တရားမဝင်လုပ်ငန်းသုံး ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများ၊ ယာဉ်အပို ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

တရားမဝင်လုပ်ငန်းသုံး ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများ၊ ယာဉ်အပို ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်  မေ  ၁၁

    တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ     တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၉ ရက်တွင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက် ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန် ကျပူးပေါင်းအဖွဲ့က ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေး စခန်း၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် PVC Flooring Sheet  လုံး (၅၀)  (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၂၅၀၀၀၀)ကို လည်းကောင်း၊   မြဝတီ-ဘားအံ- ရန်ကုန်လမ်းကြောင်းအတိုင်း မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီးအား အမှတ်(၂)လမ်းဆုံ အနီး၌ စိစစ်၍ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးဌာနခွဲသို့ ခေါ်ယူစစ်ဆေးခဲ့ရာ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာ ပါရှိလာသည့် Sailun ကား တာယာအသစ် (၇၆)လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၁၄၁၉၈၈)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Dieselမော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုး ၃၀၀၀၀၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၃၉၁၉၈၈)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထပ်မံ၍ မေ ၉ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏  စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက်ခွန်အဖွဲ့က ထီးတန်းဆိပ်ကမ်း၌ ကုန်သေတ္တာ (၁)လုံးအတွင်းမှ သွင်းကုန် လိုင်စင်မရရှိမီ ဆိပ်ကမ်းသို့ ကြိုတင်ရောက်ရှိနေသော    (၆၁)ရက်ထက် ကျော်လွန်သော Window Automotive Glass ခု (၇၃၉၀)     (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၅၀၀၀၀၀၀)ကို  ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မေ ၉ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ထားဝယ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲအုပ် ဦးဆောင်သော ပူးပေါင်းအဖွဲ့မှ ထားဝယ်မြို့၊ အနောက်မြို့တွင်း ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းအနီး၌ မော်တော်ယာဉ် (၁)စီးအား ရပ်တန့်စစ်ဆေးခဲ့ရာ  တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် ထိုင်းနိုင်ငံထုတ် ပုဇွန်နှစ်ကောင် စားသုံးဆီဖာ (၂၃၀) (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၂၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Dyna Truck မော်တော်ယာဉ်(၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ်၂၅၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၁၂၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ သို့ဖြစ်ပါ၍ မေ ၉ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၆)မှု၊  (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၀၅၉၁၉၈၈)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး   ဦးဆောင် ကော်မတီမှ သိရသည်။