ဘုရင်ချား(စ်) ၃ က နန်းတက်ပွဲ ကျင်းပပြီး ဗြိတိန်နန်းဆက်ကို တရားဝင်ဆက်ခံ

ဘုရင်ချား(စ်) ၃ က နန်းတက်ပွဲ ကျင်းပပြီး ဗြိတိန်နန်းဆက်ကို တရားဝင်ဆက်ခံ

    ဗြိတိန်ဘုရင်ချား(စ်) ၃ က မေ ၆ ရက်တွင် ဝက်စမင်စတာ ဘုန်းကြီးကျောင်း၌ နန်းတက်ပွဲ ကျင်းပပြီး ဗြိတိန်နန်းဆက်ကို  တရားဝင် ဆက်ခံလိုက်ကြောင်း သိရသည်။ အဆိုပါနန်းတက်ပွဲသည် ၁၉၅၃ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၇၀ အတွင်း ဗြိတိန်နိုင်ငံအတွက် ပထမဆုံး နန်းတက်ပွဲဖြစ်သည်။

နန်းတက်ပွဲသည် အချိန်အားဖြင့် နှစ်နာရီခန့်ကြာမြင့်ပြီး ဘုရင်အဖြစ် အသိအမှတ်ပြုခြင်း၊ ကတိသစ္စာပြုခြင်း၊ ဘိသိက်မြှောက်ခြင်း၊ ရာထူးအပ်နှင်းခြင်းနှင့် သရဖူဆောင်းခြင်း အစီအစဉ်တို့ပါဝင်ကာ ယင်းနောက်တွင် နန်းတင်ခြင်းနှင့် ဂါရဝပြုခြင်းအစီအစဉ်တို့ကို  ဆက်လက်ဆောင်ရွက်ခြင်းဖြစ်သည်။

အသက် ၇၄ နှစ်ရှိပြီဖြစ်သည့် ဘုရင် ချား(စ်) ၃ သည် ၎င်း၏မိခင် အဲလိဇဘတ် ၂ နတ်ရွာစံ သွားပြီးနောက် ယမန်နှစ် စက်တင်ဘာလတွင် ထီးနန်းကို ဆက်ခံခဲ့ခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် မိဖုရားကမ်မဲလာကို မိဖုရားအဖြစ် ဘိသိက်မြှောက်သည့် အစီအစဉ်နှင့်မိဖုရားမယ်ရီ၏ သရဖူကိုဆောင်းခြင်း အစီအစဉ်ကို ဆက်လက်ကျင်းပသည်။

ယင်းနောက်တွင်  ဘုရင်အသစ်နှင့် မိဖုရားအသစ်တို့ကို တော်ဝင်လေတပ်မှ ရဟတ်ယာဉ်အုပ်က ပျံသန်းအလေးပြုပြီး ဘုရင်၊ မိဖုရားနှင့် တော်ဝင်မိသားစုများက ဘက်ကင်ဟမ်နန်းတော် လသာဆောင်မှနေ၍ တိုင်းသူပြည်သူများကို  လက်ဝှေ့ယမ်း နှုတ်ဆက်မှုပြုလုပ်ခြင်းဖြင့် အခမ်းအနားကို   အဆုံးသတ်လိုက်ကြောင်း   သိရသည်။