ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်လာနိုင်သည့် ခန့်မှန်းချက် သတင်းများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဖြေကြားချက်

ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်လာနိုင်သည့် ခန့်မှန်းချက် သတင်းများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဖြေကြားချက်

နေပြည်တော်  မေ 

    ဘင်္ဂလားပင်လယ်အော်မှာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်လာနိုင်သည့် ခန့်မှန်းချက်သတင်းများ ထွက်ပေါ်လာမှုနဲ့ ပတ်သက်ပြီး အခုအချိန်မှာ အချို့သော သတင်းမီဒီယာများက နာဂစ်မုန်တိုင်းကဲ့သို့ ပြင်းထန်မယ်ဆိုပြီး ပြောကြားလျက် ရှိနေပါသည်။ ပြည်သူလူထုအနေနဲ့ အဆိုပါသတင်းများကိုကြည့်ရှုပြီး စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်လျက်ရှိနေပါတယ်။ ဒါကြောင့် မုန်တိုင်းရဲ့ လက်ရှိအခြေအနေနဲ့ အစိုးရရဲ့စီမံဆောင်ရွက် ထားမှုများနှင့် ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့ရာ အခုလိုဖြေကြားထားပါတယ်-

    ပထမဆုံးအနေနဲ့ သဘာဝ ဘေးအန္တရာယ် အခြေအနေ၊ မြန်မာနိုင်ငံကို  ဆိုင်ကလုန်းမုန်တိုင်းရောက်ခဲ့မှု အခြေအနေ ဒီဟာတွေပြီးရင်တော့ နိုင်ငံတော်အစိုးရ အနေနဲ့ လုပ်ဆောင်ချက်တွေ၊ ပြည်သူလူထုကို အသိပေးချင်တာလေးတွ ေဖြေကြားပေးပါမယ်။

ကမ္ဘာမှာတော့ သဘာဝဘေးအန္တရာယ် ကျရောက်မှုက တစ်နှစ်ထက်တစ်နှစ်တော့ ပိုများလာတာရှိပါတယ်။ ၁၉၈၀ မတိုင်ခင် တုန်းကတော့ ပျမ်းမျှတစ်နှစ်ကို ခန့်မှန်းအကြိမ် ၆၀ လောက်ဖြစ်တယ်လို့ ထုတ်ပြန်ထားတာတွေ ရှိပါတယ်။ ၂၀၀၅ ခုနှစ်မှာကတော့ တစ်နှစ်ကို ၂၄၀ ကြိမ် သုံးဆလောက် ဖြစ်တယ်။  ၂၀၁၅ မှာကတော့ ၅၄၇ ကြိမ်ဖြစ်လာတယ်ဆိုတာ တွေ့ရပါတယ်။ သဘာဝ ဘေးအန္တရာယ်ဆိုတာလည်း  ကြိုတင်ပြီး ချိန်းဆိုထားတဲ့ အရာမဟုတ်တော့  ဘယ်လိုပဲ တိုးတက်ခေတ်မီတဲ့ ကိရိယာတွေ  အသုံးပြုပြု အသေးစိတ်တိကျစွာ  ခန့်မှန်းတွက်ချက်ဖို့ ခက်ပါတယ်။  ဒါကြောင့်မို့ အရေးကြီးတာက သဘာဝဘေးအန္တရာယ်ကို ကာကွယ်တာ၊ ပြန်လည်ထူထောင်တဲ့နေရာမှာ  လျင်လျင်မြန်မြန် ပြန်လည်တုံ့ပြန်နိုင်တဲ့ စွမ်းရည် ပိုပြီး အဓိကကျပါတယ်။  မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး အခုဖြစ်ပေါ်နေတဲ့   ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်လာနိုင်တဲ့ သတင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံမှာ မေလအတွင်းမှာ ဆိုင်ကလုန်း မုန်တိုင်းဖြစ်ပေါ်ခဲ့မှု  ၁၄  ကြိမ်ရှိပါတယ်။

၁၉၆၈ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိပါ။ အပြင်းထန်ဆုံးက ၁၉၉၄ ခုနှစ်မှာ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ မုန်တိုင်းလေတိုက်နှုန်း ၁၄၅ မိုင် လောက်ရှိပါတယ်။ ၂၀၀၈  ခုနှစ် ဧရာဝတီတိုင်းမှာ ဖြစ်ခဲ့တဲ့    ဆိုင်ကလုန်းမုန်တိုင်း လေတိုက်နှုန်း ၁၄၅ မိုင်ရှိပါတယ်။ လက်ရှိ မုန်တိုင်း အခြေအနေနှင့်   ပတ်သက်ပြီး နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင် အလေးထားပြီး စောင့်ကြည့် ဆောင်ရွက်လျက်ရှိပါတယ်။

ဒီနေရာတွေမှာ ခုနကပြောခဲ့သလို ခန့်မှန်း တွက်ချက်မှုတွေပဲ ရှိပါတယ်။ ခန့်မှန်းတွက်ချက်မှု လုပ်တဲ့နေရာမှာ   စံထားသုံးခုနှင့် ဆောင်ရွက်ပါတယ်။ တစ်ခုကတော့ Global Forecasting Models (GFS)   ဒေတာတွေနဲ့ လုပ်တယ်။ နောက်တစ်ခုကတော့ European Center For Medium-range Weather Forecast(ECMWF)ဒေတာနဲ့ ခန့်မှန်းထားတာရှိတယ်။ ပြီးရင် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့  မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက Global  Forecasting  Models(GFS)  နဲ့  လုပ်ထားတာရှိပါတယ်။ အဲ့လိုဆောင်ရွက်တဲ့နေရာမှာ  ခန့်မှန်းချက်တွေ အရတော့  ဘင်္ဂလား ပင်လယ်အော်အတွင်းမှာ မေ ၈ ရက်လောက်မှာ လေဖိအားနည်း ရပ်ဝန်းဖြစ်နိုင်တယ်။

အဆိုပါလေဖိအားနည်း ရပ်ဝန်းက  အားကောင်းပြီး ၉ ရက်လောက်မှာ   မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိပြီး မြောက်ဘက်ကို ရောက်ရှိပြီး ရွေ့လျားနိုင်တယ်လို့ ခန့်မှန်းထားတာရှိပါတယ်။ ဒီလိုခန့်မှန်းတဲ့ နေရာမှာလည်း သုံးခုကို  GFS   ဒေတာကို ခန့်မှန်းထားတာကတော့ ၁၂ ရက် ညပိုင်း ၆ နာရီကျော်ကျော် လောက်မှာ  ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးမှာ အနီးကနေဖြတ်နိုင်တယ်လို့ ခန့်မှန်းပြီး  European  Center၏ ခန့်မှန်းချက်ကတော့ ၁၄ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ ရခိုင်ပြည်နယ် စစ်တွေနှင့်ကျောက်ဖြူကြား ဖြတ်နိုင်တယ်ဆိုပြီး ခန့်မှန်းပါတယ်။ မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကတော့ GFSနဲ့ ခန့်မှန်းတာကတော့ ၁၅ ရက်  မနက်ပိုင်းလောက်မှာ ရခိုင်ပြည်နယ် စစ်တွေအနီး ဖြတ်ကျော်နိုင်တယ်ဆိုပြီးတော့မှ ခန့်မှန်းထားတာ ရှိပါတယ်။ ဒါတွေကို သုံးသပ်ကြည့်တော့ လမ်းကြောင်းနှစ်ခု  တွေ့ရပါတယ်။

၁ ကတော့ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်နှင့် ကွမ်းခြံကုန်း  မြို့နယ်ကနေပြီး ကုန်းတွင်းမုန်တိုင်းအဖြစ် ဝင်ရောက်နိုင်ပြီး  လမ်းကြောင်း ၂ ကတော့ရခိုင်ပြည်နယ်ဖြတ်ပြီး စစ်တွေနှင့် ကျောက်ဖြူကြားမှာ    ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ရောက်နိုင်တာတစ်ခု ခန့်မှန်းထားကြောင်း ဒါတွေကတော့ ခန့်မှန်းချက်ဖြစ်ပြီး ဒါထက်ပိုပြီး တိကျစွာသိဖို့ကတော့ မုန်တိုင်းငယ်အဖြစ် ကူးပြောင်းပြီး လမ်းကြောင်းကို ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။ အကြမ်းဖျင်း ခန့်မှန်းချက်ကတော့ မြန်မာနိုင်ငံအတွင်းကို မေ ၁၃ ရက်နှင့် ၁၄ ရက်လောက်မှာ မုန်တိုင်းဝင်ရောက် လာနိုင်တယ်လို့  အကြမ်းဖျင်းခန့်မှန်းပါတယ်။လေဖိအားနည်းရပ်ဝန်းကနေ မုန်တိုင်းငယ်ဖြစ်မလာသေးဘူးပေါ့။ သွားတဲ့လမ်းကြောင်းတွေကြည့်ပြီး  တိကျစွာ ခန့်မှန်းနိုင်မှာဖြစ်ပါ

တယ်။  ခန့်မှန်းချက်အားလုံးကတော့ တိုင်းထွာတဲ့အချိန်ရယ် အသုံးပြုတဲ့ပုံစံနဲ့  အသုံးပြုတဲ့ ဒေတာတွေပေါ်မှာမူတည်ပြီး အမျိုးမျိုးပြောင်းလဲ နိုင်ပါသေးတယ်။  မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနအနေနဲ့   အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးမှာဖြစ်ပါတယ်။

မုန်တိုင်းဖြစ်လာပြီဆိုရင်လည်း   မုန်တိုင်းအဆင့် သတ်မှတ်ချက်တွေဖြစ်တဲ့ အဝါရောင်အဆင့်၊ လိမ္မော်ရောင်အဆင့်၊ အညိုရောင်အဆင့်၊ အစိမ်းရောင်အဆင့် ဒါတွေနဲ့ အချိန်မီ ပြည်သူများသိအောင်   ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။ အဝါရောင် အဆင့်ကတော့ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင် မှာ မုန်တိုင်းစတင်နေပြီဆိုတဲ့ အဆင့်မျိုး၊ လိမ္မော်ရောင် အဆင့်ဆိုရင် စတင်ပြီးတော့ ခန့်မှန်းချက်တွေအရ မြန်မာ့ကမ်းရိုးတန်းကို ဦးတည်နေပြီး အနီရောင်အဆင့် ဆိုရင်ဖြင့် မုန်တိုင်း မြန်မာ့ကမ်းရိုးတန်းကို ဝင်ရောက်ဖို့ နီးကပ်နေတဲ့အချိန်၊ အညိုရောင်အဆင့်ကတော့ မြန်မာ့ကမ်းရိုးတန်း ဖြတ်ကျော်နေတဲ့အချိန်၊ အစိမ်းရောင်အဆင့်ကတော့ ကုန်းတွင်းပိုင်း ဝင်ရောက်အားပျော့တဲ့အချိန်  ဒါတွေကို  အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။

အခုချိန်မှာ  အလေးထားပြီး ပြောရမယ်ဆိုရင် မုန်တိုင်းငယ်အဖြစ် မရောက်သေးပါဘူး။

လေဖိအားနည်းရပ်ဝန်း အဆင့်ရှိပါသေးတယ်။ ခန့်မှန်းတွက်ချက်မှုပဲဖြစ်ပါတယ်။  ဒါပေမဲ့ပေါ့ဆလို့မရပါဘူး။ နိုင်ငံပိုင် မီဒီယာများဖြစ်တဲ့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ နိုင်ငံပိုင် Radio FM မှ တစ်ဆင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့  ကြေညာချက်တွေ၊ မုန်တိုင်း သတိပေးချက်တွေကိုလည်း  ကြေညာပေးနေပါတယ်။ ဒါ့အပြင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနအနေနဲ့ ဆက်သွယ်ရေး အော်ပရေတာမှ တစ်ဆင့် ပြည်သူလူထု ကိုင်တဲ့ဖုန်းထဲကို SMS တွေပေးပို့ပြီး သတိပေးလျက်ရှိပါတယ်။ အခြားမီဒီယာတွေကလည်း ထုတ်လွှင့်နေတာရှိပါတယ်။ ကျွန်တော်ပြောချင်တာက ခန့်မှန်းတွက်ချက်မှုတွေဖြစ်ပြီး စိုးရိမ်မှုလွန်ကဲမှု မလိုအပ်သလို ပေါ့လျော့လို့လည်း မရပါဘူး။  နိုင်ငံတော်အစိုးရရဲ့ လုပ်ဆောင်ချက်အနေနဲ့ကတော့ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေနဲ့ မုန်တိုင်းအခြေအနေနှင့် ပတ်သက်ပြီး မျက်ခြည်မပြတ် စောင့်ကြည့်ပြီး အလေးထား ဆောင်ရွက်လျက်ရှိပါတယ်။  ဝန်ကြီးချုပ်ညွှန်ကြားချက်နှင့်မနေ့ကပဲ  သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှု ကော်မတီအရေးပေါ် အစည်းအဝေးကို  ကော်မတီဥက္ကဋ္ဌ  ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ဦးစီးပြီး ဆောင်ရွက်ခဲ့ပါတယ်။  အဓိကအချက် လေးချက်ဆွေးနွေးခဲ့ပြီး တစ်ကတော့ မုန်တိုင်းဝင်လာမည်ဆိုရင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အခုကတိုင် ကြိုတင်ပြင်ဖို့ဆောင်ရွက်ခဲ့ပါတယ်။  အဆိုပါ အစည်းအဝေးမှာ မုန်တိုင်းဝင်လာလျှင် အရေးတကြီးပစ္စည်းတွေ ဖြစ်တဲ့ ဆက်သွယ်ရေးစက်၊ ကယ်ဆယ်ရေး ပစ္စည်းတွေကို ဖြန့်ခွဲပြီးပို့ဖို့ အခုကတည်းကတိုင် ညွှန်ကြားလိုက်ပြီးဖြစ်ပါတယ်။ ဆောင်ရွက်နေပြီလည်းဖြစ်ပါတယ်။ ပြည်သူတွေသဘာဝ ဘေးအန္တရာယ်ကနေ အဆုံးအရှုံးအနည်းဆုံးနဲ့ ကျော်လွှားနိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သုံးအချက်အနေနဲ့ကတော့ မုန်တိုင်းက အခြားနေရာကို လမ်းကြောင်းပြောင်းသွားရင်လည်း ကြိုတင်ပြင်ဆင်ခြင်းက  လေ့ကျင့် ခြင်း   အကျိုးကျေးဇူး ရရှိမှာဖြစ်ပါတယ်။

လေးအချက်အနေနဲ့ကတော့ တစ်နိုင်ငံလုံး အတိုင်းအတာအရ အမျိုးသားအဆင့် တုံ့ပြန်ဆောင်ရွက်ခြင်းတွေ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် တုံ့ပြန်ဆောင်ရွက်ခြင်းတွေ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။  အလားတူပါပဲ အမျိုးသားသဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှု ကော်မတီရဲ့ အောက်မှာ လုပ်ငန်းကော်မတီ ၁၂ ခုရှိပါတယ်။

ဥပမာ ရှာဖွေကယ်ဆယ်ရေး ဆပ်ကော်မတီ၊ ပို့ဆောင်ဆက်သွယ်ရေး ဆပ်ကော်မတီ၊ ကျန်းမာရေး ဆပ်ကော်မတီ၊ ပြန်လည်ထူထောင်ရေး ဆပ်ကော်မတီ၊ လုပ်ငန်းကော်မတီအသီးသီးကလည်း လုပ်ငန်းများကိုဆောင်ရွက်နေပြီဖြစ်ပါတယ်။ ကြိုတင်ပြင်ဆင်မှုထိခိုက် ခံရနိုင်ခြေများတဲ့ နေရာတွေကို ဧရာဝတီတိုင်းမှာဆိုရင် ဘေးဒဏ်ခံနားခိုတဲ့   အဆောက်အအုံတွေ၊ ဆိုင်ကလုန်း Shelter ၄၇ ခု၊ ဘေးဒဏ်ခံ အဆောက်အဦ တည်ဆောက်ပြီး  ၁၁၈ ခု၊ တည်ဆောက်ဆဲ ၁၇ ခုရှိပါတယ်။ ကယ်ဆယ်ရေးပစ္စည်းများကိုလည်း  စုပုံထားပြီးဖြစ်ပါတယ်။ ကယ်ဆယ်ရေးပစ္စည်း သိုလှောင်တဲ့တိုင်းအဆင့်မှာ တစ်ခု၊  ခရိုင်အဆင့်မှာ ခြောက်ခု၊  မြို့နယ်အဆင့်မှာ ခြောက်ခုမှာ  အိမ်ထောင်စု ခြောက်ထောင်အတွက် ကယ်ဆယ်ရေးပစ္စည်းများ အသုံးပြုရမည့်ကယ်ဆယ်ရေး ပစ္စည်းများကို ဖြန့်ခွဲထားပြီးဖြစ်ပါတယ်။ ကယ်ဆယ်ရေးပစ္စည်းတွေမှာ သူ့ကိုယ်တာအလိုက်ပါပါတယ်။

ဝတ်ဖို့စားဖို့ လုံချည် ထဘီကအစ စောင်ထူနဲ့ ခြင်ထောင်တွေကအစ ချက်ပြုတ်စားသောက်ဖို့အတွက် ဒန်အိုးဇလုံဒါတွေကအစ  မိုးရေခံ တာပေါ်လင်စများကို  ခန့်မှန်းတွက်ချက်၍  စုပုံထားပြီးဖြစ်ပါတယ်။  ရှာဖွေကယ်ဆယ်ရေး အရေးပေါ်သုံး ပစ္စည်းတွေအနေနဲ့  ဖိုက်ဘာစက်လှေ  ၅၉  စင်း၊ အသက်ကယ်အင်္ကျီ ၂၅၀၀ ထည်ခန့်နှင့် အသက်ကယ်ဘောကွင်း၊ ရေစုပ်စက်၊ ရေစုပ်ပိုက်တို့ကိုလည်း ဖြန့်ခွဲ ထားပြီးဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး မှာဆိုရင်  ကျောက်တန်း၊  ကွမ်းခြံကုန်း၊ ကော့မှူး၊ ခရမ်းသုံးခွမြို့နယ်များ၊ မြစ်ဝကျွန်းပေါ်နှင့် နီးသောနေရာများ၊ ကမ်းရိုးတန်းနှင့် နီးသောနေရာများမှာ ဆိုင်ကလုန်း Shelterအပါအဝင် နားခိုစရာ အဆောက်အဦကိုးလုံးတည်ဆောက်ပြီးဖြစ်ပါတယ်။    ပြီးလျှင် အိမ်ထောင်စုငါးထောင် အတွက် ထောက်ပံ့ရေးပစ္စည်းများ စုပုံထားပြီးဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ နားခိုရာအဆောက်အဦ တည်ဆောက်ပြီး ၅၄ လုံးနှင့် တည်ဆောက်ဆဲ ခြောက်လုံးဖြစ်ပါတယ်။ ကျောက်ဖြူ၊ မာန်အောင်၊ စစ်တွေ၊ ပေါက်တော၊ တောင်ကုတ်၊ ဂွမြို့တွေမှာရှိပါတယ်။ သိုလှောင်ထားသည့်ပစ္စည်းများ   ပြည်နယ်အဆင့် တစ်ခု၊ ခရိုင်အဆင့် ငါးခု၊  မြို့နယ်အဆင့်သုံးခု၊ အိမ်ထောင်စု ကိုးထောင်ခန့်အတွက် ထောက်ပံ့မည့်ပစ္စည်းများ အသင့်ရှိပြီးဖြစ်ပါတယ်။

အရေးပေါ်သုံးမည့်  ဖိုက်ဘာစက်လှေ ၃၃ စင်း၊ အသက်ကယ်အင်္ကျီ ၅၀၀၀ ကျော်၊ ရေစုပ်စက်၊     ရေစုပ်ပိုက်များကိုလည်း လုပ်ဆောင်ထားပြီး ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့်  မုန်တိုင်းဒဏ်ခံ အဆောက်အအုံ၊ သဘာဝဘေးအန္တရာယ်ဖြစ် လျှင်ခိုနားဖို့အတွက် အဆောက်အအုံ ၁၄၃ လုံးရှိပြီးဖြစ်ပါတယ်။ ၎င်းင်းအပြင် မနက်ဖြန်မေလ ၈ ရက်နေ့မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပန်လည်နေရာချထားရေး ဝန်ကြီးဌာနမှာ ဆိုင်ကလုန်းမုန်တိုင်းနှင့်    ပတ်သက်ပြီး အနီးကပ်စောင့်ကြည့်နိုင်ဖို့ လျင်မြန်စွာ တုံ့ပြန်နိုင်ဖို့အတွက်   Disaster Mana-gement Center ဖွင့်လှစ်ပြီး စောင့်ကြည့် သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် တပ်မတော်ပိုင်းအနေဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်ရင်းတပ်ဖွဲ့များကို သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အမိန့်စောင့်စရာမလိုဘဲ ပြည်သူလူထုကို အမြန်ဆုံး ကူညီရမယ်ဆိုပြီး ညွှန်ကြားပြီးဖြစ်ပါတယ်။  သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌကိုယ်တိုင်ဦးစီးပြီး လုပ်ငန်းကော်မတီကို  ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊လေ)က  ဦးစီးဆောင်ရွက်လျက်ရှိတယ်။ တပ်မတော်အဆင့် အနေဖြင့် သဘာဝဘေးအန္တရာယ် တုံ့ပြန်ကာကွယ်ရေး အတွက် လိုအပ်တဲ့ညှိနှိုင်း ဆောင်ရွက်မှုများ ညှိနှိုင်း ဆောင်ရွက်လျက်ရှိတယ်။ တိုင်းစစ်ဌာနချုပ် အဆင့်၊ ဒေသအဆင့်အနေဖြင့် ဆောင်ရွက်ပြီးဖြစ်ပါတယ်။ နောက်ဆုံးအပိုင်း အနေဖြင့် ပြည်သူလူထုကို   အသိပေးချင်တာက နိုင်ငံပိုင်မီဒီယာတွေမှ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်လွှင့်တာတွေကို အလေးထားနားထောင် လိုက်နာဖို့ အကြံ ပြုလိုပါတယ်။ ဒါ့အပြင်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေး အဖွဲ့အသီးသီးက မုန်တိုင်းကျရောက်စဉ် လုပ်ဆောင်ရမည့် အချက်များ၊ ရှောင်ရှားရမည့် အကြံပြုချက်များကို ထုတ်ပြန်လျက်ရှိတယ်။ ပြည်သူများက လိုက်နာဆောင်ရွက် ဖို့လိုပါတယ်။ လေဖိအားနည်းရပ်ဝန်း အဆင့် ခန့်မှန်းချက်များဖြစ်တယ်။ သတိထားရမှာဖြစ်တယ်။ စိုးရိမ်မှုလွန်ကဲဖို့ မလိုပါဘူး။ မုန်တိုင်း စတင်ဖြစ်ပေါ်လာပြီဆိုရင်    အရောင်နဲ့ သတိပေးတဲ့ စနစ်တွေစတင်မှာဖြစ်ပါတယ်။

အဝါရောင်ဆိုရင်  ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်မှာ   မုန်တိုင်းစနေပြီ။

အခြေအနေကို သတိထားဖို့လိုမှာ  ဖြစ်ပါ တယ်။  နိုင်ငံပိုင်သတင်း မီဒီယာတွေရဲ့ ထုတ်လွှင့်ချက်တွေကို သတိထား နားဆင်ဖို့ ဖြစ်ပါတယ်။ ဒီအဆင့်ကနေ မြန်မာ့ကမ်းရိုး တန်းကိုဦးတည်နေပြီး မုန်တိုင်းက မိမိနေထိုင်ရာကို ဦးတည်ရွေ့လျားနေပြီဆိုရင် လိမ္မော်ရောင် အဆင့်ထုတ်ပြန်မှာဖြစ်ပါတယ်။ ဒီအချိန်မှာ ပိုပြီးအထူးသတိထား စောင့်ကြည့်နားထောင်ဖို့လိုပါတယ်။ ဒီမုန်တိုင်းက မြန်မာ့ကမ်းရိုး တန်းကို ၁၂ နာရီအကြာလောက်မှာ ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းပြီဆိုရင် အန္တရာယ် ရှိပြီး အနီရောင်အဆင့် ထုတ်ပြန်မှာဖြစ်ပါတယ်။ စိတ်ချရတဲ့နေရာတွေကို ပြောင်းရွှေ့ နေထိုင်ရမှာဖြစ်ပါတယ်။ တိုင်းဒေသကြီး အစိုးရတွေ၊ မြို့နယ်/ခရိုင်အဆင့် အုပ်ချုပ် ရေးအဖွဲ့တွေ  အမျိုးသား သဘာဝဘေး အန္တရာယ်တုံ့ပြန်ရေး အဖွဲ့တွေက အချိန်မီ တုံ့ပြန်သွားမှာဖြစ်ပြီး အညိုရောင်အဆင့် မုန်တိုင်းတိုက်ခတ်နေတဲ့ အဆင့်မှာလည်း

လုံခြုံစိတ်ချရတဲ့ အချိန်မှာ ခိုလှုံဖို့ဖြစ်ပါတယ်။  ပြီးမှ   ထုတ်ပြန်ချက်တွေအရ  အားပျော့ပျက်ပြယ်သွားပြီဆိုမှ စိတ်ချရတဲ့ နေရာတွေ မိမိနေရာများကို ပြောင်းရွှေ့ နေထိုင်နိုင်မှာဖြစ်ပါတယ်။ ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန အဖွဲ့တွေက    မုန်တိုင်းနှင့် ပတ်သက်ပြီး ထုတ်ပြန်ချက်တွေ၊ အသေးစိတ် အသိပေးချက်တွေကို လုပ်ထားပါတယ်။ ဥပမာဆိုရင် မုန်တိုင်းတိုက်ခတ်နေစဉ်  မုန်တိုင်းဗဟို ဖြတ်နေစဉ်မှာ လေငြိမ်သွားမှာပဲ။ ပြီးရင်တော့ ဆန့်ကျင်ဘက်မှ ပိုပြီး လေတိုက်ခတ်လာနိုင်တဲ့ အတွက် လေငြိမ်သွားပြီဆိုပြီး အသေးစိတ်ထုတ်ပြန်ချက်ကအစ ဆောင်ရွက်ထားပါတယ်။ ဒါတွေကိုလည်း လိုက်နာကြဖို့၊   ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။ ပြီးရင်တော့ ကောလာဟလတွေကိုမယုံကြည်ကြဖို့နဲ့ တရားဝင် သတင်းမီဒီယာတွေရဲ့ သတင်းကို  နားစွင့်ဖို့လိုတယ်လို့  ပြောချင်ပါတယ်။  နိဂုံးချုပ်အနေနဲ့ကတော့    နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အနေနဲ့က အားလုံးညွှန်ကြားပြီးဖြစ်ပြီး လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိပါဘူး။ အစိုးရအနေနဲ့ မုန်တိုင်းသတင်း နှင့်ပတ်သက်ပြီး   အလေးအနက်ထား စောင့်ကြည့်လျက်ရှိပါတယ်။ ဝန်ကြီးချုပ်ကိုယ်တိုင် ဦးစီးဆောင်ရွက်လျက် ရှိပါတယ်။

အလေးအနက်ထား ဆောင်ရွက်လျက်  ရှိပါတယ်။ ပြည်သူများအနေနဲ့ အုပ်ချုပ်ရေး၊ စေတနာရှင်အဖွဲ့ အသီးသီးနဲ့ပူးပေါင်းပြီး ဖြတ်ကျော်ရမှာဖြစ်ပါတယ်။ အစိုးရအနေနဲ့ကတော့  ပြည်သူများ  သဘာဝဘေးအန္တရာယ်ကနေ အဆုံးအရှုံး အနည်းဆုံးနဲ့ ကျော်လွှားနိုင်စေရေးကို  အခုချိန်ကစပြီး အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားချင်ပါတယ်။  ။