မြန်မာအသင်း အိမ်ရှင်ကမ္ဘောဒီးယား အသင်းကို အနိုင်ယူပြီး အုပ်စုဒုတိယဖြင့် ဆီမီးတက်ရန် အခြေအနေကောင်း

မြန်မာအသင်း အိမ်ရှင်ကမ္ဘောဒီးယား အသင်းကို အနိုင်ယူပြီး အုပ်စုဒုတိယဖြင့် ဆီမီးတက်ရန် အခြေအနေကောင်း

ရန်ကုန်  မေ  ၇

(၃၂)ကြိမ်မြောက် ဆီးဂိမ်း အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု (က) စတုတ္ထနေ့ကို ယနေ့တွင် ဆက်လက်ကျင်းပရာ မြန်မာအသင်းနိုင်ပွဲရပြီး ဆီမီးဖိုင်နယ် တက်ရောက်ရန် အခြေအနေ ကောင်းသွားခဲ့သည်။

မြန်မာအသင်းသည် အိမ်ရှင်ကမ္ဘော ဒီးယား အသင်းနှင့် ယှဉ်ပြိုင်ကစားရာ နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ဆီမီးဖိုင်နယ် တက်ရောက်ရေး အရေးပါသည့်ပွဲတွင် နိုင်ပွဲရယူနိုင်ခဲ့သည့် မြန်မာအသင်းသည် နောက်တစ်ဆင့်တက်ရန် အခြေအနေကောင်း သွားခဲ့သည်။ မြန်မာအသင်းသည် အင်ဒိုနီးရှား အသင်းကို ဂိုးပြတ်အရေးနိမ့်ခဲ့သည့်ပွဲမှ အမှားများ၊ အားနည်းချက်များကို ပြင်ဆင်နိုင်ခဲ့သဖြင့် ယခုပွဲတွင် ပထမပိုင်း သွင်းဂိုးများဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်း၏ ပွဲထွက်လူစာရင်းတွင် ပြည့်ဖြိုးသူ(ဂိုး)၊ ဉာဏ်လင်းထက်၊ သက်ဟိန်း စိုး၊   လတ်ဝေဘုန်း၊  ကောင်းထက်ပိုင်၊ ရန်ကျော်စိုး၊ ဇော်ဝင်းသိန်း၊   ဥက္ကာနိုင်၊ ဟိန်းထက်အောင်၊ ခွန်ကျော်ဇင်ဟိန်း၊ အာကာကျော်တို့ဖြင့်   ပွဲထွက်ခဲ့သည်။

နှစ်သင်းစလုံး ပွဲစကတည်းက တိုက်စစ်ဖွင့် ကစားခဲ့ပြီး အိမ်ရှင်ကမ္ဘောဒီးယား ခံစစ်မှာ အမှားများခဲ့သဖြင့် မြန်မာအသင်း အခွင့်အရေးများ ရခဲ့သည်။ ၁၂ မိနစ်တွင် မြန်မာအသင်း အဖွင့်ဂိုးရခဲ့ပြီး ဟိန်းထက်အောင်က ပယ်နယ်တီဧရိယာထိပ်မှ ကန်သွင်းခဲ့ခြင်း ဖြစ်သည်။ ဂိုးစတင်ရရှိခဲ့သဖြင့် မြန်မာအသင်း အားတက်သွားပြီး ၃၈ မိနစ်တွင် ထောင့် ကန်ဘောမှတစ်ဆင့် နောက်ခံလူ သက်ဟိန်း စိုးက မြေမကျ ကန်သွင်းခဲ့သဖြင့် ဒုတိယဂိုး ထပ်မံရရှိခဲ့သည်။ ဒုတိယပိုင်းတွင် အိမ်ရှင် ကမ္ဘောဒီးယားအသင်းက ချေပဂိုးရရန် ဆက်တိုက်ကြိုးပမ်း ခဲ့သော်လည်း မြန်မာအသင်း ခံစစ်အမှားအယွင်းမရှိ ကစားနိုင်ခဲ့ပြီး အမှတ်ပြည့် ရယူနိုင်ခဲ့သည်။

ပထမပွဲတွင် အင်ဒိုနီးရှားအသင်းက တီမောအသင်းကို သုံးဂိုးပြတ် အနိုင်ရခဲ့သည်။ ယခုပွဲအပြီးတွင် အုပ်စု (က) ၌ အင်ဒိုနီးရှား အသင်းက သုံးပွဲနိုင်၊ ရမှတ်ကိုးမှတ်ဖြင့် ဆီမီးဖိုင်နယ် တက်ရောက်ရန် သေချာသွားခဲ့ပြီး မြန်မာအသင်းက သုံးပွဲကစား ခြောက်မှတ်၊ ကမ္ဘောဒီးယားအသင်းက သုံးပွဲကစား လေးမှတ်၊ တီမောအသင်းက ပွဲကုန်လေးပွဲကစား သုံးမှတ်၊ ဖိလစ်ပိုင်အသင်းက သုံးပွဲကစားတစ်မှတ် ရရှိထားသည်။ မြန်မာအသင်းသည် နောက်ဆုံးပွဲအဖြစ် ဖိလစ်ပိုင်အသင်းနှင့် ကစားရမည်ဖြစ်ပြီး အနိုင်ကစားရုံဖြင့် ဆီမီးဖိုင်နယ် တက်ရောက်နိုင်မည်ဖြစ်သည်။