ရေကြောင်းနှင့်လေကြောင်းလူငယ်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများ၏ စကားသံများ

ရေကြောင်းနှင့်လေကြောင်းလူငယ်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများ၏ စကားသံများ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၃)နှင့် အခြေခံ လေကြောင်းလူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် (အငယ်တန်းအဆင့်) (၁/၂၀၂၃) သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြားသည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသည့် သက်ဆိုင်ရာသင်တန်းအလိုက် သင်တန်းသား၊ သင်တန်းသူများ၏ စကားသံများကို ပြန်လည်မျှဝေလိုက်ရပါသည်-

မောင်ကျော်လွင်ဟိန်း၊

အခြေခံလေကြောင်းလူငယ်သင်တန်း

(အငယ်တန်းအဆင့်)

မြစ်ကြီးနားစခန်းမှာ တက်ရောက်ခဲ့တဲ့ မောင်ကျော်လွင်ဟိန်းဖြစ်ပါတယ်။ အခြေခံပညာကျောင်းမှာ Grade 10 တက်ရောက်မှာဖြစ်ပါတယ်။  ပထမဦးဆုံး သင်တန်းကို တက်ရောက်ခြင်းဖြစ်ပါတယ်။ နွေရာသီကျောင်းနားချိန်မှာ  ဗဟုသုတရချင်တဲ့အတွက်  ကျွန်တော့်ဆန္ဒအနေနဲ့ တက်ရောက်ခြင်း ဖြစ်ပါတယ်။ ကျွန်တော်ကြီးလာရင် ပိုင်းလော့တစ်ယောက်ဖြစ်ချင်တယ်။ လေကြောင်းပညာကို စိတ်ဝင်စားမှု ရှိတဲ့အတွက် နွေရာသီအားရက်မှာ အချိန်ကို အကျိုးရှိရှိ အသုံးချခဲ့ခြင်း ဖြစ်ပါတယ်။ သင်တန်းမှာသင်တဲ့ ဘာသာရပ်များက အခြေခံလေကြောင်းပညာ ဘာသာရပ်၊ လေယာဉ်ကိုယ်ထည်၊ လေယာဉ်အင်ဂျင်တည်ဆောက်မှု၊ စစ်ရေးပြဘာသာရပ်စတဲ့ ဘာသာရပ်များကိုလည်း သင်ရပါတယ်။ ဒီသင်တန်းတက်ပြီးတဲ့အချိန်မှာ အချိန်ကိုမြန်မြန်နဲ့မှန်မှန် အကျိုးရှိရှိအသုံးချနိုင်ခြင်း၊ အဖွဲ့အစည်းနဲ့ လုပ်ဆောင်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေခဲ့ပါတယ်။

ကျွန်တော်စိတ်ဝင်စားတဲ့ လေကြောင်း ပညာဗဟုသုတများကိုလည်း ရရှိခဲ့ပါတယ်။ နောက်နှစ်မှာ ဒီလိုသင်တန်းမျိုးရှိရင်လည်း ထပ်တက်ချင်ပါတယ်။ ကျွန်တော့်သူငယ်ချင်းများကိုလည်း တက်ရောက် စေချင်ပါတယ်။ ကိုယ်တိုင်ကြုံ၊ ကိုယ်တိုင်တက်ရရင် ပိုပြီးဗဟုသုတများစွာကိုလည်း ရရှိစေမှာဖြစ်ပါ တယ်။

မကေဇင်သွယ်၊ ရေကြောင်းလူငယ်

အခြေခံသင်တန်း

ရေကြောင်းလူငယ်အခြေခံသင်တန်း

အမှတ်စဉ် (၁/၂၀၂၃ ) အင်လျားစခန်းမှ သင်တန်းသူ  ကေဇင်သွယ်ဖြစ်ပါတယ်။ အထက (၂)  ဒဂုံဆိပ်ကမ်းကျောင်းက ရေကြောင်းလူငယ်သင်တန်းတက်ချင်တဲ့သူ တက်လို့ရတယ်ကြားလို့   ကျွန်မ  နာမည်စာရင်းပေးပြီး တက်ခဲ့တာဖြစ်ပါတယ်။ ရေကြောင်းပညာကိုလည်း စိတ်ဝင်စားလို့ တက်ရောက် ခြင်းလည်း  ဖြစ်ပါတယ်။ သင်တန်းမှာသင်ကြားတဲ့ ဘာသာတွေက စစ်ရေးပြဘာသာရပ်၊ လှေလှော်ရွက် တိုက်ဘာသာရပ်၊ ကြိုးချည်ကြိုးထုံး၊ အလံအချက်ပြစသဖြင့် အများကြီးပဲ သင်ရပါတယ်။ သင်တန်း တက်ရောက်ပြီးတဲ့အချိန်မှာ မနက်အိပ်ရာထနဲ့ ကျန်တဲ့အချိန်တွေကို အကျိုးရှိရှိ သုံးတတ်လာခြင်း၊ အဖွဲ့အစည်းနဲ့ စုပေါင်းလုပ်ဆောင်တတ်ခြင်း တို့ကိုရရှိစေပါတယ်။ သင်တန်းမှာ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ စုံစုံလင်လင်နဲ့လည်း တွေ့ရတယ်။ သူငယ်ချင်းများကိုလည်း ဒီလိုမျိုးသင်တန်းတွေကို တက်ရောက်ဖို့   ပြောချင်ပါတယ်။   ဒီသင်တန်းက ဘယ်လောက်ထိ အရေးပါသလဲဆိုတာ အားလုံးကို သိစေချင်ပါတယ်။

မသဲမြတ်နိုး၊  ရေကြောင်းလူငယ်

အခြေခံသင်တန်း

သမီးကတော့ တနင်္သာရီရေတပ်စခန်းဌာနချုပ် ရေကြောင်းလူငယ်အခြေခံ သင်တန်းစခန်း အမှတ်စဉ် (၁/၂၀၂၃) ကျွန်းစုစခန်းမှာ တက်ရောက်နေတာ ဖြစ်ပါတယ်။ သမီးကတော့ Grade-12 တက်ရောက်မယ့် ကျောင်းသူဖြစ်ပါတယ်။ သမီးအတွက်ဒီသင်တန်းက အကျိုးကျေးဇူးအများကြီး ရရှိခဲ့ပါတယ်။ ဒီသင်တန်း ကနေ အဖွဲ့အစည်းစိတ်ဓာတ်၊ ခွန်အားတွေ၊ သူငယ်ချင်း အချင်းချင်း ရင်းနှီးချစ်ခင်မှုတွေ၊ လူငယ် လူရွယ်တွေကို တစ်နေရာတည်းမှာ တွေ့ဆုံခွင့်ရတဲ့အတွက် အများကြီးလည်း အကျိုးကျေးဇူးတွေ ရရှိခဲ့ပါတယ်။  အခုလိုမျိုးရေကြောင်း လူငယ်တက်ရတဲ့အတွက် စစ်သမိုင်းပြတိုက်၊ ဘုရားတွေလည်း သွားရောက် ဖူးမြော်ခဲ့ရပါတယ်။ နိုင်ငံတော်အကြီးအကဲက သြဝါဒပေးတာဖြစ်တဲ့အတွက် အများကြီး အကျိုးကျေးဇူးရရှိပါတယ်။ သမီးရဲ့ အနာဂတ်ရည်မှန်းချက်ကတော့ နိုင်ငံတော်ကအားထားရတဲ့  အမျိုးသမီး အရာရှိတစ်ယောက် ဖြစ်ချင်ပါတယ်။

မနန်းမိုခမ်း၊ အခြေခံလေကြောင်းလူငယ်

သင်တန်း(အကြီးတန်းအဆင့်)

သမီးက မိုင်းရှူးကပါ။ သမီးအနေနဲ့ လေကြောင်းပညာကို  စိတ်ဝင်စားလို့ ဒီသင်တန်းကို လာရောက်ခြင်း ဖြစ်ပါတယ်။ အခြေခံတက်တုန်းကလည်း ဘာမှမသိတဲ့ အခြေအနေကနေ လေကြောင်းနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ အများကြီးသိရပါတယ်။ သူများတွေမေးရင်လည်း ကိုယ်သိသလောက် မျှဝေပေးနိုင်ခဲ့ ပါတယ်။ ထပ်ပြီး လေ့လာ ခွင့်ရချင်တဲ့အတွက် တန်းမြင့်သင်တန်းကို ထပ်မံတက်ရောက်ခဲ့တာပါ။ လေယာဉ် သမိုင်းတွေ၊ လေယာဉ်ပျံသန်းမှုအခြေခံ သဘောတရားတွေ၊ လေယာဉ်အင်ဂျင် တည်ဆောက်မှု ပိုင်းဆိုင်ရာတွေ၊ RC လေယာဉ်တပ်ခြင်း၊ ဖြုတ်ခြင်းတွေ၊ RC လေယာဉ် မောင်းခြင်းတွေ သင်ကြားခဲ့ရပါတယ်။ ဗဟုသုတတွေ အများကြီးရရှိပါတယ်။ သမီးရဲ့ အနာဂတ် ရည်မှန်းချက်ကတော့ တပ်မတော်(လေ)မှာ ဗိုလ်ကြီးမမ ဖြစ်ချင်ပါတယ်။

လင်းကြည်လင်း