သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့်မှုများပြုလုပ်၊ ကယ်ဆယ်ရေး ပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ အသင့်ပြင်ဆင် ထားရှိမှုများအား ကြည့်ရှု စစ်ဆေး

သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့်မှုများပြုလုပ်၊ ကယ်ဆယ်ရေး ပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ အသင့်ပြင်ဆင် ထားရှိမှုများအား ကြည့်ရှု စစ်ဆေး

နေပြည်တော်၊ မေ - ၁၁

      ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသည့် လေဖိအားနည်းရပ်ဝန်းသည် တဖြေးဖြေးအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ရောက်ရှိလာနိုင်ပြီး ခန့်မှန်းချက်များအရ မြန်မာနိုင်ငံဘက်သို့ ဖြတ်သန်း ဝင်ရောက်နိုင်သည့် အခြေအနေ ရှိနေသဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အသင့်ပြင်ဆင်စုဖွဲ့ထား ရှိခြင်း၊ ပြန်လည် ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်း တာဝန်များအား ဇာတ်တိုက် လေ့ကျင့်ခြင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဆောင်ရွက်လျက်ရှိ သည်။

       ထိုသို့ ဆောင်ရွက်လျက်ရှိရာ မေ ၁၀ ရက်နှင့် ယနေ့တို့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အားကစားကွင်း၌ လည်းကောင်း၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလုပ်ကျေးရွာရှိ သာယာကုန်းကျောင်း တိုက်၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ နယ်မြေခံတပ်၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံတပ်ရင်းများ၌ လည်းကောင်း အသီးသီးစုဖွဲ့၍ နယ်မြေခံတပ်မတော်သားများ က ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ လူမှု ကယ်ဆယ်ရေးအဖွဲ့များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့်ပူးပေါင်း၍ ဇာတ်တိုက် လေ့ကျင့်မှုများ၊ ပြင်ဆင်စုဖွဲ့မှုများကို ဆောင်ရွက်ကြသည်။ ယင်းသို့ ဆောင်ရွက်နေမှုများကို  သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ် များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးကြပြီး သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။

    ထို့ပြင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ဒေသခံပြည်သူများအား အချိန်နှင့် တပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး အတွက် သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေး အဖွဲ့များ ကြိုတင်ပြင်ဆင် ထားရှိခြင်း၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် အခြားအထောက်အကူပြု ပစ္စည်းများ သိုလှောင် ထားရှိခြင်း၊ မုန်တိုင်းဒဏ်ခံ ကာကွယ်ရေး အဆောက်အဦ(Cyclone Shelter) များ ပြင်ဆင်ထားရှိခြင်း၊ ရိက္ခာအမယ်(၅)မျိုးနှင့် သောက်သုံးရေ လုံလောက်စွာရရှိရန် ဆောင်ရွက်ထားရှိခြင်းတို့ကို သက်ဆိုင်ရာ နယ်မြေအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက် လျက်ရှိသည်။

    ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မေ ၁၀ ရက် နံနက်ပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာန ချုပ် အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ  တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင် တက်ရောက် အမှာစကား ပြောကြားပြီး အစည်းအဝေး တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြမှု များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။