ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ သံဃာတော်များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ သံဃာတော်များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ မေ - ၁၁

     ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော်များအား ယနေ့နံနက်ပိုင်း တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံ ဆေးကုသရေးအဖွဲ့က အဆိုပါမြို့ရှိ ရွှေရတနာပုံဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးသည်။

      ထိုသို့ ဆောင်ရွက်ပေးရာ တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ ဆေးကုသရေးအဖွဲ့က သံဃာတော်စုစုပေါင်း ၆၀ ပါးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုးအကြောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း များ ဆောင်ရွက်ပေးသည်။

        ယင်းသို့ဆောင်ရွက်နေမှုများကို တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် နှင့် အဖွဲ့ဝင် များက သွားရောက်ကြည့်ရှု၍ သံဃာတော်များအား လှူဖွယ်ပစ္စည်းနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

        အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ အောင်မေတ္တာကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က  မေ ၁၀ ရက်တွင် အဆိုပါ ကျေးရွာဘုန်းတော်ကြီး ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

       တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေး အဖွဲ့က သံဃာတော်များနှင့် ဒေသခံ ပြည်သူ ၃၀၀ ဦးအား သွေးတိုးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ နှလုံးရောဂါ၊ အရိုးနှင့် ဆိုင်သောရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းရောဂါ၊ အသည်းရောဂါ၊ သားဖွား မီးယပ်ရောဂါ၊ မျက်စိရောဂါ၊ ဝမ်းပျက်ဝမ်းလျောရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်း ရောဂါ၊ အရေပြားရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးသည်။

       ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။