အောင်ပွဲရနိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ၏ ရင်တွင်းပီတိစကားသံများ

အောင်ပွဲရနိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ၏ ရင်တွင်းပီတိစကားသံများ

ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မေ ၅ ရက်မှ ၁၇ ရက်အထိ ကျင်းပလျက်ရှိရာ အားကစားနည်းအလိုက် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်၊ ငွေတံဆိပ်နှင့် ကြေးတံဆိပ်တို့ကို ရရှိခဲ့ကြပြီး ဖြစ်သည်။

မေ ၁၆ ရက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် မြို့သို့ ဘိလိယက်၊ စနူကာ၊ Pool 9 Ball အသင်း၊ လက်ဝှေ့နှင့် ဘော်လီဘောအသင်းတို့ ပြန်လည်ရောက်ရှိကြရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မိသားစုများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဂုဏ်ပြုကြိုဆိုကြရာ တာဝန်ရှိသူများနှင့် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ် ရရှိခဲ့ကြသည့် အားကစားသမားတို့၏   ရင်တွင်းပီတိစကားသံတို့ကို ဖော်ပြလိုက်ပါရသည်။

ကိုပေါက်စ(ဘိလိယက်ရွှေတံဆိပ်ဆုရှင်)

ကျွန်တော်က ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲမှာ ရွှေတံဆိပ်ရခဲ့တာပါ။ မနှစ်ကရွှေရခဲ့တာလည်း ခက်ခက် ခဲခဲနဲ့ယှဉ်ပြိုင်ခဲ့ရပါတယ်။ စင်ကာပူနိုင်ငံသား ခံယူထားတဲ့ အင်္ဂလန်ကစားသမားနဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။ ဒီနှစ်လည်း သူနဲ့ ဖိုင်နယ်မှာကြုံရတယ်။ နှစ်နှစ်ဆက်တိုက်သူနဲ့တွေ့ပြီး နှစ်နှစ်ဆက်တိုက်နိုင်တယ်လို့ ပြောရမှာပါ။ နိုင်ငံအတွက် ဂုဏ်တက်စေခဲ့တဲ့အတွက် အတိုင်းမသိဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။

အားတီ(ခ)ဘုန်းမြင့်ကျော်

ဆီးဂိမ်းမှာ ကျွန်တော်လေးမျိုး ဝင်ပြိုင်ပါတယ်။ စနူကာတစ်ဦးချင်းနဲ့နှစ်ယောက်တွဲ၊ Pool 9 Ball တစ်ဦး ချင်းနဲ့ နှစ်ယောက်တွဲပြိုင်ပွဲကိုယှဉ်ပြိုင်ခဲ့တာပါ။ စနူကာနှစ်ယောက် တွဲ နေမင်းထွန်းနဲ့အတွဲမှာ တတိယ ဆုရတယ်။ Pool 9 Ball တစ်ဦးချင်းပြိုင်ပွဲမှာ ရွှေရပြီးတော့ ကိုသော်ဇင်ထက်နဲ့ နှစ်ယောက်တွဲ မှာ ရွှေထပ်ရတယ်။ နိုင်ငံရဲ့တာဝန်ကို တစ်ဖက်တစ်လမ်းကနေ စွမ်းဆောင်ခွင့်ရခဲ့တဲ့ အတွက်လည်း ဝမ်းသာပါတယ်။

ကိုသော်ဇင်ထက်

(နှစ်ယောက်တွဲရွှေတံဆိပ်ဆုရှင်)

ပထမဆုံးအနေနဲ့ ပြောချင်တာက ကျွန်တော့်ကို ဘိလိယက်လောကထဲ ခေါ်ဆောင်လာပေးတဲ့  ဘိလိယက် ရွှေတံဆိပ်ဆုရှင် ဦးအောင်ဌေးကို ကျေးဇူးအထူးတင်ပါတယ်။ ဒုတိယအနေနဲ့ ကိုအားတီနဲ့ တွဲကစားခွင့်ပေးတဲ့အတွက်လည်း ကိုအားတီကို ကျေးဇူးအများကြီးတင်ပါတယ်။ ရွှေတံဆိပ်ဆုရအောင်  ပံ့ပိုးပေးခဲ့တဲ့  နိုင်ငံတော်နဲ့ ဝန်ကြီးဌာနကိုလည်း ကျေးဇူးတင်ပါတယ်။ ကိုအားတီနဲ့ Pool 9 Ball ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိခဲ့တာဟာ ကျွန်တော့်ဘဝမှာ မှတ်တိုင်တစ်ခုအဖြစ် ကျန်ရစ်ခဲ့ပါပြီ။ ဖိလစ်ပိုင် ဟာ ကမ္ဘာ့ချန်ပီယံဖြစ်တာကြောင့် ကျွန်တော်တို့ မလျှော့သောဇွဲနဲ့ အမှတ်နည်းနေပေမယ့် မထင်မှတ်ဘဲ အောင်မြင်မှုရအောင် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပါတယ်။ နိုင်ငံတကာကစားနည်းဖြစ်တဲ့အတွက် ရွှေရဖို့မလွယ်တဲ့ အားကစားနည်းမှာ  ရွှေရရှိအောင် ကြိုးစားပေးနိုင်ခဲ့တာကြောင့်   ဂုဏ်ယူပါတယ်။

တွေ့ဆုံမေးမြန်းသူ-ညိမ်းသူ

 (သတင်းစဉ်)