ရုပ်ရှင်ရုံပြသခွင့် ရပ်နားထားသည့် ကာလတွင် ရုံအတွင်းအပြင် အကြီးစားပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်

မြန်မာနိုင်ငံတွင် COVID-19 ရောဂါပြန့်ပွားမှု ထိန်းချုပ်ကာကွယ်နိုင်ရန် အတွက် လူစုလူဝေးဖြစ်ပေါ်မှု မဖြစ်စေရေး ရုပ်ရှင်ပြသခြင်း လုပ်ငန်းများအား မတ်လအတွင်းမှ စတင်၍   ယာယီပိတ်ထားသည့် ကာလ၌ ရုပ်ရှင်ပြန်လည်ပြသခွင့်ရရှိသည့် အချိန်တွင် ရုပ်ရှင်ကြည့်ပရိသတ်များ  စိတ်အေးချမ်းသာစွာ  ကြည့်ရှုနိုင်ရန်အတွက်  ရုပ်ရှင်ရုံ အတွင်းအပြင်ကို   ဇူလိုင်လမှစတင်၍ အကြီးစားပြုပြင်ရေး    လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း    ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့   သီတာအေး ရုပ်ရှင်ရုံမန်နေဂျာ   ဦးသာချိုက ပြောသည်။

''ရုပ်ရှင်လုပ်ငန်း ရပ်ထားရတာ လေးလကျော်သွားပြီ။ အခုရက်ပိုင်းတော့ ရုံအတွင်းအပြင် ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ အဲဒါမှလည်း ရုပ်ရှင်ပြန်လည်ပြခွင့် ရတဲ့အခါကျရင် ရုပ်ရှင်ကြည့်ပရိသတ်တွေ စိတ်အေးချမ်းသာစွာ ကြည့်ရှုနိုင်တာပေါ့။ ကိုဗစ်ကာလဆိုတော့ ရုပ်ရှင်လာကြည့်တဲ့သူတွေ ကျန်းမာရေးအတွက် လက်ဆေးဘေစင် ထားရှိဖို့ ပြုလုပ်တာတွေကိုလည်း  ကြိုတင်ပြင်ဆင်ထားပါတယ်''ဟု ၎င်းကပြောသည်။

သီတာအေးရုပ်ရှင်ရုံသည် ရုံအပြည့် လူသွင်းနိုင်ပါက ပရိသတ်လေးရာကျော် အထိ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း၊ ယခုနှစ် မတ် ၁၆ ရက်မှစတင်၍ လူစုလူဝေးမဖြစ်စေရန် အခြားအခမ်းအနားများ အပါအဝင်ရုပ်ရှင်ရုံများကို ယာယီပိတ်ထားရသည်။ ၎င်းကာလအတွင်း ဝင်ငွေရရှိခြင်း မရှိသည့် အတွက် ရုပ်ရှင်ရုံလုပ်ငန်း လုပ်ကိုင်သူမိသားစုများ စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်လာရာ  ဝန်ထမ်းအင်အား ၁ဝ ဦးရှိရာမှ လုံခြုံရေးဝန်ထမ်းနှင့် သန့်ရှင်းရေးဝန်ထမ်းသာ ထားရှိပြီး ကျန်ဝန်ထမ်းများအား လျှော့ချထားရကြောင်း၊   ယခုအခါ ရုပ်ရှင်ပြသခွင့်    ယာယီရပ်ဆိုင်းသည့်  အချိန်ကာလတွင် ရုပ်ရှင်ရုံ အတွင်းအပြင်ကို  အကြီးစားပြင်ဆင်မှု လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။