(၁၈)ကြိမ်မြောက် အာရှမီဒီယာထိပ်သီးညီလာခံ ဖွင့်ပွဲအခမ်းအနားကျင်းပ

(၁၈)ကြိမ်မြောက် အာရှမီဒီယာထိပ်သီးညီလာခံ ဖွင့်ပွဲအခမ်းအနားကျင်းပ

 (၁၈)ကြိမ်မြောက် အာရှမီဒီယာထိပ်သီးညီလာခံ (18th Asia Media Summit) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ ဒန်ပါဆာမြို့(ဘာလီ)ရှိ Grand Hyatt Hotel မှ Ballroom  ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့်   မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ပြီး   ပါဝင်ဆွေးနွေးသည်။

ရှေးဦးစွာ 18th Asia Media Summit  ဖွင့်ပွဲအခမ်းအနားကျင်းပရာ အင်ဒိုနီးရှား သမ္မတနိုင်ငံ ဒုတိယသမ္မတ မာရွတ်အမင် (H.E.K.H Ma Ruf Amin)၊ အာရှ-ပစိဖိတ် ရုပ်သံလွှင့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (Asia-Pacific Institute for Broadcasting Development -AIBD)   ညွှန်ကြားရေးမှူး Ms.Philomena Gnanapragasam၊ အင်ဒိုနီးရှား ရုပ်မြင်သံကြားနှင့်အသံလွှင့်ဌာန (TVRI) President  Director Mr. Iman Brotoseno၊   ကုလသမဂ္ဂ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (UNESCAP) အမှုဆောင်အတွင်းရေးမှူးနှင့်  ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ် H.E.Armida Salsiah Alisjahbana၊ အာဆီယံ အတွင်းရေးမှူးချုပ် H.E. Dr. Kao Kim Hourn နှင့် AIBD ဒုတိယဥက္ကဋ္ဌ Razal Giovanni Aportadera Jr.  တို့က နှုတ်ခွန်းဆက်စကားပြောကြားကြသည်။

ထို့နောက် ထိပ်သီးညီလာခံ၏ ဝန်ကြီးအဆင့်ဆွေးနွေးပွဲကို  ကိုဗစ်-၁၉ အလွန် စီးပွားရေးပြန်လည်ထူထောင်ရာ၌ မီဒီယာ၏အခန်းကဏ္ဍ (Role of  Media in Economic Recovery) ခေါင်းစဉ်ဖြင့် ကျင်းပရာ   ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး H.E. Dr. Kheiu Kanharith ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြန်ကြားရေးနှင့်ရုပ်သံလွှင့်ဝန်ကြီးဌာန ဝန်ကြီး H.E.Dr. Hasan Mahmud၊ ဆာမိုအာနိုင်ငံ ဆက်သွယ်ရေး၊ ပြန်ကြားရေးနှင့် နည်းပညာဝန်ကြီးဌာန ဝန်ကြီး H.E. Toelupe Poumulinuku Onesemoနှင့် ဖီဂျီသမ္မတနိုင်ငံဝန်ကြီးချုပ်ရုံး ဒုတိယဝန်ကြီး H.E.Sakiusa Tubuna တို့က ဦးဆောင် ဆွေးနွေးသူများအဖြစ်  တက်ရောက်ဆွေးနွေးကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် Vaccination Management Information System ကို ရေးဆွဲပြီး ပြည်သူများ၏ ကာကွယ်ဆေးထိုး မှတ်တမ်းပြုစု၍ စနစ်တကျ ဆောင်ရွက်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးလုပ်ငန်းစီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ်ဖြင့်   ရောဂါကိုထိန်းချုပ်ကာကွယ်ခြင်း၊  အသိပညာပေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ  ဆောင်ရွက်ခဲ့ ကြောင်း၊  ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခဲ့ရသော အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ အမြန်ပြန်လည် လည်ပတ်နိုင်ရေးအတွက် သီးခြားရန်ပုံငွေထူထောင်၍ အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေများ စိစစ်ထုတ်ချေးပေးခဲ့ပြီး ယင်းသို့ထောက်ပံ့မှု အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ အများပြည်သူထံသို့ ပြန်ကြားထုတ်လွှင့်ပေးခဲ့ကြောင်း။

အထူးသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများ ပြန်လည် ကုစားနိုင်ရေးအတွက် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍမှ ထိခိုက်မှုအများဆုံးဖြစ်ခဲ့သည့် လုပ်ငန်းများအတွက် ကိုဗစ်-၁၉ ရန်ပုံငွေမှချေးငွေများ အချိန်နှင့် တစ်ပြေးညီထုတ်ချေးခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် ပြိုလဲခဲ့ရသည့် ပုဂ္ဂလိက မီဒီယာများ ပြန်လည်ဦးမော့လာစေရေးအတွက် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်နိုင်ရန်  ပြန်ကြားရေးဝန်ကြီးဌာနတွင် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအသစ်ကို မကြာမီက ဖွဲ့စည်းခဲ့ကြောင်း၊  မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ခဲ့ပြီး စီးပွားရေး ပြန်လည်နိုးထစေရေး ကနဦး အစီအစဉ်များကိုလည်း စတင်ဆောင်ရွက်နေကြောင်း။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုစိတ်ဝင်စားမှုများသည့် ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆု ချီးမြှင့်ပွဲကဲ့သို့ နိုင်ငံတော်အဆင့်အခမ်းအနားများကို အခက်အခဲ များကြားမှ ကိုဗစ်-၁၉ မတိုင်မီကာလများကကဲ့သို့ စည်စည်ကားကား၊ အောင်အောင် မြင်မြင်၊ ပျော်ပျော်ရွှင်ရွှင်ဖြစ်အောင် တာဝန်ယူ စီစဉ်ကျင်းပနိုင်ခဲ့ကြောင်း၊ ပြီးခဲ့သည့် မေ ၁၄ ရက်တွင် အလွန့်အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) မိုခါ (MOCHA)သည် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသ စစ်တွေမြို့အနီးမှ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် ၁၃၅  မိုင်နှုန်းဖြင့် ဖြတ်ကျော် ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း၊ အဆိုပါ မုန်တိုင်းဝင်ရောက်နိုင်ခြေရှိမှုကို ကြိုတင်တွက်ချက်သိရှိနိုင်ခဲ့ခြင်း၊ ထိခိုက်မှုအနည်းဆုံးဖြင့် မုန်တိုင်းအန္တရာယ်ကို အောင်မြင်စွာ ကျော်လွှားနိုင်ရန်အတွက် အစီအမံများဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ခဲ့ခြင်း၊ နိုင်ငံပိုင်နှင့်   ပုဂ္ဂလိက   မီဒီယာများ၏ ထိရောက်သည့် အသိပညာပေးမှုများကို အချိန်မီ   ထုတ်ပြန်ဆောင်ရွက်နိုင်ခဲ့ခြင်း တို့ကြောင့်  လူပေါင်းများစွာ၏  အသက်အန္တရာယ်များစွာကို ကယ်တင်နိုင်ခဲ့ကြောင်းနှင့် သတင်းမီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများတွင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို တက်တက်<က<ကဖြင့်  ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း   ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အာရှ-ပစိဖိတ်    ဒေသတွင်းနိုင်ငံများ ပြန်ကြားရေး ကဏ္ဍဆိုင်ရာ ဝန်ကြီးအဆင့်  အစည်းအဝေးနှင့် အိမ်ရှင်အင်ဒိုနီးရှားနိုင်ငံ ပြန်ကြားရေးဌာနနှင့်  AIBD တို့က ပူးပေါင်းတည်ခင်းသည့် အလုပ်သဘောနေ့လယ်စာစားပွဲသို့ တက်ရောက်သည်။

နေ့လယ်စာစားပွဲတွင်  ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၌  သတင်းတု/သတင်းမှားများ  ထိုးနှက်မှု အန္တရာယ်ကို ဆွေးနွေးပြောကြားရာ AIBD မှ တာဝန်ရှိသူများနှင့် တက်ရောက်ကြသူများက နားလည် သဘောပေါက်ပြီး သတင်းမှားတိုက်ဖျက်ရေးနှင့် သတင်းမှန်ပြန်ကြားရေးတွင် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးပြောကြားကြသည်။

မွန်းလွဲပိုင်းတွင် ဆွေးနွေးပွဲကိုဆက်လက်ကျင်းပရာ တက်ရောက်လာကြသည့် ပြန်ကြားရေးကဏ္ဍဆိုင်ရာ ဝန်ကြီးများ၊  ဒုတိယဝန်ကြီးများ၊ အာရှ-ပစိဖိတ် ဒေသတွင်းနှင့် ဒေသပြင်ပရုပ်/သံလွှင့်ဌာနများမှ အကြီးအကဲများ၊ အစိုးရနှင့်ပုဂ္ဂလိကရုပ်သံအဖွဲ့အစည်းများမှ  ကိုယ်စားလှယ်များ၊ မီဒီယာကျွမ်းကျင်ပညာရှင်များ၊  မူဝါဒချမှတ်သူများနှင့် AIBD မှ တာဝန်ရှိသူများက ရုပ်သံလွှင့်ကဏ္ဍတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်   နည်းပညာရပ်များဖြင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။

(၁၈)ကြိမ်မြောက် အာရှမီဒီယာထိပ်သီးညီလာခံ အစည်းအဝေးကို အာရှ-ပစိဖိတ် ရုပ်သံလွှင့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန(AIBD)နှင့် အင်ဒိုနီးရှားရုပ်မြင် သံကြားဌာနတို့ပူးပေါင်း၍ မေ ၂၁ ရက်မှ  ၂၅ ရက်ထိ ကျင်းပခြင်းဖြစ်ပြီး အစည်းအဝေးသို့ အာရှ-ပစိဖိတ် ဒေသတွင်းနှင့် ဒေသပြင်ပရှိ နိုင်ငံပေါင်း ၃၈  နိုင်ငံမှ သတင်းအချက်အလက်နှင့် မီဒီယာဆိုင်ရာ အကြီးအကဲများ၊ အဆင့်မြင့်အရာရှိကြီးများ၊ AIBD  မှ တာဝန်ရှိသူများ၊ မီဒီယာကျွမ်းကျင်သူများ၊ မူဝါဒချမှတ်သူများနှင့် စိတ်ပါဝင်စားသူ  ကိုယ်စားလှယ်ပေါင်း  ၃၅၀ ခန့် တက်ရောက်ကြသည်။

ညပိုင်းတွင် 18th ASIA MEDIA SUMMIT ၂၀၂၃ ၏ AIBD မှ စီစဉ်သည့် ရုပ်သံအစီအစဉ်ပြိုင်ပွဲများ၌ အကောင်းဆုံး   ရုပ်သံအစီအစဉ်ဆု (Best TV Programme Award)နှင့် အကောင်းဆုံးရေဒီယို အစီအစဉ်ဆု  (Best  Radio Programme Award) ရရှိကြသူများ၊   ဒိုင်အဖွဲ့ဝင်အထူးဆု (Special Jury Award on TV Programme)ရရှိကြသူများနှင့် ရေရှည်တည်တံ့မှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ နည်းပညာဆု(Award for Sustainability & Green Technology Award) ရရှိကြသူများအား ဆုချီးမြှင့်ပွဲနှင့်အတူ ဂုဏ်ပြုညစာစားပွဲကို  Grand Hyatt Hotel ရှိ ကမ်းခြေပန်းခြံတွင် ရိုးရာနှင့် ခေတ်ပေါ် အဆိုအကအတီးများဖြင့် ခမ်းနားစွာစီစဉ်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးလည်း ပါဝင်တက်ရောက်၍ ဆုချီးမြှင့်ခဲ့သည်။

အာရှ-ပစိဖိတ် ရုပ်သံလွှင့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန  (AIBD) UNESCO ၏ အစီအစဉ်ဖြင့် မလေးရှားနိုင်ငံ၌ ၁၉၇၇  ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် ဒေသတွင်းမှ တင်းပြည့် အဖွဲ့ဝင် ၂၆  ဖွဲ့နှင့်အာရှ၊ ပစိဖိတ်၊ ဥရောပ၊ အာဖရိက၊ အာရပ်နှင့် မြောက်အမေရိက စသည့်ဒေသများမှ မိတ်ဖက်အဖွဲ့အစည်းပေါင်း  ၅၀ ကျော်  ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) သည် အာရှ-ပစိဖိတ် ရုပ်သံလွှင့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန  (AIBD) သို့ တင်းပြည့် အဖွဲ့ဝင်အဖြစ် ၁၉၉၇   ခုနှစ်က ဝင်ရောက်၍ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

အာရှသတင်းမီဒီယာ   ထိပ်သီးအစည်းအဝေး(Asia  Media   Summit)ကို နှစ်စဉ်ကျင်းပလေ့ရှိရာ 14th Asia Media Summit အား ၂၀၁၇ ခုနှစ်က တရုတ်နိုင်ငံ ချင်းတောင်မြို့တွင်လည်းကောင်း၊ 15th Asia Media Summit အား ၂၀၁၈ ခုနှစ်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌လည်းကောင်း၊ 16th Asia Media Summit အား  ၂၀၁၉ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့၌ လည်းကောင်းကျင်းပခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်များတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်  ကျင်းပနိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း၊  ၂၀၂၂ ခုနှစ်တွင် AIBD အခြေစိုက်သည့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ အွန်လိုင်းမှတစ်ဆင့် 17th Asia Media Summit ကို ကျင်းပခဲ့ပြီး ယခု ၂၀၂၃ ခုနှစ်တွင် အင်ဒိုနီးရှား ရုပ်မြင် သံကြားနှင့် အသံလွှင့်ဌာန(TVRI)က (၁၈)ကြိမ်မြောက် အာရှမီဒီယာထိပ်သီးညီလာခံ (18th Asia Media Summit) ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။