မြန်မာဗိုဗီနမ်အဖွဲ့ ရွှေတစ်ခု၊ ကြေးခုနစ်ခု ထပ်မံဆွတ်ခူး

မြန်မာဗိုဗီနမ်အဖွဲ့ ရွှေတစ်ခု၊ ကြေးခုနစ်ခု ထပ်မံဆွတ်ခူး

ရန်ကုန်  မေ 

(၃၂)ကြိမ်မြောက် ဆီးဂိမ်း ဗိုဗီနမ်ပြိုင်ပွဲ ဒုတိယနေ့ကို မေ ၇ ရက်က ကမ္ဘောဒီးယား နိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာဗိုဗီနမ် အဖွဲ့က ရွှေတစ်ခု၊ ကြေးခုနစ်ခု ထပ်မံ ဆွတ်ခူးရရှိခဲ့သည်။

မြန်မာဗိုဗီနမ်အဖွဲ့အတွက်  တတိယ မြောက်   ရွှေတံဆိပ်ဆုကို  အမျိုးသားနှစ်ယောက်တွဲ အပြပြိုင်ပွဲတွင် မနားကွီးနှင့် တင်ထူးဇော်အတွဲက ရယူပေးခဲ့ခြင်း ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် မြန်မာအတွဲက ရမှတ် ၄၅၀ မှတ်ဖြင့် ရွှေတံဆိပ်ဆုရခဲ့ပြီး ဗီယက်နမ်အတွဲက ရမှတ် ၄၄၆ မှတ်ဖြင့် ငွေတံဆိပ်၊ ကမ္ဘောဒီးယားအတွဲက ရမှတ် ၄၃၉ မှတ်ဖြင့် ကြေးတံဆိပ်ရရှိခဲ့သည်။ မြန်မာဗိုဗီနမ် အဖွဲ့အတွက်  ကြေးတံဆိပ် ဆုများကို  အမျိုးသား  ၆၀  ကီလိုတန်း အတိုက်ပြိုင်ပွဲတွင် အောင်ခန့်ဇော်၊ အမျိုးသား Pair Machete Form ပြိုင်ပွဲတွင် မြန်မာအသင်း၊ အမျိုးသားသုံးယောက်+ အမျိုးသမီးသုံးယောက်တွဲ အပြပြိုင်ပွဲတွင် ဟိန်းထက်အောင်၊  ကျော်သူစိုးအောင်၊ နေလင်းထက်၊ ခိုင်ဇာထွန်း၊ ဖြိုးအိကျော်နှင့် သီတာမင်းအတွဲ၊ အမျိုးသမီး ၆၀ ကီလိုတန်း အတိုက်ပြိုင်ပွဲတွင် နှင်းနန္ဒာဦး၊ အမျိုးသား ဓားအတိုက် နှစ်ယောက်တွဲ အပြပြိုင်ပွဲတွင် ရာဇာထွန်းနှင့် တင်ထူးဇော်အတွဲ၊ အမျိုးသမီး ဓားတစ်လက် အပြပြိုင်ပွဲတွင်  မေဟန်နီအောင်လွင်၊  အမျိုးသမီး တစ်ဦးချင်း လက်သိုင်းအပြပြိုင်ပွဲတွင် မြင့်စန္ဒီကျော်တို့က ရယူပေးခဲ့ခြင်း ဖြစ်သည်။

မြန်မာဗိုဗီနမ်အဖွဲ့ အတွက် မေ ၇ ရက် ပွဲစဉ်များအပြီးတွင် နိုင်ငံအတွက် ရွှေတံဆိပ် သုံးခု၊ ကြေးတံဆိပ် ၁၁ ခု ဆွတ်ခူးရရှိထားပြီး မေ  ၉  ရက်တွင်  ပြိုင်ပွဲများ ဆက်လက် ယှဉ်ပြိုင်မည်ဖြစ်သည်။