၂၀၂၃ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ် အသီးသီး၌ လေ့ကျင့် သင်ကြားပေးလျက်ရှိ

၂၀၂၃ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ် အသီးသီး၌ လေ့ကျင့် သင်ကြားပေးလျက်ရှိ

နေပြည်တော်၊ မေ - ၁၆

      ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ် လူငယ်မောင်မယ်များကို နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက် များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန် နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ် လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံ လေကြောင်းလူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်း လူငယ် သင်တန်း(အငယ်တန်းအဆင့်) ဖွင့်ပွဲများကို ဧပြီ ၂၄ ရက်တွင် သက်ဆိုင်ရာ မြို့နယ် အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့် သင်ကြားပေးလျက်ရှိသည်။

        ထိုသို့ လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့ညနေပိုင်းတွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ရေကြောင်းလူငယ်စခန်း၊ ကိုကိုးကျွန်းမြို့ရှိ ရေကြောင်းလူငယ်စခန်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ရေကြောင်းလူငယ်စခန်း၊ တနင်္သာရီတိုင်း ဒေသကြီး၊ ဟိန်းဇဲမြို့ရှိ ရေကြောင်းလူငယ်စခန်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ရေကြောင်းလူငယ်စခန်းနှင့် ကျွန်းစုမြို့ရှိ ရေကြောင်းလူငယ် စခန်းတို့မှ သင်တန်းသား၊ သင်တန်းသူတို့သည် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့် တပ်မတော်(လေ)မှ လေယာဉ်များဖြင့် ရန်ကုန်မြို့သို့ အသီးသီး ရောက်ရှိကြသည်။

     အဆိုပါ ရန်ကုန်မြို့သို့ ရောက်ရှိလာသည့် သင်တန်းသား၊ သင်တန်းသူများသည် တပ်မတော်(ရေ)၏ နေ့စဉ်လုပ်ငန်းဆောင်တာများအား လက်တွေ့ကွင်းဆင်း လေ့လာ ခြင်း၊ လေ့လာရေးခရီးစဉ်များ သွားရောက်ခြင်း၊ တပ်မတော်(ရေ)မှ စစ်ရေယာဉ်ဖြင့် ရန်ကုန်မြစ်အတွင်း ခရီးတိုလေ့လာရေး အတွက် လိုက်ပါစီးနင်းခြင်းနှင့် ပြိုင်ပွဲများ ပြုလုပ်ကျင်းပခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။                        အလားတူ တပ်မတော်(လေ)က အခြေခံလေကြောင်း လူငယ်သင်တန်း (အကြီးတန်း အဆင့်) နှင့်အခြေခံလေကြောင်း လူငယ်သင်တန်း(အငယ်တန်းအဆင့်) သင်တန်းစခန်း ၁၇ ခုမှ သင်တန်းသား ၆၈၀ ဦးကို မိတ္ထီလာမြို့ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်နှင့် မြေပြင်အတတ်သင် လေတပ်စခန်းဌာနချုပ်တို့တွင် စုဖွဲ့၍ စခန်းသွင်းလေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေတွင် မြေပြင်အတတ်သင် လေတပ်စခန်းဌာနချုပ်၌  သင်တန်းပေါင်းစုံ RC လေယာဉ်/ ရဟတ်ယာဉ်/ Drone မောင်းပြိုင်ပွဲများ ဆက်လက်ကျင်းပ ပြုလုပ်ခဲ့ကြသည်။  မေလ ၁၇ ရက်တွင် လေကြောင်း အတတ်သင်လေတပ်စခန်း ဌာနချုပ်၌ စုပေါင်းသင်တန်းဆင်းပွဲ ပြုလုပ်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။