တရားမဝင်ကိုင်ဆောင်ထားသည့် လက်နက်ခဲယမ်းများအား လိုင်စင်လျှောက်ထားရန် အသိပေးထုတ်ပြန်ချက်

တရားမဝင်ကိုင်ဆောင်ထားသည့် လက်နက်ခဲယမ်းများအား လိုင်စင်လျှောက်ထားရန် အသိပေးထုတ်ပြန်ချက်

(၂၀၂၃ ခုနှစ်၊ မေလ      ရက်)

၁။    ယနေ့အချိန်ကာလတွင် အကြမ်းဖက်သမားများက အပြစ်မဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်သတ်ဖြတ် တိုက်ခိုက်မှုများကြောင့် ပြည်သူလူထု အတွင်း၌  လူပုဂ္ဂိုလ်လုံခြုံရေးကို စိုးရိမ်ကြသည့်အတွက် လက်နက်ခဲယမ်းများကို နည်းလမ်းမျိုးစုံဖြင့် ရှာဖွေကာ တရားမဝင် ကိုင်ဆောင်လျက်ရှိကြောင်း ကြားသိနေရပါသည်။ မူလရည်ရွယ်ချက်မှာ လူပုဂ္ဂိုလ်လုံခြုံရေး အတွက်ဖြစ်သော်လည်း လက်နက်ခဲယမ်းများ လက်ဝယ်ရှိနေချိန်တွင် လူ၏စိတ်သည် အချိန် မရွေး ပြောင်းလဲသွားနိုင်ပြီး တရားမဝင် ကိုင်ဆောင်ထားခြင်းဖြစ်သဖြင့် တစ်ချိန်ချိန်တွင် တစ်လွဲ အသုံးပြုမှုများ ဖြစ်ပေါ်လာနိုင်သည့်အပြင် ဥပဒေနှင့်လည်း ညီညွတ်မှုမရှိကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် တရားမဝင် လက်နက်ခဲယမ်း ကိုင်ဆောင်မှုများ လျော့နည်း ပပျောက်စေရေးနှင့် လက်နက်ခဲယမ်းများကို တစ်လွဲအသုံးပြုမှုများ မဖြစ်ပေါ်စေရေးအတွက် လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့်မူနှင့်အညီ စနစ်တကျ လိုင်စင်ထုတ်ပေးရေးကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက စီမံဆောင်ရွက် ပေးသွားမည်ဖြစ်ပါသည်။ 

၂။   လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့်လိုင်စင် လျှောက်ထားသည့်အခါ လျှောက်ထားသည့် သေနတ်အား မည်သို့မည်ပုံ ရရှိသည်ကို စစ်ဆေးမေးမြန်းသွားမည် မဟုတ်ဘဲ လျှောက်ထားလိုသည့် လက်နက်ခဲယမ်းနှင့်တကွ အပ်နှံလျှောက်ထား ရမည်ဖြစ်ပါသည်။ လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့် လိုင်စင်လျှောက်ထားမှုအပေါ် လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့်မူနှင့်အညီ စိစစ်၍ သတ်မှတ်ချက်နှင့် ကိုက်ညီသူများကို လိုင်စင် ထုတ်ပေးသွားမည်ဖြစ်ပါသည်။ သီးခြားထုတ်ပြန်ပေးမည့် သတ်မှတ်ကာလအတွင်း လက်နက်ခဲယမ်းအပ်နှံ၍ လိုင်စင်လျှောက်ထားခြင်း မရှိပါက ဖော်ထုတ်ဖမ်းဆီး၍ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန် အပ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

သတင်းထုတ်ပြန်ရေးအဖွဲ့