(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ခြင်းလုံးနှင့် ဗိုဗီနမ်အားကစားနည်းများမှ ရွှေတံဆိပ်ဆုတစ်ခုစီ ထပ်မံဆွတ်ခူးရရှိ

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ခြင်းလုံးနှင့် ဗိုဗီနမ်အားကစားနည်းများမှ ရွှေတံဆိပ်ဆုတစ်ခုစီ ထပ်မံဆွတ်ခူးရရှိ

ကမ္ဘောဒီးယား  မေ ၈

ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပလျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ခြင်းလုံး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲပွဲစဉ်များကို မေ ၇ ရက်တွင် ဖနောင်ပင်မြို့ရှိ  Basketball Hall NSTC ၌ ကျင်းပခဲ့ပြီး မြန်မာအသင်းက ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည်။

အမျိုးသမီး Same Stroke Chinlone Event-2  ပြိုင်ပွဲ ပွဲစဉ်တွင် ကမ္ဘောဒီးယား၊ မြန်မာနှင့် လာအိုနိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ ရမှတ် ၂၂၁ မှတ်ဖြင့် ပထမ(ရွှေတံဆိပ်ဆု)၊ ကမ္ဘောဒီးယားနိုင်ငံမှ ဒုတိယ(ငွေတံဆိပ်ဆု)၊ လာအိုနိုင်ငံမှ တတိယ(ကြေးတံဆိပ်ဆု)ကို လည်းကောင်း၊ အမျိုးသား/အမျိုးသမီး Event -2 (Mixed Team  )ပြိုင်ပွဲတွင် ကမ္ဘောဒီးယား၊ မြန်မာ နှင့် လာအိုနိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ ရမှတ် ၁၉၈ မှတ်ဖြင့် ဒုတိယ(ငွေတံဆိပ်ဆု)ကို လည်းကောင်း၊ အမျိုးသား ame Stroke Chinlone Event - 2ပြိုင်ပွဲ ပွဲစဉ်တွင် ကမ္ဘောဒီးယား၊ မြန်မာ၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့ ယှဉ်ပြိုင် ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ ရမှတ် ၁၇၄ မှတ်ဖြင့် တတိယ(ကြေးတံဆိပ်ဆု) ကိုလည်းကောင်း ရရှိခဲ့သည်။

ခြင်းလုံးအားကစားပြိုင်ပွဲများ အပြီးတွင် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက် ကျင်းပရာ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် မြန်မာအားကစား အဖွဲ့ခေါင်းဆောင် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဆုများပေးအပ် ချီးမြှင့်ကြသည်။

ထို့အတူ ဗိုဗီနမ် (အမျိုးသား/အမျိုးသမီး) အားကစားပြိုင်ပွဲ ပွဲစဉ်များကို Chroy Changvar Convention Centre,Hall (F) ၌ ကျင်းပရာ  ဗိုဗီနမ်အမျိုးသားနှစ်ယောက်တွဲ အပြပြိုင်ပွဲတွင် (ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မြန်မာ၊ ဗီယက်နမ်နှင့်လာအို) နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ ပထမ(ရွှေတံဆိပ်ဆု)၊  ဗီယက်နမ်နိုင်ငံမှ ဒုတိယ(ငွေတံဆိပ်ဆု)၊   လာအိုနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ပူးတွဲတတိယ(ကြေးတံဆိပ်ဆု)ကို ရရှိကြသည်။

ဆက်လက်၍  ဗိုဗီနမ်အားကစားနည်း (အမျိုးသမီး)  လက်သိုင်းအပြပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ တတိယ (ကြေးတံဆိပ်ဆု)၊ အမျိုးသမီး  ၆၀ ကီလိုပြိုင်ပွဲတွင် တတိယ (ကြေးတံဆိပ်ဆု)၊ အမျိုးသား ၆၀ ကီလိုပြိုင်ပွဲတွင် တတိယ(ကြေးတံဆိပ်ဆု)၊ အမျိုးသမီး ဓားတစ်လက်အပြပြိုင်ပွဲတွင် တတိယ(ကြေးတံဆိပ်ဆု)၊ ဓားအတိုက် အမျိုးသားနှစ်ယောက်တွဲ အပြပြိုင်ပွဲတွင် တတိယ (ကြေးတံဆိပ်ဆု)၊ အမျိုးသားသုံးယောက်/ အမျိုးသမီးသုံးယောက်  အသင်းလိုက် အပြပြိုင်ပွဲတွင် တတိယ(ကြေးတံဆိပ်ဆု)၊ အမျိုးသမီး လေးယောက်တွဲ ဓားတစ်လက်အပြပြိုင်ပွဲတွင် တတိယ(ကြေးတံဆိပ်ဆု)များ ရရှိခဲ့ကြသည်။

ထို့နောက် အပစ် - Women Single Shooting ပြိုင်ပွဲ၌ ပထမ(ရွှေတံဆိပ်ဆု) ရရှိသူနှင့် ဒုတိယ (ငွေတံဆိပ်ဆု)၊ တတိယ(ကြေးတံဆိပ်ဆု) ရရှိကြသူများကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီးက ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။