သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ် ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးလျက်ရှိ

သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ် ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်၊ မေ - ၂၀

          သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေး အတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

          ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ပုဏ္ဏားကျွန်းမြို့တွင် ရောက်ရှိအခြေပြုလျက် ရှိသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ပုဏ္ဏားကျွန်းမြို့ရှိ  မြို့ဦးဘုန်းကြီးကျောင်း တွင် ရေသန့်များပေးဝေခြင်း၊ လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်။

          ထို့ပြင် ကျောက်တော်နှင့် မြောက်ဦးမြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ် ရေးအဖွဲ့များသည်လည်း ယနေ့တွင် အများပြည်သူ အဆင်ပြေချောမွေ့စွာ သွားလာနိုင် ရေး လမ်းများပေါ်တွင် ပိတ်ဆို့နေသော သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်း ကို ဆောင်ရွက်ပေးလျက်ရှိသည်။

          မောင်တောသို့ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် မောင် တောနှင့် မောရဝတီကြားရှိ ကားလမ်းမကြီးပေါ်တွင် လဲကျနေသော သစ်ပင်သစ်ကိုင်း ကြီးများအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် လိုအပ်သော ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

          ကျန်ရှိသည့်  သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးယာဉ်အုပ်စုများ အနေ ဖြင့် ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေးအတွက် လမ်းကြောင်းတစ်လျှောက် သစ်ပင်သစ်ကိုင်း ပိတ်ဆို့လဲကျနေမှုများအား ဖယ်ရှား ရှင်းလင်းခြင်း၊ မြေပြိုပိတ်ဆို့မှုများအား ရှင်းလင်းခြင်း၊ ရေလမ်းခရီးဖြင့် သွားလာရမည့် ဒေသများသို့ သွားလာနိုင်ရေး ရေယာဉ်များပေါ်သို့ ရွှေ့ပြောင်းခြင်းတို့ကို ပြုလုပ်၍ အမြန်ဆုံး ရောက်ရှိနိုင်ရေး ဆက်လက်ချီတက်လျက်ရှိကြောင်း သိရှိရသည်။

          ထို့ပြင် တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှုများအရ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ဆေးဝန်ထမ်းတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်မှ ဆေးတပ်ဖွဲ့ဝင်များ ဖြင့် ဖွဲ့စည်းထားသည့် အထူးဆေးကုသရေးအဖွဲ့သည် မေ ၁၆ ရက်တွင် စစ်တွေမြို့သို့ ရောက်ရှိခဲ့ပြီး စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်၌ ယာယီဆေးရုံ ဖွင့်လှစ်၍ နယ်မြေခံ ကျန်းမာရေးများနှင့် ပူးပေါင်း၍ ဆေးကုသမှုပေးရန် လိုအပ်သော သဘာဝဘေး ဒဏ် သင့်ပြည်သူများအား ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။