မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်သည့် အခြေအနေရှိသဖြင့် လိမ္မော်ရောင်အဆင့် သတ်မှတ်

မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်သည့် အခြေအနေရှိသဖြင့် လိမ္မော်ရောင်အဆင့် သတ်မှတ်

နေပြည်တော်  မေ  ၉

    ယနေ့မြန်မာစံတော်ချိန် ည ၉ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတို့တွင်   ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည်    ပိုမိုအားကောင်းလာပြီး   ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင်   မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏  တောင်-အနောက်တောင်ဘက်ရေမိုင်(၄၁၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၅၄၀)မိုင်ခန့်၊ စစ်တွေမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၇၃၅)မိုင်ခန့်၊  အိန္ဒိယနိုင်ငံ နီကိုးဘားကျွန်း၏ အနောက်-အနောက်မြောက်ဘက်   ရေမိုင် (၂၆၅)မိုင်ခန့်၊ ပို့ပလဲယား၏ အနောက်တောင်ဘက်ရေမိုင် (၂၇၅) မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ  ကော့ဘဇားမြို့၏  တောင်-အနောက်တောင်ဘက်  ရေမိုင် (၇၉၅)မိုင်ခန့်အကွာ   ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ  ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်သည့် အခြေအနေရှိပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ပါသည်။

အဆိုပါမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် ည ၉ နာရီခွဲအချိန်တွင် မြောက်လတ္တီကျု (၈.၃)ဒီဂရီနှင့်   အရှေ့လောင်ဂျီကျု (၈၉.၅)ဒီဂရီတွင်ရှိပြီး   ဗဟိုချက်လေဖိအား (၁၀၀၂)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ    တစ်နာရီလျှင် မိုင်(၃၀) နှုန်းခန့်ဖြစ်ပါသည်။

အဆိုပါ မုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး  ပိုမိုအားကောင်းလာကာ (၁၀.၅.၂၀၂၃)ရက်  နံနက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း၌ အားကောင်းသော မုန်တိုင်းငယ်အဖြစ်သို့ လည်းကောင်း၊ ညပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ လည်းကောင်း၊ (၁၁.၅.၂၀၂၃)ရက် နံနက်ပိုင်းတွင်    အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ လည်းကောင်း၊ ညပိုင်းတွင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်း၌ အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့ လည်းကောင်း ရောက်ရှိနိုင်ပါသည်။ ထို့နောက် (၁၄.၅.၂၀၂၃) ရက်တွင် မြောက်-အရှေ့မြောက်ဘက်သို့ တဖြည်းဖြည်းကွေ့ကာ   ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းနှင့်   မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းကမ်းခြေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ   ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ   ကျောက်ဖြူမြို့တို့ကြားမှ  ဖြတ်ကျော် ဝင်ရောက် နိုင်သည်ဟု ခန့်မှန်းရပါသည်။

မုန်တိုင်းငယ်၏ အရှိန်ကြောင့် (၁၁.၅.၂၀၂၃)ရက်မှ (၁၅.၅.၂၀၂၃) ရက်အတွင်း နေပြည်တော်၊  စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊  ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကာ  စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊  မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်ဟု ခန့်မှန်းရပါသည်။ သို့ဖြစ်ပါ၍ ယနေ့ညမှ (၁၁.၅.၂၀၂၃)ရက်အတွင်း မြစ်ဝကျွန်းပေါ်၊  မုတ္တမကွေ့၊  မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။  မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)ခန့်အထိ တိုက်ခတ်နိုင်ပြီး (၁၂.၅.၂၀၂၃)ရက်မှ (၁၄.၅.၂၀၂၃) ရက်အတွင်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီးလှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ်ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင်မိုင် (၇၀)မှမိုင်(၈၀)ခန့်အထိ  တိုက်ခတ်နိုင်ပါသည်။ မုတ္တမကွေ့၊  မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ    မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်မိုင်(၄၀)မှ    (၄၅)မိုင်ခန့်အထိတိုက်ခတ်နိုင်သည်ဟု   ခန့်မှန်းရပါသည်။

(မိုး/ဇလ)