ဆီးဂိမ်းဝူရှူးပြိုင်ပွဲ နောက်ဆုံးနေ့တွင် မြန်မာဝူရှူးအဖွဲ့ ရွှေတစ်ခု၊ ငွေတစ်ခု၊ ကြေးနှစ်ခုထပ်မံရရှိ

ဆီးဂိမ်းဝူရှူးပြိုင်ပွဲ နောက်ဆုံးနေ့တွင် မြန်မာဝူရှူးအဖွဲ့ ရွှေတစ်ခု၊ ငွေတစ်ခု၊ ကြေးနှစ်ခုထပ်မံရရှိ

ရန်ကုန်  မေ  ၁၂

    (၃၂)ကြိမ်မြောက်  ဆီးဂိမ်းဝူရှူးပြိုင်ပွဲ နောက်ဆုံးနေ့ကို ယနေ့တွင် ဆက်လက် ကျင်းပရာ မြန်မာဝူရှူးအဖွဲ့ ရွှေတစ်ခု၊ ငွေတစ်ခု၊ ကြေးနှစ်ခု ထပ်မံရရှိခဲ့သည်။

ပြိုင်ပွဲနောက်ဆုံးနေ့ နံနက်ပိုင်းတွင် ကျင်းပသည့် ထောက်လုပွဲစဉ်များတွင် မြန်မာဝူရှူးအဖွဲ့က ရွှေတစ်ခု၊ ကြေးတစ်ခုရရှိသည်။ မြန်မာဝူရှူးအဖွဲ့အတွက် ရွှေတံဆိပ်ဆုကို အမျိုးသမီး ချန်းချွမ်ပြိုင်ပွဲတွင် စန္ဒီဦးက ရယူပေးခဲ့ပြီး ၉ ဒသမ ၆၈၀၀ မှတ်ဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အင်ဒိုနီးရှား ကစားသမား ဒီဗာဝီဒိုဒိုက ၉ ဒသမ ၆၅၀၀ မှတ်ဖြင့် ငွေတံဆိပ်၊ မလေးရှားကစားသမား ပိုင်ပုယီက ၉ ဒသမ ၆၄၃၀ မှတ်ဖြင့် ကြေး တံဆိပ်ရရှိသည်။ စန္ဒီဦးသည် ယခုပြိုင်ပွဲ တွင် နိုင်ငံအတွက် ရွှေတစ်ခု၊ ငွေနှစ်ခု ဆွတ်ခူးရရှိခဲ့ပြီး အမျိုးသမီးကျန့်စုနှင့် ချန်းစုပြိုင်ပွဲ နှစ်ခုပေါင်းတွင် ငွေတံဆိပ်၊ အမျိုး သမီးနှစ်ယောက်တွဲ   အတိုက်အပြပြိုင်ပွဲတွင် အေးသစ္စာမြင့်နှင့် ငွေတံဆိပ်တို့ရရှိခဲ့သည်။

မြန်မာဝူရှူးအဖွဲ့အတွက် ကြေးတံဆိပ်ဆု ကိုမူ အမျိုးသမီး နန်းတောင်း+နန်းကွန့် ပြိုင်ပွဲနှစ်ခုပေါင်းတွင် အေးသစ္စာမြင့်က ၁၈ ဒသမ ၃၀၃၀ မှတ်ဖြင့်ရရှိခဲ့ပြီး မလေးရှားကစားသမား တန်ချောင်မင်က ၁၉ ဒသမ ၁၆၀၀ မှတ်ဖြင့် ရွှေတံဆိပ်၊ ဗီယက်နမ် ကစားသမား သီသုဗင်ဗန်က ၁၈ ဒသမ ၄၁၃၀ မှတ်ဖြင့် ငွေတံဆိပ်ရရှိသည်။

မွန်းလွဲပိုင်းတွင် ဆန်းဆိုအတိုက်ပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ်များ ဆက်လက် ကျင်းပရာ အမျိုးသမီး ၄၈ ကီလိုတန်း  ဗိုလ်လုပွဲ တွင် မြန်မာကစားသမား ချယ်ရီသန်းက ဗီယက်နမ်ကစားသမားကို အရေးနိမ့်ပြီး ငွေတံဆိပ်ဖြင့် ကျေနပ်ခဲ့ရသည်။ ကြေး တံဆိပ်ဆုကို အမျိုးသား ၇၀ ကီလိုတန်း တွင် နေဝင်းထွဋ်ကရရှိခဲ့သည်။ ဝူရှူးပြိုင်ပွဲ အပြီးတွင် မြန်မာဝူရှူးအဖွဲ့က ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ်သုံးခု၊ ကြေးတံဆိပ်သုံးခု ဆွတ်ခူးရရှိခဲ့သည်။