နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့တို့ရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားပြီး ထေ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့တို့ရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်

စစ်တွေ  မေ  ၁၇

    ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ ရွှေမင်းဂံဆိပ်ကမ်းသို့ ရောက်ရှိပြီး တပ်မတော် ကမ်းထိုးယာဉ်

ဖြင့် မောင်တောမြို့နယ်နှင့် ဘူးသီးတောင် မြို့နယ်တို့သို့ပေးပို့မည့် မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ကူညီထောက်ပံ့ရေး ပစ္စည်းများဖြစ်သည့်  ရေသန့်စင်စက်ရုံပါ ရေသယ်ယာဉ်နှစ်စီး၊ ဆန်၊ ဆီနှင့်ရိက္ခာများ၊ အမိုးအကာနှင့် ဆောက်လုပ်ရေးပစ္စည်းများ၊ ဆေးဝါးနှင့်ဆေးပစ္စည်းများ တင်ဆောင်နေခြင်းကို ကြည့်ရှုစစ်ဆေးပြီး   လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် အဖွဲ့သည် သက္ကေပြင်ကျေးရွာ အမှတ်(၁၀) အခြေခံပညာ အထက်တန်းကျောင်း၌ မုန်တိုင်းဒဏ်ကြောင့်  ခိုလှုံရောက်ရှိနေကြသော ဒေသခံပြည်သူများအား   တွေ့ဆုံအားပေးပြီး ဆန်၊ ခေါက်ဆွဲခြောက်နှင့် သောက်ရေသန့်များ ထောက်ပံ့ပေးသည်။ ဆက်လက်၍   ခေါင်းဒုက္ကာကျေးရွာသို့ ရောက်ရှိပြီး   အခြေခံပညာ အလယ်တန်းကျောင်းတွင်  လာရောက်ခိုလှုံနေကြသော ဒေသခံပြည်သူများအား ဆန်၊ ခေါက်ဆွဲခြောက်နှင့် သောက်ရေသန့်များ ထောက်ပံ့ပေးအပ်ပြီး အားပေးစကား ပြောကြားကြသည်။

ယင်းနောက် ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် အဖွဲ့သည်   စစ်တွေမြို့မှ   တပ်မတော် ရဟတ်ယာဉ်ဖြင့် ပုဏ္ဏားကျွန်းမြို့သို့ ထွက်ခွာပြီး အခြေခံပညာ အထက်တန်းကျောင်း (ပုဏ္ဏားကျွန်း)၊ ဦးရာဇ်မင်္ဂလာကြိုးတံတား၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတို့ မုန်တိုင်းဒဏ်ကြောင့် ယိုယွင်းပျက်စီးမှုများကို စစ်ဆေးပြီး အမြန်ဆုံးပြုပြင် ဆောင်ရွက်နိုင်ရေး မှာကြားကာ လိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် အဖွဲ့သည် မြို့မဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိကာ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကူညီထောက်ပံ့ပေးရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ  ဒေသခံပြည်သူများကလည်း ဝိုင်းဝန်းကူညီ ပေးကြစေလိုကြောင်း၊ ရိက္ခာ၊ ဆေးဝါးနှင့်အမိုးအကာများ၊ ဆောက်လုပ်ရေးပစ္စည်းများလည်း ဆက်လက်ပေးပို့၍ အမြန်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားပြီး ဒေသခံပြည်သူလူထုများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

ထို့နောက် မုန်တိုင်းဒဏ်သင့် ပြည်သူလူထုအတွက် ထောက်ပံ့ငွေကျပ်သိန်း ၃၀၀ နှင့် စားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နှင့် သောက်ရေသန့်များကို ထောက်ပံ့ပေးအပ်ကြသည်။

မွန်းလွဲပိုင်းတွင် ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် အဖွဲ့သည် လောကာနန္ဒာစေတီတော် ဘုရားဝင်းအတွင်းရှိ သာသနာ့ဗိမာန်တော်ကြီး၌ စစ်တွေမြို့ပေါ်ရှိ  ရပ်ကွက်များမှ မုန်တိုင်းဒဏ်ခံခဲ့ရသော ပြည်သူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်သည့် အခမ်းအနားသို့     တက်ရောက်ကြသည်။

အခမ်းအနားသို့ မြို့မိ၊ မြို့ဖများ၊ ဒေသခံ ပြည်သူများနှင့်အတူ  ရခိုင်ပြည်နယ် လေဘေးသင့်ပြည်သူများအား   နှစ်သိမ့်အားပေးရန် ရောက်ရှိနေသည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း ဦးဆောင်သော ရုပ်ရှင်နှင့် ဂီတအနုပညာရှင်များလည်း တက်ရောက်ကြသည်။

အခမ်းအနားတွင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက မိမိတို့အဖွဲ့ရောက်ရှိ လာပြီး ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ် ခံစားခဲ့ရသော မြို့နယ်များသို့ သွားရောက်၍ ပြည်သူများနှင့် တွေ့ဆုံအားပေးပြီး ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်မှုအခြေအနေ၊  ရိက္ခာ၊ ဆေးဝါးနှင့်ဆေးပစ္စည်း၊ အိမ်ဆောက်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်း ဆက်လက်ထောက်ပံ့ရန် စီစဉ်ဆောင်ရွက်ထားရှိမှု၊မုန်တိုင်းဒဏ်ခံမြို့ရွာများ သန့်ရှင်းရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးနေမှု၊ စာသင်ကျောင်းများ၊    ဆေးရုံများနှင့် ဘုန်းတော်ကြီးကျောင်းများအား အမြန်ပြုပြင်ရန် ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်ချက်နှင့်အညီ ပြန်လည်ထူထောင်ရေး ကိစ္စများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက   နိုင်ငံတော်အကြီးအကဲ လမ်းညွှန်ချက်ဖြင့် တာဝန်ရှိသူများက ယခုကဲ့သို့   အနီးကပ်လာရောက် ကြီးကြပ်ဆောင်ရွက်နေခြင်းကို ရခိုင်ပြည်နယ် ပြည်သူများကိုယ်စား ကျေးဇူးတင်ပါကြောင်းနှင့် မိမိတို့ပြည်သူလူထုကလည်း ပြန်လည်ထူထောင်ရေး ကိစ္စများတွင်   တက်ညီလက်ညီ ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

ထို့နောက် စစ်တွေမြို့ပေါ်၌ မုန်တိုင်းဒဏ်ခံခဲ့ရသော ပြည်သူများအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ဆန်အိတ် ၆၃၇၀၊ ဆီ ၇၆၄၅ ပိဿာ၊ ဆား ၆၁၄၄ ပိဿာနှင့် ပစ္စည်း ၁၇ မျိုးအိမ်သုံး ပစ္စည်းသေတ္တာများ၊ ခေါက်ဆွဲခြောက်ထုပ်များ၊  တာပေါ်လင်စများ၊ ထောက်ပံ့ငွေကျပ်သိန်း ၂၀၀ တို့ကို ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် တာဝန်ရှိသူများက ပေးအပ်ရာ ပြည်သူများက လက်ခံရယူကြသည်။ ဆက်လက်၍ ဆရာတော် အရှင်ဆေကိန္ဒက မုန်တိုင်းသင့်ပြည်သူများ အတွက်လှူဒါန်းသည့် စတီးပန်းကန်ပြားများ၊ ငါးနီတူခြောက်နှင့် ငါးပိထုပ်များကို ဆရာတော် ကိုယ်စား မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းနှင့် ရုပ်ရှင်၊ ဂီတအနုပညာရှင်များက လှူဒါန်းကြရာ ပြည်နယ် ဝန်ကြီးချုပ်က လက်ခံရယူကာ မြို့မိ၊ မြို့ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများ၊ အနုပညာရှင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး    အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။