ဆီးဂိမ်းဗိုဗီနမ်ပြိုင်ပွဲ တတိယနေ့တွင် မြန်မာဗိုဗီနမ်အဖွဲ့ ရွှေတစ်ခု၊ ငွေနှစ်ခု၊ ကြေးနှစ်ခု ထပ်မံဆွတ်ခူး

ဆီးဂိမ်းဗိုဗီနမ်ပြိုင်ပွဲ တတိယနေ့တွင် မြန်မာဗိုဗီနမ်အဖွဲ့ ရွှေတစ်ခု၊ ငွေနှစ်ခု၊ ကြေးနှစ်ခု ထပ်မံဆွတ်ခူး

ရန်ကုန် မေ ၈

(၃၂)ကြိမ်မြောက် ဆီးဂိမ်းဗိုဗီနမ်ပြိုင်ပွဲ တတိယနေ့ကို ယနေ့တွင်   ဆက်လက် ကျင်းပရာ မြန်မာဗိုဗီနမ်အဖွဲ့ ရွှေတစ်ခု၊ ငွေနှစ်ခု၊ ကြေးနှစ်ခု ထပ်မံဆွတ်ခူးရရှိခဲ့ သည်။

မြန်မာဗိုဗီနမ်အဖွဲ့သည် ပြိုင်ပွဲသုံးရက် ဆက်တိုက် ရွှေတံဆိပ်ဆုရယူနိုင်ခဲ့ပြီး တတိယ နေ့တွင်လည်း ဆုတံဆိပ်ငါးခု ထပ်မံဆွတ်ခူး ခဲ့ခြင်းဖြစ်သည်။ မြန်မာဗိုဗီနမ်အဖွဲ့အတွက် ရွှေတံဆိပ်ဆုကို  အမျိုးသားဓားတစ်လက် အပြပြိုင်ပွဲတွင် အိုက်စိုးလင်းက ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ရမှတ် ၄၄၉ မှတ်ဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲတွင် ဗီယက်နမ် ကစားသမားက ရမှတ် ၄၄၇ မှတ်ဖြင့် ငွေတံဆိပ်၊ ထိုင်းကစား သမားက ရမှတ် ၄၃၇ မှတ်ဖြင့် ကြေးတံဆိပ် ရရှိခဲ့သည်။ မြန်မာဗိုဗီနမ်အဖွဲ့အတွက် ငွေတံဆိပ်ဆုများကို အမျိုးသားတုတ်ရှည် အပြပြိုင်ပွဲတွင် တင်ထူးဇော်၊ အမျိုးသမီး ဓားမောက်အပြပြိုင်ပွဲတွင် အိန္ဒြေဖူး၊ ကြေး တံဆိပ်ဆုများကို အမျိုးသားနှစ်ယောက်တွဲ အပြပြိုင်ပွဲတွင် အောင်ခိုင်လင်းနှင့် ဟိန်းထက်အောင် အတွဲနှင့် အမျိုးသမီး Self-Defence ပြိုင်ပွဲတွင် ချစ်နိုဒီဆောင်းတို့က ရယူပေးခဲ့ခြင်းဖြစ်သည်။

ပြိုင်ပွဲတတိယနေ့ အပြီးတွင် မြန်မာဗိုဗီနမ် အဖွဲ့က ရွှေတံဆိပ်လေးခု၊ ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ် ၁၃ ခု ဆွတ်ခူးရရှိထားသည်။ ဗိုဗီနမ်ပြိုင်ပွဲ နောက်ဆုံးနေ့ကို မေ ၉ ရက် (ယနေ့)တွင် ဆက်လက် ကျင်းပမည်ဖြစ်သည်။