အားကောင်းသောဆိုင်ကလုန်း မုန်တိုင်းမိုခါအဖြစ် အားလျော့သွားခဲ့ကာ မတူပီမြို့အနီးမှ ဆက်လက်ရွေ့လျားလျက် ရှိသဖြင့် အညိုရောင်အဆင့် သတ်မှတ်

အားကောင်းသောဆိုင်ကလုန်း မုန်တိုင်းမိုခါအဖြစ် အားလျော့သွားခဲ့ကာ မတူပီမြို့အနီးမှ ဆက်လက်ရွေ့လျားလျက် ရှိသဖြင့် အညိုရောင်အဆင့် သတ်မှတ်

နေပြည်တော်  မေ  ၁၄

    ယနေ့မြန်မာစံတော်ချိန် ည ၉ နာရီခွဲ အချိန် တိုင်းထွာချက်များအရ ချင်းပြည်နယ်  ပလက်ဝမြို့အနီးမှ  ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့သော အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါသည်  မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါအဖြစ်သို့ အားလျော့သွားခဲ့ကာ မတူပီမြို့အနီးမှ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားလျက်ရှိပါသည်။

မုန်တိုင်းသည် ချင်းပြည်နယ် မတူပီမြို့ အနီးမှ  ဆက်လက်ရွေ့လျားလျက် ရှိပါသဖြင့် အညိုရောင်အဆင့်ဟု သတ်မှတ်ပါသည်။

အဆိုပါအားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းမိုခါသည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၉  နာရီအတွင်း  ချင်းပြည်နယ်၊ မကွေး တိုင်းဒေသကြီး(မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး(မြောက် ပိုင်း)တို့ကို ဆိုင်ကလုန်းမုန်တိုင်း မိုခါအနေဖြင့် လည်းကောင်း၊ နောက် ၂၄ နာရီအတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက် ပိုင်း)တို့ကို  မုန်တိုင်းငယ် အနေဖြင့် လည်းကောင်း ဆက်လက်ရွေ့လျား နိုင်သည်ဟု ခန့်မှန်းရပါသည်။

အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ၏ အရှိန်ကြောင့် ယနေ့ညမှ  (၁၅-၅-၂၀၂၃)ရက်အတွင်း   နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊   မန္တလေးတိုင်း ဒေသကြီး၊  မကွေးတိုင်းဒေသကြီး၊  ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာအနှံ့အပြားနှင့် တနင်္သာရီတိုင်း ဒေသကြီးတွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်း ပြည်နယ်တို့တွင် နေရာကွက်၍မိုးကြီးနိုင် ပါသည်။

မြစ်ဝကျွန်းပေါ်၊  ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန် ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၄၅) မိုင်မှ မိုင် (၅၀) ခန့်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၉) ပေမှ (၁၃) ပေခန့်ရှိနိုင်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အမြင့်ဆုံး လေတိုက် နှုန်းမှာ တစ်နာရီလျှင် မိုင်(၅၀)မှ မိုင်(၇၀)ခန့်အထိနှင့် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် အမြင့် ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၄၀)မှ မိုင် (၅၀) ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။

အဆိုပါအားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းမိုခါ၏ ရွေ့လျားရာ တစ်လျှောက်ရှိ ဒေသများအနေဖြင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊  ရုတ်တရက်ရေကြီးခြင်းနှင့် အတူ မြေပြိုခြင်းများဖြစ်ပေါ် နိုင်ပါသဖြင့်  ကြိုတင်သတိပြု ရှောင်ရှားကြပါရန်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့်  ရေကြီး၊ ရေလျှံမှုများနှင့် ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြသူများ အနေဖြင့် မြေပြိုမှုအန္တရာယ်ကို ကြိုတင် သတိပြုနေထိုင်ကြပါရန်၊     ပြည်တွင်း လေကြောင်း ပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ် များ၊ သင်္ဘောများ အနေဖြင့်လည်း မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်သို့ လုံးဝ(လုံးဝ) မထွက်ရန်နှင့် ပြည်သူလူထု အနေဖြင့် မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှု ဦးစီးဌာန၏ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့်ကြိုတင် ပြင်ဆင်မှုများကို ဆောင်ရွက်သွားနိုင်ပါရန် သတိပေး နှိုးဆော် အပ်ပါသည်။

(မိုး/ဇလ)