ဒေသပိုမိုတိုးတက်ဖွံ့ဖြိုးရေး

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ မေ ၂၄ ရက်)

ဒေသပိုမိုတိုးတက်ဖွံ့ဖြိုးရေး

မြန်မာနိုင်ငံအတွင်းသို့ ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့တွင် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ((MOCHA) ဝင်ရောက်တိုက်ခတ်ခဲ့သည်။ မိုခါမုန်တိုင်း၏လမ်းကြောင်းမှာ မြန်မာနိုင်ငံ၏ အနောက်ဘက်မှ အရှေ့မြောက်ဘက်သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ထိုလမ်းကြောင်းတွင် ပုဂံဒေသလည်း ပါဝင်လျက်ရှိသည်။ မုန်တိုင်းကြောင့် ပုဂံဒေသတွင် မိုးရွာသွန်းမှု များပြားခဲ့သည်။ ထိုအချိန်က တောင်တရုတ်ပင်လယ်တွင်လည်း မုန်တိုင်းတစ်ခုဖြစ်ပေါ်ခဲ့သည်။ မုန်တိုင်းနှစ်ခု ပေါင်းစည်း မိသွားပါက အလွန်ပြင်းထန်သည့် မုန်တိုင်းတစ်ခုဖြစ်လာမည်ဟု သုံးသပ်ထားသည်။ သို့သော် တောင် တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းမှာ ပျက်ပြယ်သွားခဲ့သဖြင့် မြန်မာနိုင်ငံအနေဖြင့် ထိခိုက်ဆုံးရှုံးမှု ဖြစ်ပွားနိုင်သည်ထက် များစွာသက်သာသွားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မေ ၁၆ ရက်က ညောင်ဦးခရိုင်အတွင်း သဘာဝဘေးအန္တရာယ် ထိခိုက်မှုနှင့်ပတ်သက်၍ ပုဂံရှေးဟောင်း နယ်မြေရှိ ပုဂံယဉ်ကျေးမှုပြတိုက်၌ ကျင်းပပြုလုပ်သည့်အစည်းအဝေးတွင် အမှာစကားပြောကြားရာ၌ “ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း သစ်ပင်များစိုက်ပျိုးရန်အတွက် မိမိအနေဖြင့် ယခင် ကတည်းက တိုက်တွန်းခဲ့ကြောင်း၊ မြေ Level များကို ထိန်းညှိနိုင်ခြင်းမရှိသဖြင့် ရေဝပ်မှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် မြေ Level များကို ထိန်းညှိပြီး ရေထွက်ပေါက်များ စနစ်တကျ ဖောက်လုပ်ရန်လိုကြောင်း၊ ရှေးဟောင်းဘုရားကြီးများဖြစ်သဖြင့် ထိခိုက်လွယ်ကြောင်း၊ ထို့ကြောင့် တန်ခိုးကြီးရှေးဟောင်းဘုရားကြီးများ ထိခိုက်မှုမရှိအောင် စနစ်တကျဖြင့် ထိန်းသိမ်း ဆောင်ရွက်ရန် လိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း သဘာဝဘေး အန္တရာယ်ကျရောက်ခဲ့မှုကြောင့် ရွှေစည်းခုံစေတီ၊ အာနန္ဒာဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဠာမဏိဘုရား၊ ဓမ္မရာဇကဘုရား၊ ဆင်ဖြူရှင်ကွန်းပလက်၊ ခေမင်္ဂဘုရား၊ သပိတ်မှောက်ဘုရား၊ ထီးလိုမင်းလိုဘုရား၊ လေးမျက်နှာဘုရား၊ ဆင်ပေါင်းအုတ်ကျောင်း၊ ဓမ္မရာဇကအနီးရှိဘုရား၊ ပုဂံမျှော်ဘုရား၊ ရွာဟောင်းကြီး ဘုရား၊ ရွှေနန်းရင်တောဘုရားတို့၌ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ပြီး ရှေးဟောင်းဘုရား/အဆောက်အအုံ ရှစ်ခုတို့တွင် ထိခိုက်ပျက်စီးမှု အနည်းငယ်ဖြစ်ပေါ်ခဲ့သည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရား၊ စေတီ၊ ပုထိုးများသည် ရှေးဟောင်း သမိုင်းဝင်လက်ရာများ ဖြစ်ပြီး တန်ဖိုးမဖြတ်နိုင်သည့် အမွေအနှစ်များ ဖြစ်သည်။ ယခင်ခေတ်က ဘုရား၊ စေတီ၊ ပုထိုးများ တည်ဆောက်ရာတွင် အသုံးပြုသည့်ကော်ရည်ကို ဥသျှစ်သီး၊ တင်လဲရည်၊ ထုံး၊ အုတ်နီမှုန့်၊ သဲတို့ကို ရောစပ်အသုံးပြုသည်ဟု သိရှိရသည့်အတွက် တာဝန်ရှိသူများအနေဖြင့် ၎င်းကော်ရည်ဖော်စပ်မှုကို ယခင် ခေတ်နည်းလမ်းများအတိုင်း အချိုးအစားအမျိုးမျိုးဖြင့် သုတေသနပြုရောစပ်ခြင်း၊ ဓာတ်ခွဲခြင်း များဖြင့် ဖော်ဆောင်စမ်းသပ်ဆောင်ရွက်ရန်နှင့် စမ်းသပ်မှုအောင်မြင်ပါက ရှေးဟောင်းဘုရားစေတီ ပုထိုးများကိုပြုပြင်ရာ၌ ထိရောက်စွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော် အကြီးအကဲက မှာကြားခဲ့သည်။

နိုင်ငံတော်အကြီးအကဲသည် မေ ၁၅ ရက်တွင် စစ်တွေမြို့၌လည်းကောင်း၊ မေ ၁၆ ရက်တွင် ပုဂံ ရှေးဟောင်းနယ်မြေသို့လည်းကောင်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုကို စစ်ဆေး ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ် မြေသည် နိုင်ငံအတွက်အစားထိုးမရသည့် ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်ပြီး တန်ဖိုးဖြတ်၍ မရနိုင် သည့် ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်သဖြင့် ထိခိုက်ပျက်စီးမှုများမရှိအောင် ထိန်းသိမ်းစောင့်ရှောက် ကြရမည်ဖြစ်သည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် သစ်ပင်စိုက်ပျိုးမှုနှင့်ပတ်သက်၍ နယ်မြေအတွင်း အန္တရာယ် ရှိသည့် အပင်အိုများကို ခုတ်ထွင်ရှင်းလင်းပြီး အပင်ပျိုများကို ထပ်မံစိုက်ပျိုးသွားရမည်ဖြစ်သည်။ ဒေသအတွင်း သာယာလှပစေရေးအတွက် ဒေသနှင့်ကိုက်ညီသည့် ပန်းမန်များ၊ မျက်စိပသာဒဖြစ်ပြီး အရိပ်ရသည့် အပင်ကြီးမျိုးများကို စိုက်ပျိုးကြရမည်ဖြစ်သည်။ အမြဲတမ်းစိမ်းစိုနေသည့် အပင်များကို စိုက်ပျိုး၍ ပတ်ဝန်းကျင်အလှအပကို ဖန်တီးပေးရမည်ဖြစ်သည်။  အဓိကကျသည့်လမ်းများကို  နိုင်လွန် ကတ္တရာလမ်းများ ခင်းကျင်းပြီး လမ်းများချောမွေ့စေရေး ဆောင်ရွက်ရမည်ဖြစ်သည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသည် ပြည်တွင်း၊ ပြည်ပခရီးသွား အများဆုံးလာရောက်သည့် ဒေသဖြစ်ပေရာ ခရီးသွားလုပ်ငန်းများကြောင့် ရှေးဟောင်းပစ္စည်းများ လျော့နည်းပပျောက်မှုမရှိစေရေး၊ ပစ္စည်းများ လုံခြုံမှုရှိရန်နှင့် ရှေးဟောင်းအနုပညာလက်ရာများ ပျက်စီးမှုများမရှိအောင် ထိန်းသိမ်း ကြရမည်ဖြစ်သည်။ ဈေးဆိုင်များစနစ်တကျရှိပြီး ရောင်းချသည့်ပစ္စည်းများမှာလည်း ပုဂံဒေသမှ ထုတ်လုပ်သည့် ပစ္စည်းများဖြစ်ရပေမည်။ ပုဂံဒေသတွင်ပုံးရည်ကြီး ထွက်ရှိသဖြင့် ပုန်းရည်ကြီးကို အခြေခံသည့် အဆင့်မြင့်ဒေသအစားအစာများကို ကြံဆဆောင်ရွက်ကာ ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေမှ ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်ရေးဆောင်ရွက်မည်ဆိုပါက ပုဂံဒေသသည် ယခုထက် ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။  ။