အဝေးပြေး ကုန်တင်ယာဉ်များ၌ ကျွမ်းကျင် ယာဉ်မောင်းရှားပါးမှု ဖြစ်ပေါ်နေ

ရန်ကုန် စီးပွားရေး

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး သို့ပြေးဆွဲလျက်ရှိသည့် အဝေးပြေးကုန်တင်ယာဉ်များ၌ ကျွမ်းကျင်ယာဉ် မောင်း ရှားပါး နေမှုကြောင့် ကျွမ်းကျင်ယာဉ်မောင်းများ မွေးထုတ်ပေးနိုင်ရေး   ကြိုးပမ်းလျက်ရှိ ကြောင်း မြန်မာ နိုင်ငံ အဝေးပြေးကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်း    အထွေထွေအတွင်းရေးမှူး  ဦးအောင်မိုး၏ပြောကြားချက်အရ  သိရသည်။

'' ယာဉ်မောင်းတွေကို   နိုင်ငံတော်က ခွင့်ပြုထားတာကတော့  လိုင်စင်အနီရှိမှ  မောင်းနှင်ခွင့်ပြုထားတယ်။ ဒါပေမဲ့ လိုင်စင် အနီရှိတဲ့သူရှားလာတော့  လိုင်စင်အနက် ရှိတဲ့သူလည်း မောင်းနေကြတယ်။   လော လောဆယ်မှာ ယာဉ်မောင်းတွေက နှစ်နှစ် လောက်မောင်းတတ်ပြီဆိုရင် လိုင်စင်အနက် တွေနဲ့  တက်မောင်းနေကြတယ်။ လိုင်စင် အနီရှိမှမောင်းရမယ်ဆိုတော့ ကျွမ်းကျင်တဲ့  ယာဉ်မောင်းလိုအပ်ချက်တွေရှိ နေတယ်။

ဒါကြောင့်လည်း ဌာနဆိုင်ရာတွေနဲ့ ညှိနှိုင်းပြီး ကျွမ်းကျင်ယာဉ်မောင်းတွေ မွေးထုတ် ပေးနိုင်ဖို့ အကောင်အထည် ဖော်နေတာ ဖြစ်ပါတယ်''ဟု ဦးအောင်မိုးကပြောသည်။

ထိုသို့ညှိနှိုင်းရာတွင်   လိုင်စင်အနက်  နှစ်နှစ်ကိုင်ဆောင်သူကို   လိုင်စင်အနီ  ထုတ်ပေးနိုင်ရန်ညှိနှိုင်းခဲ့သော်လည်း ဥပဒေ အရ ထုတ်ပေး၍မရသောကြောင့်  လိုင်စင် အနက်   သုံးနှစ်ပြည့်သူများကို    နေပြည် တော်၌     ယာဉ်ကြီး မောင်းနှင် သင်တန်း တက်စေကာ ယင်းသင်တန်းမှ လေ့ကျင့် အောင်မြင်ပြီးသူများကိုသာ လိုင်စင်အနီ ထုတ်ပေး နိုင်ရန်  ဆုံးဖြတ်ခဲ့ကြသည်။  ထို သင်တန်းကိုတက်ရောက်ခြင်းဖြင့် ကျွမ်းကျင်ယာဉ်မောင်းများထွက်ပေါ်စေရန် ကြိုးပမ်း လျက်ရှိသကဲ့သို့ အသင်းအနေဖြင့်  သင်တန်းတက်ရောက်သည့်  ယာဉ်မောင်း များအတွက် လိုအပ်သော ပံ့ပိုးကူညီမှုများ  လုပ်ဆောင်ပေးမည်ဖြစ်သည်။   လက်ရှိ ကာလအထိ   ကုန်တင်ယာဉ်မောင်း   စုစု ပေါင်းဦးရေ  ၂ဝဝဝ ခန့်ကို သင်တန်း ပို့ချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထက်ခိုင်(စမ်းချောင်း)