လက်နက်တိုက် သင်္ဘောများစိတ်ကူးကို ပြန်လည်အသက်သွင်းမယ့် တောင်ကိုရီးယား

လက်နက်တိုက် သင်္ဘောများစိတ်ကူးကို ပြန်လည်အသက်သွင်းမယ့် တောင်ကိုရီးယား

    တောင်ကိုရီးယားနိုင်ငံက ပေါင်းစပ်ပစ်အားပေး သင်္ဘောများကို ဒီဇိုင်းထုတ်လုပ် တည်ဆောက်ဖို့အတွက်  ဒေဝူးသင်္ဘော တည်ဆောက်ရေး ကုမ္ပဏီကို   ရွေးချယ်ကြောင်း ထုတ်ပြန်ကြေညာ လိုက်ပါတယ်။

ပေါင်းစပ်ပစ်အားပေး သင်္ဘောများဆိုတာ ၁၉၉၀ ပြည့်နှစ် အလွန်ကာလများတုန်းက အမေရိကန်က စွန့်လွှတ်လိုက်တဲ့ လက်နက်တိုက်သင်္ဘောများ ဖန်တီးရေး  စိတ်ကူးနဲ့ သဏ္ဌာန်တူဖြစ်ပါတယ်။

လက်ရှိမှာတော့    ဒီသင်္ဘောများနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို တိတိကျကျ ထုတ်ပြန်ထားခြင်းမရှိ သေးပေမယ့်  ကြည့်ရတာတော့ ရေပေါ်ဒုံးပစ်စခန်းများ ဖြစ်လာနိုင်ပြီး   သင်္ဘောတစ်စင်းမှာ အမြင့်ပျံဒုံးကျည် အစင်းရေ ၈၀ နဲ့အထက်ပါဝင်နိုင်တယ်လို့ ယူဆရပါတယ်။

ရေတပ်ရဲ့ရေပြင်ကာကွယ်ရေး အတွက်နဲ့ အဝေးတစ်နေရာမှာရှိတဲ့ ရန်သူ့တပ်ဖွဲ့များရဲ့စစ်ရေးပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်ရေးတို့မှာ ဒီသင်္ဘောများကို အသုံးပြုနိုင်ပါတယ်။

ပေါင်းစပ်ပစ်အားပေး သင်္ဘောများလို့ခေါ်တဲ့   လက်နက်တိုက် သင်္ဘောများဟာ တောင်ကိုရီးယားရဲ့   ပစ်ခတ်မှုဆိုင်ရာ ကွင်းဆက်ထဲကမှ  ပင်လယ်ပြင်အခြေပြု အစိတ်အပိုင်းအဖြစ် တာဝန်ထမ်းဆောင်သွားမှာပါ။

ပစ်ခတ်မှုဆိုင်ရာ ကွင်းဆက်ဆိုတဲ့အထဲမှာ အာရုံခံကိရိယာများ၊ ထောက်လှမ်းရေးများ၊ အထူးတပ်ဖွဲ့များနဲ့ ပစ်ခတ်သူများ ပေါင်းစည်းပါဝင်တဲ့ ကွန်ရက်တစ်ခုဖြစ်ပါတယ်။

တောင်ကိုရီးယားအနေနဲ့ ရန်သူ့နိုင်ငံအပေါ်နဲ့   ရန်သူ့ခေါင်းဆောင်အပေါ် ကြိုတင်လက်ဦးမှုယူ   တိုက်ခိုက်မှုများ လုပ်ဆောင်တဲ့နေရာမှာ   ဒီကွန်ရက်ကို အသုံးပြုသွားမှာပါ။

ဒီလိုလက်နက်တိုက် သင်္ဘောများကို အားဖြည့်ပေးမယ့် သတင်းတစ်ပုဒ်ကိုလည်း တောင်ကိုရီးယား စစ်လက်နက်ပစ္စည်း အစီအစဉ်ကော်မတီက ထုတ်ပြန်ထားပါသေးတယ်။

အဲဒီသတင်းကတော့ ၂၀၂၄ ခုနှစ်ကနေ ၂၀၃၆ ခုနှစ်အတွင်း သင်္ဘောမှရေပြင်ပစ် အမြင့်ပျံဒုံးကျည်အသစ် တစ်မျိုးကို ဖန်တီးထုတ်လုပ်ဖို့ အတွက် သူတို့အနေနဲ့ ဝမ်ဘီလီယံ ၆၀၀ ရင်းနှီးမြှုပ်နှံ သွားမယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။

တောင်ကိုရီးယားစစ်ဘက်မှာ လက်ရှိအသုံးပြုနေတဲ့ အနိမ့်ပျံဒုံးကျည် “ဟေယွန်”နဲ့  အခုဖန်တီး ထုတ်လုပ်မယ့် ဒုံးကျည်အသစ်တို့ကြားက ကွာခြားမှုကိုလည်း အဲဒီကော်မတီက ထုတ်ပြန်ထားပါသေးတယ်။

အခုဖန်တီးထုတ်လုပ်မယ့်    ဒုံးကျည်အသစ်ကို လက်ရှိတည်ဆောက်ထားတဲ့ ဖျက်သင်္ဘောအသစ်နဲ့ ပေါင်းစပ်ပစ်အား ပေးသင်္ဘောတို့မှာ တပ်ဆင်အသုံးပြုလိုက်မယ် ဆိုရင်   ရန်သူ့နိုင်ငံရဲ့  နျူကလီးယားနဲ့  ဒုံးကျည်ခြိမ်းခြောက်မှု အန္တရာယ်များကို ဟန့်တားနိုင်စွမ်း ရှိသွားစေမယ်လို့ မျှော်လင့်ထားကြောင်း ကော်မတီရဲ့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

ဒီလိုသင်္ဘောများ  တည်ဆောက်ရေးအတွက် အစီအစဉ်က ၂၀၁၉ ခုနှစ် သြဂုတ်လကတည်းက ထွက်ပေါ်လာခဲ့တာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ CVX လေယာဉ်တင် သင်္ဘောစီမံကိန်းကလည်း ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ   ဘာအသံမှမကြားရတော့ဘဲ  အခုမှသာ ပေါင်းစပ်ပစ်အားပေး သင်္ဘောဆိုပြီး သတင်းထွက်လာတာပါ။

တောင်ကိုရီးယားရေတပ်အနေနဲ့ ဒီနှစ်အကုန်ပိုင်းလောက်မှာတော့ အဲဒီသင်္ဘောအသစ်ရဲ့ အရွယ်အစားတွေ၊ ပုံသဏ္ဌာန်တွေ၊ ဒုံးကျည်သယ်ဆောင်နိုင်မှု ပမာဏတွေနဲ့ လိုအပ်တဲ့ လုပ်ငန်းပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေအပါအဝင် စိတ်ကူးဒီဇိုင်း အပြည့်အစုံကို ထုတ်ပြန်သွားနိုင်မယ်လို့ မျှော်လင့်ကြောင်း တောင်ကိုရီးယား ရေတပ်ရဲ့ သတင်းတစ်ပုဒ် မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

စီမံကိန်းရဲ့အလားအလာကောင်းများကို ဆုံးဖြတ်ပြီးသွားပြီဆိုရင်တော့ ရလဒ်ကောင်းများထွက်ပေါ်လာစေမယ့် တည်ဆောက်ရေး လုပ်ငန်းကို စတင်သွားမှာပါ။

၁၉၉၀ ပြည့်နှစ်အလွန် ကာလများတုန်းက အမေရိကန်ဟာ လက်နက်တိုက် သင်္ဘောအမည်ရှိတဲ့ တိုက်ပွဲဝင်ရေယာဉ်တစ်မျိုးကို စိတ်ကူးခဲ့ပါသေးတယ်။ သူတို့ရဲ့စိတ်ကူးထဲမှာတော့ အဲဒီသင်္ဘောမှာ သံချပ်ကာ ဒုံးပစ်ပေါက်အခု ၅၀၀ လောက်အထိနဲ့ စစ်သည်အယောက် ၅၀ ခန့်ထည့်သွင်း သွားဖို့ဖြစ်ပါတယ်။

အထူးသဖြင့် တိုမာဟော့အမျိုးအစား ရေပြင်မှမြေပြင်ပစ်ဒုံးကျည်များနဲ့ အနိမ့်ပျံဒုံးကျည်များ ဒါမှမဟုတ် ဝေဟင်ပစ်၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး၊ မြေပြင်တိုက်ခိုက်ရေး အနိမ့်ပျံဒုံးကျည်များကို တင်ဆောင်သွားဖို့ပါ။ ဒါ့အပြင် သူ့ကို အဝေးကနေ ထိန်းချုပ်နိုင်ဦးမှာဖြစ်ပြီး အဓိကကတော့ ရေယာဉ်စုမှာပါတဲ့ တခြားတိုက်ခိုက်ရေးသ င်္ဘောများရဲ့ လက်နက်တိုက်အဖြစ် အသုံးပြုသွားမှာပါ။

ဒါပေမဲ့ သူဟာ  အထောက်အကူပြု ရေယာဉ်များအပေါ်မှာသာ လုံးလုံးလျားလျား မှီခိုအားထားရမှာဖြစ်တဲ့အတွက် ရန်သူရဲ့တိုက်ခိုက်ခြင်းကို ခံရနိုင်ခြေအလွန်ပဲ များပြားတာကြောင့် အမေရိကန်ဟာ သူတို့ရဲ့စိတ်ကူးကို   လက်လျှော့လိုက်တာ ဖြစ်ပါတယ်။