတွေ များလာတာကြောင့်ဖြစ်တယ်လို့ မြင်မိပါတယ်''ဟု ပန်းချီဆရာ ဦးမြင့်ဦးကပြောသည်။

ပန်းချီဈေးကွက်မှာ ယခင်က နိုင်ငံခြား ခရီးသွားဧည့်သည်များ အပေါ် မှီခိုနေရသော အခြေအနေဖြစ်သော်လည်း ပြည်ပခရီးသွား ဝင်ရောက်မှုမရှိသည့် ယခုကာလတွင် ပြည်တွင်းဝယ်လက်များ ဝယ်ယူလာကြခြင်းကြောင့် အရောင်းအဝယ် အနည်းငယ် ပြန်ဖြစ်လာခြင်းဖြစ်သည်။

ယခင်က  နိုင်ငံခြားခရီးသွား ဧည့်သည်များကို  ရောင်းချရာတွင်  အမေရိကန်ဒေါ်လာ ၅ဝ ကျော်မှ ၄ဝဝ ဝန်းကျင်အထိ ဈေးနှုန်းအသီးသီးဖြင့်  ရောင်းချပြီး  ပြည်တွင်းဝယ်လက်များမှာ ငွေကျပ် သိန်းဂဏန်း အောက်တန်ကြေးရှိသော ပန်းချီကားများကို အများဆုံးဝယ်ယူကြကြောင်း၊ တချို့မှာ ငွေကျပ် နှစ်သိန်းမှ သုံးသိန်းကြားရှိသော ပန်းချီကားများကို ဝယ်ယူကြကြောင်း သိရသည်။