နိုင်ငံနှင့်လူမျိုးကိုချစ်သည့်စိတ်ဖြင့်

နိုင်ငံနှင့်လူမျိုးကိုချစ်သည့်စိတ်ဖြင့်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၃)နှင့်  အခြေခံလေကြောင်း လူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့်(အငယ်တန်းအဆင့်)(၁/၂၀၂၃)မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအား မေ ၁၉ ရက်ကတွေ့ဆုံအမှာစကားပြောကြားစဉ် ပညာပြည့်ဝနှလုံးရည်လှသည့် လူငယ်များ၏အားကသာ နိုင်ငံတော်ကို စစ်မှန်သည့် အကျိုးဖြစ်ထွန်းစေခြင်းကြောင့် မောင်တို့မယ်တို့သည် ပညာပြည့်ဝ နှလုံးလှသည့် လူငယ်များဖြစ်အောင် ကျင့်ကြံကြိုးစားကြရမည်ဖြစ်ကြောင်း၊ ပညာပြည့်ဝ နှလုံးရည် လှသူတိုင်းသည် အရာရာကို အကောင်းအဆိုး ခွဲခြားနိုင်စွမ်းရှိခြင်းကြောင့် ပညာ၏ အရေးပါမှုကို သိနားလည်ပြီး မိမိတို့၏ဘဝလမ်းကြောင်း မတိမ်းစောင်းအောင် ဂရုပြုနိုင်စွမ်းရှိကြကြောင်း၊ မိမိတို့တစ်ဦးချင်း၏ ဘဝလမ်းကြောင်း၊ မိမိ မိသားစု၏ အနာဂတ်လမ်းကြောင်းကို တည့်မတ်ဖြောင့်မတ်အောင် ထိန်းကျောင်း နိုင်မှသာလျှင် မိမိနိုင်ငံတော်ကိုလည်း မယိမ်းမယိုင်အောင် ကာကွယ်စောင့်ထိန်းနိုင်သူများ ဖြစ်လာကြမှာ ဖြစ်ကြောင်းဖြင့် ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်ကာကွယ်ရေးတာဝန်သည် နိုင်ငံသားတိုင်း၏ မွေးရာပါတာဝန်ဖြစ်သည်။ ထိုမွေးရာပါတာဝန်ကို လူငယ်တို့ သိရှိနေအောင်၊ စိတ်ဝင်စားအောင် ပြုစုပျိုးထောင်ပေးကြရမည် ဖြစ်သည်။ကျောင်းသား၊ ကျောင်းသူမျိုးဆက်သစ် လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိ ပညာများဖွံ့ဖြိုး တိုးတက်လာစေရန်၊ အားလပ်ရက်များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့်ပညာရပ်များကို လေ့လာဆည်းပူး နိုင်စေရန်နှင့် နိုင်ငံတော်အတွက်ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)မှ ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)မှ အခြေခံလေကြောင်းလူငယ်သင်တန်း(အကြီးတန်း အဆင့်)နှင့် အခြေခံလေကြောင်းလူငယ်သင်တန်း(အငယ်တန်းအဆင့်)သင်တန်းများကို ၂၀၂၃ ခုနှစ် ဧပြီ ၂၄ ရက်မှစတင်ကာ သက်ဆိုင်ရာမြို့နယ်အသီးသီးရှိသင်တန်းစခန်းများ၌ တစ်ပြိုင်တည်းဖွင့်လှစ်ခဲ့သည်။

 ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းအမှတ်စဉ်(၁/၂၀၂၃)ကို စခန်း(၁၁)ခုတွင် သင်တန်းသား၊ သင်တန်းသူ ၇၁၂ ဦးဖြင့်ဖွင့်လှစ်ခဲ့ပြီး  အခြေခံရေတပ်သားဘာသာရပ်၊ အခြေခံရေကူးနည်း၊ ရေကြောင်းလမ်းညွှန် သဘောတရားများ၊ ရေတပ်သား အခြေခံအချက်ပြ ဆက်သွယ်ရေးဆိုင်ရာနှင့် လှေလှော် ရွက်တိုက်နည်းများ၊ အသုံးချ ရေတပ်သားဘာသာရပ်၊ အသုံးချရေကြောင်းလမ်းညွှန်ဆိုင်ရာများ၊ နက္ခတ္တ ဗေဒနှင့် ဂျီပီအက်စ်အပါအဝင် ရေကြောင်းသွားလာရေးဆိုင်ရာများကို သင်ကြားပို့ချပေးခဲ့ပြီး စစ်ရေယာဉ်များဖြင့် လက်တွေ့စီးနင်းလိုက်ပါခြင်းများ၊ စစ်ရေယာဉ်များပေါ်တွင် တပ်ဆင်အသုံးပြုသည့် လက်နက်နှင့် လက်နက်စနစ်များ၊ ရေယာဉ်တည်ဆောက်နေမှုများ၊ ရေယာဉ်ခုတ်မောင်းရာတွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို လက်တွေ့လေ့လာခြင်းများ ဆောင်ရွက်ကာ ရေကြောင်းလူငယ်စခန်းပေါင်းစုံ တွေ့ဆုံပွဲနှင့် ပြိုင်ပွဲများကိုလည်းပြုလုပ်ခဲ့ကြသည်။

တပ်မတော်(လေ)မှ အခြေခံလေကြောင်း လူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်း လူငယ်သင်တန်း (အငယ်တန်းအဆင့်) သင်တန်းသားများအနေဖြင့် လေကြောင်းပညာသမိုင်းကို လေ့လာ ခြင်းဖြင့် လေကြောင်းနှင့်အာကာသ သိပ္ပံပညာရပ်များတွင် စိတ်ဝင်စားမှုတိုးပွားလာစေရန်၊ လေယာဉ်ပျံ သန်းမှုနှင့်သက်ဆိုင်သော ပညာရပ်များကို တတ်သိနားလည်ခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများတွင် အထောက်အကူ ဖြစ်လာစေရန်၊ စိတ်ဓာတ်၊စည်းကမ်းနှင့်  ကိုယ်လက်ကြံ့ခိုင်မှုကောင်းမွန်မြင့်မားပြီး စည်းလုံးညီညွတ်စွာ စုပေါင်းဆောင်ရွက်မှု အလေ့အကျင့်ရရှိစေရန်၊ လူငယ်များ၏ဝါသနာပါရာလေ့ကျင့်မှု အနေဖြင့် မြှင့်တင်ပေးရန်၊ မျိုးဆက်သစ်လူငယ်မောင်မယ်များကိုယုံကြည်ချက်၊ ခံယူချက်မြင့်မားမှန်ကန် စေပြီး အနာဂတ် တပ်မတော်နှင့် နိုင်ငံတော် တည်ဆောက်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် စသည့် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်သည်။

အခြေခံလေကြောင်းလူငယ်သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူများအား လေကြောင်းပညာသမိုင်း၊ လေယာဉ်ပျံသန်းမှု အခြေခံသဘောတရား၊ လေယာဉ်တည်ဆောက်မှုအခြေခံသဘောတရား၊ လေယာဉ်စက်အုံ တည်ဆောက်မှု အခြေခံများ၊ လေယာဉ်ပုံစံငယ် တည်ဆောက်မှု အခြေခံများ၊ RC Simulator မောင်းနှင်ခြင်း၊RC လေယာဉ်^ရဟတ်ယာဉ်မောင်းနှင်ခြင်း၊ အခြေခံစစ်ပညာ(လက်နက်မဲ့)စသည့် ဘာသာရပ်များ ပို့ချပေးခဲ့သည်။ သင်တန်းကာလတတိယပတ်တွင် သင်တန်းစခန်း(၁၇)ခုမှသင်တန်းသား ၆၈၀ ဦးတို့သည် မိတ္ထီလာမြို့၌ သင်တန်းသားများစုဖွဲ့၍ စခန်းသွင်းလေ့ကျင့်ခြင်း၊ တပ်မတော်(လေ) နေ့စဉ် လုပ်ငန်းဆောင်တာ များအား လက်တွေ့ကွင်းဆင်း လေ့လာခြင်း၊ သင်တန်းစခန်း အသီးသီးမှ ထူးချွန်သင်တန်းသားများကို Grob-120၊ Y-12 လေယာဉ်နှင့် H-120 ရဟတ်ယာဉ်များတွင် လိုက်ပါပျံသန်းခြင်းများနှင့် ပြိုင်ပွဲများကျင်းပခြင်းများကို လေ့ကျင့်သင်ကြားပေးခဲ့သည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံနှင့်လူမျိုးကို ချစ်သည့်စိတ်ဖြင့် အနာဂတ်နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်သူများ ပေါ်ထွန်းပါစေကြောင်း။ ။