အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA)ဖြတ်သန်း တိုက်ခတ်မှုကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သောရခိုင်ပြည်နယ်အတွင်းရှိမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက်ထောက်ပံ့ရေး ပစ္စည်းများအား တပ်မတော်(လေ)မှ လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်

အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA)ဖြတ်သန်း တိုက်ခတ်မှုကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သောရခိုင်ပြည်နယ်အတွင်းရှိမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက်ထောက်ပံ့ရေး ပစ္စည်းများအား တပ်မတော်(လေ)မှ လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်

နေပြည်တော်၊ မေ - ၁၆

    ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA)တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ထိခိုက်ခဲ့သည့် ဒေသခံပြည်သူများအတွက် တပ်မတော်(ကြည်း၊ ရေ၊လေ)မိသားစုများနှင့် စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် ကူညီကယ်ဆယ် ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို လည်းကောင်း၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ထောက်ပံ့ပေးအပ်သည့် ကူညီကယ် ဆယ်ရေးပစ္စည်းများကိုလည်းကောင်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်၊ ရေယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။

    ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် တပ်မတော်(ကြည်း၊ရေ၊ လေ) မိသားစုများက လှူဒါန်းသည့် ဆေးပစ္စည်းမျိုးစုံအိတ် ၁၀၁၀ အိတ်၊ ရေသန့်ကဒ်  ၃၃၄ ကဒ်၊ ဘီစကတ် ၂၁၈ ဖာ၊ ခေါက်ဆွဲခြောက် ၇၀၀ ဖာနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များကို တင်ဆောင်၍ နေပြည်တော်လေဆိပ်မှ စစ်တွေ လေဆိပ်သို့ ပထမအကြိမ်အဖြစ် လည်းကောင်း၊ ဆန်အိတ် ၁၀၀ အိတ်၊ ရေသန့်ဘူးများ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် စည်သွပ်ဗူးများနှင့် စားသောက်ဖွယ်ရာများ၊ တစ်ကိုယ်ရည်အသုံးအဆောင်ပစ္စည်းများနှင့် ဆေး ပစ္စည်းများကို တင်ဆောင်၍ ဒုတိယအကြိမ်ဖြင့်လည်းကောင်း၊ တပ်မတော် စက်ရုံများမှထုတ်လုပ်သည့် စည်သွပ်ဘူးများဖြစ်သည့် ကြက်အာလူး၊ ငါးတန် အချိုပေါင်း၊ ငါးသလောက်၊ သီးစုံဘူးများ၊ ဘီစကစ်ထုပ်များ၊ ရေသန့်ဘူးများနှင့် အခြားစားသောက်ဖွယ်ရာများကို တင်ဆောင်၍ တတိယအကြိမ်ဖြင့် လည်း ကောင်း၊ ဆန်အိတ် ၁၈၀ အိတ်၊ တပ်မတော် စက်ရုံများမှထုတ်လုပ်သည့် စည်သွပ်ဘူးများဖြစ်သည့် ကြက်အာလူး၊ မျှစ်စတော်ပဲ၊ ဆက်သွယ်ရေးပစ္စည်း များကို တင်ဆောင်၍ စတုတ္တအကြိမ်ဖြင့် လည်းကောင်း၊ ဆန်အိတ် ၁၀၀ အိတ်နှင့် ရေသန့်ကဒ် ၄၉၈ ကဒ်တို့ကို တင်ဆောင်၍ ပဉ္စမအကြိမ်ဖြင့် လည်းကောင်း သွားရောက်ပို့ဆောင်ပေးသည်။

    အလားတူ ယနေ့နံနက်ပိုင်းတွင်လည်း ဓာတ်ဆား ၆၅ ဖာ၊ ပစ္စည်းစုံ စက္ကူဖာ ၇ ဖာ၊ မီးစက်အကြီး ၁ လုံး၊ စားသောက်ဖွယ်ရာများနှင့် ကူညီ ကယ်ဆယ်ရေးပစ္စည်းများကို ပထမအကြိမ်ဖြင့်လည်းကောင်း၊ ဆက်သွယ်ရေး တာဝါတိုင်ဆက်စပ်ပစ္စည်းများနှင့် ခေါက်ဆွဲခြောက် ၁၆၈ ဖာတို့ကို ဒုတိယ အကြိမ်ဖြင့်လည်းကောင်း တင်ဆောင်၍ ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေဆိပ်မှ စစ်တွေလေဆိပ်သို့ ပို့ဆောင်ပေးသည်။ ထို့အတူ သွပ်ချပ်များနှင့် ခေါက်ဆွဲ ခြောက် ၁၀၀ ဖာတို့ကို တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့မှ ကိုကိုးကျွန်းသို့ ပို့ဆောင်ပေးခဲ့သည်။

    ယနေ့တွင် ကူညီကယ်ဆယ်ရေးပစ္စည်းများကို တပ်မတော်မှ လေယာဉ် များဖြင့်  ပို့ဆောင်မှုအနေဖြင့် နေပြည်တော်မှ စစ်တွေမြို့သို့ ၅ ကြိမ်၊ ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ၂ ကြိမ်၊  ရန်ကုန်မြို့မှ ကိုကိုးကျွန်းမြို့သို့ ၁ ကြိမ်၊ စုစုပေါင်း ၈ ကြိမ်  ဖြစ်ကြောင်း သိရှိရသည်။

    အဆိုပါ တပ်မတော်လေယာဉ်များဖြင့်  ရောက်ရှိလာသော ပစ္စည်းများကို တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေ သွားမည် ဖြစ်ကြောင်း  သတင်းရရှိသည်။