ခိုလမ်မြို့နယ်၊ နားပွဲကျေးရွာရှိ ဒီပါအေးမြ ရွှေမု‌ဋ္ဌော စေတီတော်မြတ်ကြီး ဌာပနာတော်သွင်း၊ စိန်ဖူးတော်၊ ရွှေထီးတော်တင်လှူခြင်းနှင့် ဗုဒါ္ဓဘိသေက အနေကဇာတင် အလှူတော်မင်္ဂလာ ကျင်းပ

ခိုလမ်မြို့နယ်၊  နားပွဲကျေးရွာရှိ ဒီပါအေးမြ ရွှေမုဋ္ဌော စေတီတော်မြတ်ကြီး ဌာပနာတော်သွင်း၊ စိန်ဖူးတော်၊ ရွှေထီးတော်တင်လှူခြင်းနှင့် ဗုဒါ္ဓဘိသေက အနေကဇာတင် အလှူတော်မင်္ဂလာ ကျင်းပ

နေပြည်တော်၊ မေ- ၁၁

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့နယ်၊  နားပွဲကျေးရွာရှိ ဒီပါအေးမြ ရွှေမု‌ဋ္ဌော စေတီတော်မြတ်ကြီး ဌာပနာတော်သွင်း၊ စိန်ဖူးတော်၊ ရွှေထီးတော်တင်လှူခြင်းနှင့် ဗုဒါ္ဓဘိသေက အနေကဇာတင် အလှူတော်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော်မြတ်ကြီး၌ ပြုလုပ်ရာ ချမ်းမြေ့ဂုဏ်ဝေပရဟိတ သာသနာပြု ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဝိမလ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း နှင့် အရာရှိ၊ စစ်သည်၊ မိသာစုများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူများ  တက်ရောက်ကြသည်။

    ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ချမ်းမြေ့ဂုဏ်ဝေ ပရဟိတ သာသနာပြုကျောင်းတိုက် ဆရာတော်ထံမှ  ကိုးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ဖတ် သရစ္ဇျာယ်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။ ထို့နောက် တိုင်းမှူးနှင့် စေတနာရှင် အလှူရှင်များက  ဒီပါအေးမြရွှေမု‌ဋ္ဌော စေတီတော်ကြီးတွင် သွင်းလှူပူဇော်မည့် စေတီလေးပါး၊ ဌာပနာတော်၊ စိန်ဖူးတော်၊ ရွှေထီးတော်ဘုံ အဆင့်ဆင့်နှင့် လှူဖွယ်ပစ္စည်းများ၊ အလှူငွေများအား ဆက်ကပ်လှူဒါန်းကြပြီး ခိုလမ်မြို့၊ သီရိမင်္ဂလာကျောင်းတိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ပညာသီရိထံမှ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

     ဆက်လက်၍ တိုင်းမှူးနှင့် စေတနာရှင် အလှူရှင်များက ဒီပါအေးမြရွှေမု‌ဋ္ဌော စေတီတော်ကြီးတွင် သွင်းလှူပူဇော်မည့် စေတီလေးပါး၊ ဌာပနာတော်၊ စိန်ဖူးတော်၊ ရွှေထီး တော်ဘုံအဆင့်ဆင့်တို့ကို ပင့်ဆောင်၍ ရွှေမု‌ဋ္ဌောစေတီတော်ကြီးအား လှည့်လည်ပူဇော်ပြီး  ရွှေမု‌ဋ္ဌောစေတီတော်ကြီး တည်ထားကိုးကွယ်မည့် ဌာပနာတိုက် အတွင်းသို့ ဌာပနာတော်မြတ်များအား သွင်းလှူပူဇော်ပြီး ဒီပါအေးမြရွှေမု‌ဋ္ဌောစေတီတော်ကြီးအား ပထမဘုံအဆင့်မှ စတင်ကာ  ရွှေထီးတော် ဘုံအဆင့်ဆင့်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်မြတ်တို့ကို တင်လှူပူဇော်ကြသည်။

     ၎င်းနောက် ဗုဒ္ဓါဘိသေက အနေကဇာတင် အလှူတော်မင်္ဂလာကို ဆက်လက် ကျင်းပပြုလုပ်ရာ ချမ်းမြေ့ဂုဏ်ဝေပရဟိတ သာသနာပြုကျောင်းတိုက် ဆရာတော် အမှူးပြုသော သံဃာတော်များက ဒီပါအေးမြ ရွှေမု‌ဋ္ဌောစေတီတော်ကြီးတွင် တည်ထားကိုးကွယ်မည့် ဗုဒ္ဓရုပ်ပွားတော်များအား  ဗုဒ္ဓါဘိသေက အနေကဇာတင် ပရိတ်တော်များကို ရွတ်ဖတ်တော်မူကြပြီး တိုင်းမှူးနှင့်စေတနာရှင် အလှူရှင်များက သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။