ကျောင်းနေအရွယ်တိုင်း ကျောင်းအပ်ပေးပါ

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ မေ ၂၃ ရက်)

ကျောင်းနေအရွယ်တိုင်း ကျောင်းအပ်ပေးပါ

ပညာရေးကို အမျိုးမျိုးအဓိပ္ပာယ် ဖွင့်ဆိုကြသည်။ ပညာရေးဆိုသည်မှာ အမျိုးမျိုးသော သင်ယူလေ့လာမှု နည်းလမ်းများမှတစ်ဆင့်ရရှိသည့် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတ၊ ကျွမ်းကျင်မှု၊ စွမ်းရည်၊ အရည်အသွေးနှင့် တန်ဖိုးများဟု ဖွင့်ဆိုထားသည်လည်း ရှိပါသည်။ လူတစ်ယောက်သည် ပညာကို မွေးကင်းစ အရွယ်ကစပြီးဘဝတစ်သက်တာ သင်ယူလေ့လာနေကြရသည်။ ပညာကို သင်ယူလေ့လာ ထားသည့် လူတစ်ဦးချင်းစီသည် မိမိတတ်မြောက်ထားသည့် ပညာနှင့် ဘဝကိုပြည့်စုံအောင်မြင်အောင် တည်ဆောက်နိုင်မည်ဖြစ်သကဲ့သို့ မိမိကိုယ်တိုင်နှင့် မိမိပတ်ဝန်းကျင် လူမှုစီးပွားဘ၀ ဖွံ့ဖြိုး တိုးတက်စေပြီး လူ့အသိုက်အဝန်းကို အထောက်အကူ ပြုစေနိုင်မည်ဖြစ်သည်။

ဘက်စုံပညာရေးသည် လူတစ်ဦးချင်းစီ၏ ဘာသာရပ်ဆိုင်ရာ၊ နည်းပညာဆိုင်ရာ တတ်မြောက်မှုကို သာမက ပင်ကိုအရည်အသွေးများ၊ ကိုယ်ရည်ကိုယ်သွေးများကို ဘက်စုံမြှင့်တင်ပေးပါသည်။ စဉ်းစား သုံးသပ်တွေးခေါ်မှု၊ ပြဿနာဖြေရှင်းမှု၊ တီထွင်ဖန်တီးမှု၊ ဆန်းစစ်အကဲဖြတ်မှု၊ ပိုင်းခြားစိတ်ဖြာသုံးသပ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အလိုက်သင့်ဆောင်ရွက်တတ်မှု၊ လူမှုဆက်ဆံရေး၊ စိတ်ခံစားချက်နားလည်မှု၊ တရားမျှတမှု၊ လောကနီတိဆိုင်ရာအပြုအမူနှင့် ဦးဆောင်တတ်မှု အစရှိသည့် ဘက်စုံကျယ်ပြန့်သည့် အရည်အသွေးများ၊ စွမ်းရည်များ၊ ကိုယ်ရည်ကိုယ်သွေးများ၊ အသိပညာ၊ အတတ်ပညာများကို  ဘက်စုံ ပညာရေးက ပြည့်စုံစေမည်ဖြစ်ပါသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဘက်စုံပညာရေးသည် အရေးကြီးသည့် ကဏ္ဍတစ်ရပ်မှ ပါဝင်လျက်ရှိသည်။ ဘက်စုံပညာထူးချွန်သည့် လူ့စွမ်းအားအရင်းအမြစ်များသည် နိုင်ငံသားများ၏ ရပိုင်ခွင့်နှင့် တာဝန် ဝတ္တရားများကို ပိုမိုနားလည်သဘောပေါက်ကြသည်နှင့်အညီ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေး တွင် ပိုမိုပူးပေါင်းပါဝင်နိုင်သည့် အင်အားစုများ ဖြစ်လာကြမည် ဖြစ်ပေသည်။ မြန်မာနိုင်ငံအနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက် ရေးကို ဆောင်ရွက်လျက်ရှိရာတွင် အသိပညာ၊ အတတ်ပညာ၊ ပင်ကိုအရည်အသွေး၊ စွမ်းရည်များနှင့် ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်ရန် ဦးတည်ချက်ထား ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ပညာရေးသည် နိုင်ငံတော်တည်ဆောက်ရေး၏ အုတ်မြစ်ဖြစ်သည်။ ပညာတတ်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်ပညာရှင်များနှင့်သာ နိုင်ငံတော်ကိုဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင် မည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် လူသား အရင်းအမြစ်သည် အဓိကဖြစ်သည်။ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာကို အဓိက တည်ဆောက်ကြရသည်။ နိုင်ငံရေးတည်ငြိမ်မှု၊ ရင့်ကျက်မှု၊ စီးပွားရေးတိုးတက်မှုများသည် ပညာတတ် ပေါကြွယ်ဝမှုနှင့် တိုက်ရိုက်အချိုးကျနေပါသည်။ ထို့ကြောင့် နိုင်ငံဖွံ့ဖြိုးရေးအတွက် ပညာတတ်များ ပေါကြွယ်ဝရေးကို ဦးတည်ကြိုးပမ်းနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကျောင်းနေအရွယ်ကလေးအားလုံး အရည်အသွေးကောင်းမွန်ပြီး အဆင့်မီသည့် ပညာသင်ယူနိုင်ခွင့်ရစေရန် ဖန်တီးဖော်ဆောင်ပေးလျက်ရှိသည်။ Education for All ဆိုသည့်အတိုင်း အားလုံးအတွက်ပညာရေးကို နိုင်ငံတော်အစိုးရက မဖြစ်မနေ အကောင်အထည် ဖော်လျက်ရှိသည်။  မြန်မာနိုင်ငံအနေဖြင့် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိရေး၊ အနည်းဆုံး အလယ်တန်း အဆင့် KG+9 ပြီးမြောက်သည်အထိ ပညာသင်ယူနိုင်ရေးနှင့် အနာဂတ် ပညာရေး ပိုမို ကောင်းမွန်လာစေရေးတို့ကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် တက်ညီလက်ညီ ကြိုးစား ဆောင်ရွက်ကြမည်ဆိုပါက မအောင်မြင်စရာ အကြောင်းရှိမည်မဟုတ်ပေ။

နိုင်ငံတော်အနေဖြင့်  အခမဲ့ပညာရေး အစီအစဉ်အရ ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့ပေးနေသကဲ့သို့ အတန်းကူးပြောင်းသွားကြသည့် ကျောင်းသားများထံမှ ကျောင်းဝတ်စုံများနှင့် စာအုပ်များကို လိုအပ်သည့် ကျောင်းသားများဆီ လွှဲပြောင်းပေးအပ်ခြင်းနှင့် အမှန်တကယ်ကျောင်းနေရန် အခက်အခဲရှိသည့် ချို့တဲ့သူများကို ပညာသင် ထောက်ပံ့ကြေး ပံ့ပိုးပေးခြင်းတို့သည် အခက်အခဲရှိသည့်မိဘများ၏ ဝန်ထုပ်ဝန်ပိုးကို အထိုက် အလျောက် လျော့ကျစေနိုင်ပြီး ကလေးများကို ကျောင်းထားရေးအတွက် အထောက်အကူ ပြုနိုင်မည် ဖြစ်ပါသည်။

နိုင်ငံတော်အနေဖြင့် ပညာရေးအသုံးစရိတ်များ နှစ်စဉ်တိုးမြှင့်ခွင့်ပြုပေးပြီး ပညာရေးကဏ္ဍမြင့်မားစေရန် အဘက်ဘက်မှ ပံ့ပိုးပေးလျက်ရှိသည်။ ကျောင်းသားမိဘများအနေဖြင့် မိမိတို့၏ သားသမီးများကို အမှန်တကယ် စာတတ်မြောက်စေရန် ကျောင်းအပ်နှံ ပေးကြရမည်ဖြစ်သည်။ ကလေးများကို ကျောင်း ထားရန် တွန့်ဆုတ်နေကြသည့်မိဘများကို ပညာတန်ဖိုးနားလည် သဘောပေါက်အောင် စည်းရုံးပြီး လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းက ကူညီပံ့ပိုးပေးရန် အသင့်ရှိနေသည်ဟု ယုံကြည်လာအောင် ဆောင်ရွက်ပေးနိုင်ပါက ကျောင်းတက်သည့် ကလေးအရေအတွက်လည်း ပိုတိုးလာမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေးအတွက်မိဘများကိုယ်တိုင်က စိတ်ဝင်တစားရှိရန် လိုအပ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။