အာရှဒေသဆီသို့ ချင်းနင်းဝင်ရောက်လာတဲ့ NATO အပေါ် ဒေသတွင်း အားနဲ့သာ တွန်းလှန်နိုင်မည်

အာရှဒေသဆီသို့ ချင်းနင်းဝင်ရောက်လာတဲ့ NATO  အပေါ် ဒေသတွင်း အားနဲ့သာ တွန်းလှန်နိုင်မည်

   ဂျပန်အစိုးရက NATOအဖွဲ့ရဲ့ ဆက်ဆံရေးရုံးကို   တိုကျိုမြို့မှာ ဖွင့်လှစ်ဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်လာတာ တွေ့ရပါတယ်။

ဒီလိုရုံးမျိုးဟာ အာရှဒေသအတွက်တော့ ပထမဆုံးသော ရုံးဖြစ်လာမှာဖြစ်ပြီး NATOမဟာမိတ်အဖွဲ့တွေနဲ့ ဂျပန်နိုင်ငံတို့ကြား  လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအပြင်  တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့ကိစ္စရပ်များနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့အတွက် သတ်မှတ်ထားတဲ့ရုံး ဖြစ်လာမှာဖြစ်ပါတယ်။

NATO  မဟာမိတ်အဖွဲ့ရဲ့နောက်ကွယ်မှာ ရှိနေသူကတော့ အမေရိကန်ဆိုတာ မပြောလည်းသိကြမှာပါ။ အမေရိကန်အနေနဲ့  သူ့စစ်ရေး မဟာမိတ်အဖွဲ့ရဲ့ တည်ရှိမှုကို  အာရှဒေသထဲအထိ ချဲ့ထွင်လာရေးနဲ့ သတ်မှတ်ပြဋ္ဌာန်းနိုင်ရေးတို့ အတွက် ကြိုးပမ်းမှု၊ သူ့ရဲ့ခြေရာကို တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ ဖြန့်ကြက်ချထားလိုမှုတို့ဟာ အထူးအဆန်းကြီးတော့ မဟုတ်ပါဘူး။

ဒီသဘောတရားကို  ဘေးကနေ တိုက်တွန်းအားပေး လုပ်နေတဲ့  အကြောင်းတရားက  ယူကရိန်းပဋိပက္ခဖြစ်ပါတယ်။ဒါ့အပြင် ဒီလိုသဘောတရား ထွက်လာဖို့အတွက် အနောက်အုပ်စုမှာရှိတဲ့ ထိပ်တန်းအကြီးအကဲများက တောင်းဆိုနေကြတာပါ။

NATO  တပ်ဖွဲ့က  ဒီလိုမျိုးတွေ လုပ်ဆောင်နေခြင်းအားဖြင့်   သူတို့သွားနေတဲ့ လမ်းကြောင်းဟာ   သူတို့ရဲ့မူလရည်ရွယ်ချက်ကနေ တည့်တည့်ကြီး  သွေဖည်သွားနေကြောင်း အတိုင်းသား ဖော်ပြလိုက်ခြင်းလည်း ဖြစ်ပါတယ်။

NATO တပ်ဖွဲ့ဆိုတာ တစ်ချိန်တုန်းကတော့ ကမ္ဘာကြီးရဲ့ သီးသန့်နေရာ ကွက်ကွက်လေးတစ်ခုတည်း အတွက်သာ ပေါင်းစည်းကာကွယ်ရေး မဟာမိတ်အဖွဲ့ဖြစ်ပေမယ့် အခုအချိန်မှာတော့ ဗိုလ်ကျစိုးမိုးမှုနဲ့ အနိုင်ကျင့်လွှမ်းမိုးမှုအတွက် လက်နက်တစ်ခုဖြစ်မှန်းမသိ တဖြည်းဖြည်းဖြစ်လာနေပါပြီ။

လက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့လက်ထက်မှာ အမေရိကန်ဟာ စစ်ရေးအရရန်ပြု တိုက်ခိုက်လိုစိတ်အရှိဆုံးသော နိုင်ငံအဖြစ်ကို ရောက်ရှိလာနေတာတွေ့ရမှာပါ။

သမ္မတဟောင်းဂျော့ဒဗလျူဘု(ရှ်)ခေတ်တုန်းက ရန်ပြုတိုက်ခိုက်လိုစိတ်ရှိတယ်ဆိုတာ ဒီလောက်မဟုတ်ပါဘူး။ အခုတော့ အမေရိကန် အစိုးရက ဆယ်စုနှစ်ပေါင်းများစွာအတွင်းရန်ပြုတိုက်ခိုက်လိုစိတ် အရှိဆုံးသော အစိုးရဖြစ်လာတာတွေ့ရပါတယ်။

ဒါ့အပြင် အင်အားကြီးနိုင်ငံများကြားမှာ တင်းမာမှုတွေမြင့်တက်သည် ထက်မြင့်တက်အောင် လုပ်ဆောင်လာသူကလည်း ဂျိုးဘိုင်ဒင်အစိုးရပါပဲ။

သမ္မတဟောင်းဒေါ်နယ်ထရမ့်လက်ထက်တုန်းက NATO မဟာမိတ်အဖွဲ့ရဲ့ အင်အားကိုလျှော့ချပြီး ကိုယ့်အသုံးစရိတ်အပေါ် ကိုယ်ရပ်တည်နိုင်တဲ့ အဖွဲ့ဖြစ်အောင်ကြိုးစားခဲ့ပေမယ့်   ဂျိုးဘိုင်ဒင်လက်ထက်မှာတော့ အဲဒီအဖွဲ့ရဲ့ အင်အားကို ကြီးထွားသည်ထက်ကြီးထွားအောင် လုပ်ဆောင်လာနေတာပါ။

ဒါတင်ပဲလားဆိုတော့  သြစတြေးလျ၊  ဗြိတိန်၊ အမေရိကန် သုံးနိုင်ငံတည်းသာ ပါဝင်တဲ့ AUKUS စစ်ရေးမဟာမိတ်အဖွဲ့ကို ဖွဲ့စည်းခဲ့သလို  ဥရောပကိုလည်း  ရုရှားနဲ့ထိပ်တိုက် ရင်ဆိုင်စစ်ဖြစ်စေဖို့အထိ တွန်းပို့ခဲ့တဲ့အပြင် ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယား လက်နက်တွေဖြန့်ကြက်ချထားဖို့ကိုလည်း ကြိုးပမ်းနေပြန်ပါတယ်။

အမေရိကန်အနေနဲ့ အာရှဒေသကို ခြေဆန့်လာတာဟာ တရုတ်နိုင်ငံရဲ့  တစ်နေ့တခြားကြီးထွားလာတဲ့ အင်အားကို ထိန်းချုပ်ဖို့အတွက် လုပ်ဆောင်လာနေတယ် ဆိုတာ အားလုံးအသိပါ။

ဒီအတွက်   အမေရိကန်က တရုတ်ကိုရန်ဘက်အနေနဲ့ သတ်မှတ်ပြီး NATO မဟာမိတ်အဖွဲ့ကို အာရှဒေသဆီ ခေါ်ဆောင်လာနိုင်ဖို့  ကြိုးပမ်းနေပါတယ်။

ဂျပန်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်နဲ့ သြစတြေးလျတို့ အပါအဝင် ဒေသတွင်းရှိ    မဟာမိတ်နိုင်ငံများနဲ့ ပူးပေါင်းပြီး တရုတ်ကို    ညှပ်တိုက်ဖို့ကြိုးစားလာပါတယ်။ အရင်တုန်းကဆိုရင် အမေရိကန်က အဲဒီဒေသတွင်းနိုင်ငံတွေနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကိုသာ တည်ဆောက်ခဲ့တာပါ။ အာရှဒေသတွင်း နိုင်ငံများအနေနဲ့ အနောက်ဥရောပနိုင်ငံတွေလိုမျိုး တူညီတဲ့ အခြေခံမူ တစ်ချက်တည်းအပေါ် မူတည်နေခြင်း မရှိတာကြောင့် အမေရိကန်က  သူတို့တစ်နိုင်ငံချင်းစီနဲ့အပြန်အလှန် လက်တွဲဆောင်ရွက်ခဲ့တာပါ။

အခုတော့ အမေရိကန်က အဲဒီမဟာမိတ်နိုင်ငံတွေကို စုပေါင်းပြီး နိုင်ငံပေါင်းစုံပါဝင်တဲ့ မဟာမိတ်အဖွဲ့ဖြစ်လာစေဖို့ ကြိုးပမ်းလာနေတာ ဖြစ်ပါတယ်။   သူတို့အနေနဲ့ NATOမဟာမိတ်အဖွဲ့ကို အာရှဒေသထဲအထိ တရားဝင်ချဲ့ထွင်ဖို့ မဖြစ်နိုင်ဘူးဆိုတာ ကောင်းကောင်းကြီး သိထားသလို ဒေသတွင်းနိုင်ငံတွေကို ထောက်လှမ်းရေး သတင်းတွေ၊  စစ်လက်နက်ပစ္စည်းတွ ေထောက်ပံ့ပေးအပ်မယ်၊ တခြားနည်းနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးတက်ခိုင်မာအောင် လုပ်ဆောင်မယ်ဆိုရင် NATOအဖွဲ့ရဲ့သြဇာအာဏာက ဆက်လက်တည်ရှိနေလိမ့်မယ်လို့လည်း   ယုံကြည်ထားပါတယ်။

တကယ်လို့များ  တရုတ်နဲ့တရုတ်(တိုင်ပေ)တို့ကြား လက်နက်စွဲကိုင် ပဋိပက္ခဖြစ်ပွားပြီဆိုရင် အမေရိကန်က ရုရှားနဲ့ယူကရိန်းကြားထဲ ဝင်ပါသလိုမျိုး တရုတ်(တိုင်ပေ)ကို ထောက်လှမ်းရေး သတင်းတွေ၊ စစ်လက်နက်ပစ္စည်းတွေ အဆက်မပြတ်ထောက်ပံ့ပေးတဲ့ နည်းလမ်းအတိုင်း လုပ်ဆောင်လာနိုင်ပါတယ်။

တစ်နည်းဆိုရရင်   အမေရိကန်က ယူကရိန်းကို ကိုယ်စားအနေနဲ့အသုံးပြုပြီး  ရုရှားနဲ့စစ်ဆင်နွှဲသလို တရုတ်(တိုင်ပေ)ကို ကိုယ်စားထားကာ  တရုတ်နဲ့စစ်ဆင်နွှဲ သွားမှာပါ။

ဒီတော့ တရုတ်အနေနဲ့ သူ့ကိုပတ်ပတ်လည်ကနေ ဝန်းရံလာနေတဲ့ မဟာမိတ်အဖွဲ့အပေါ် ဘယ်လိုမျိုးနည်းလမ်းတွေ အသုံးပြုပြီးတုံ့ပြန်မှာလဲ။

ပထမတစ်နည်းကတော့ တရုတ်က ရုရှားနဲ့ဆက်ဆံရေး တိုးတက်အောင် တည်ဆောက်ပြီး အာရှ-ပစိဖိတ်ဒေသအတွင်းမှာ  အင်အားချိန်ခွင်လျှာ ညှိနိုင်ဖို့ အကောင်းဆုံးကြိုးစားခြင်း ဖြစ်ပါတယ်။

ဒုတိယနည်းလမ်းကတော့ သူ့ရဲ့မဟာမိတ် နိုင်ငံဟောင်းများနဲ့ ဆက်ဆံရေးကို ပြန်လည်အသက်သွင်း လာနိုင်သလို မြောက်ကိုရီးယား နိုင်ငံနဲ့စစ်ရေး မိတ်ဖက်များအဖြစ်  ဆက်ဆံရေး ခိုင်မာလာအောင်ကြိုးပမ်း လုပ်ဆောင်လာနိုင်ပါတယ်။ဒီလိုလုပ်ဆောင်ခြင်းအားဖြင့်  မြောက်ကိုရီးယား နိုင်ငံဟာ အပြန် အလှန်အကူအညီပေးရေးဆိုတဲ့ ၁၉၆၁ ခုနှစ် သဘောတူစာချုပ်ကို လိုက်နာပြီး တရုတ်ကိုစစ်ရေး အကူအညီများ ပေးနိုင်ခြင်းကြောင့် အမေရိကန်ရဲ့ မဟာမိတ်များဖြစ်တဲ့ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကို ထိန်းချုပ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

တတိယတစ်ချက်ကတော့ အမေရိကန်ရဲ့ နယ်ချဲ့ကြီးစိုးမှုဝါဒကို   အန္တရာယ်တစ်ခုအဖြစ် သတ်မှတ်ထားတဲ့  လာအို၊ ကမ္ဘောဒီးယားနဲ့ မြန်မာတို့လိုမျိုး ဒေသတွင်းနိုင်ငံများနဲ့ စစ်ရေးမိတ်ဖက်ဆက်ဆံရေး အသစ်များကို ထူထောင်လာနိုင်ပါတယ်။

မလေးရှား၊ အင်ဒိုနီးရှား၊  စင်ကာပူ၊   ထိုင်းနဲ့ ဗီယက်နမ်တို့လိုမျိုး အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့အနေနဲ့ ဘယ်ဘက်ကိုမှမလိုက်ဘဲ ကြားနေနိုင်တယ်ဆိုရင်တောင် တရုတ်နိုင်ငံကတော့ အဲဒီနိုင်ငံတွေနဲ့ ဆက်ဆံရေးကို နောက်တစ်ဆင့် တက်လှမ်းနိုင်အောင်    ကြိုးစားလာမှာဖြစ်ပါတယ်။ ဒါမှလည်း အမေရိကန်အနေနဲ့ သူ့ကိုရွေးမှာလား၊ တရုတ်ကိုရွေးမှာလား ဆိုပြီး ဖိအားပေးမှုကနေ ကာကွယ်ပြီးသားဖြစ်ပါတယ်။

တကယ်လို့များ အမေရိကန်က ထိန်းချုပ်ထားတဲ့ NATO မဟာမိတ် အဖွဲ့အနေနဲ့   အာရှဒေသအတွင်း ချင်းနင်းဝင်ရောက်လာတယ်ဆိုရင် ဒါဟာဒေသတစ်ခုလုံးရဲ့ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ချမ်းသာကြွယ်ဝမှုတို့အပေါ် ခြိမ်းခြောက်လာမယ့် အန္တရာယ်အဖြစ်  မလွဲမသွေ ရောက်ရှိလာမှာဧကန်မုချပါပဲ။

ဒါကြောင့် အာရှဒေသအတွင်း NATO အဖွဲ့ရဲ့ ချင်းနင်းဝင်ရောက်မှုကို အကောင်းဆုံး တွန်းလှန်နိုင်မှာက တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုအပြင် ဒေသတွင်းနိုင်ငံများ အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုသာဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။