နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် အပျက်အစီးများ ရှင်းလင်းပြီးစီးမှုနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအား သွာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် အပျက်အစီးများ ရှင်းလင်းပြီးစီးမှုနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေး

စစ်တွေ   မေ  ၂၃

    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေတက္ကသိုလ်သို့ ရောက်ရှိကြပြီး မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့်အပျက်အစီးများ ရှင်းလင်းပြီးစီးမှုနှင့် စာသင်ဆောင်များ အမိုးမိုးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးရာ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ကြည့်ရှုစစ်ဆေးစဉ်   ဗိုလ်ချုပ်ကြီး တင်အောင်စန်းက   စာသင်ကျောင်းများ မဖွင့်လှစ်မီ ဦးစားပေးပြုပြင်ရန် လိုအပ်သည့် စာသင်ဆောင်များကို အချိန်မီပြီးစီးအောင် ပြင်ဆင်ဆောင်ရွက်သွားရန်နှင့် ကျောင်းဖွင့်ချိန်တွင်   သင်ကြားသင်ယူမှု လုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်သွားရန် မှာကြားပြီး လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း  ပြောကြားသည်။

ထို့နောက် မုန်တိုင်းတိုက်ခတ်ချိန်တွင် ဒီရေမြင့်တက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော စစ်တွေ-ပလ္လင်ပြင်လမ်းပေါ်ရှိ သဲချောင်းတံတားနေရာ၌ ဒေသခံပြည်သူများ ယာယီ သွားလာရေး လွယ်ကူစေရန်   အစားထိုး ဆောင်ရွက်ထားသည့်   နှစ်လွှာတစ်ထပ် ဘေလီတံတား  တည်ဆောက်ပြီးစီးမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ယာယီဘေလီတံတား တည်ဆောက်ပြီးစီးမှုနှင့် တံတားအသစ်ထပ်မံ တည်ဆောက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ မုန်တိုင်းတိုက်ခတ်ချိန်တွင် ထိခိုက်ပျက်စီးခဲ့သော ဒါးပိုင်တံတားနေရာ၌ ဒေသခံပြည်သူများ ယာယီသွားလာရေး လွယ်ကူစေရန် အစားထိုး ဆောင်ရွက်ထားသည့်  တစ်လွှာတစ်ထပ် ဘေလီတံတား တည်ဆောက်ပြီးစီးမှုကို   ကြည့်ရှုစစ်ဆေးသည်။

အဆိုပါတံတားများသည် မေ ၁၄ ရက်က တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် တံတားများဖြစ်ပြီး  ဒေသခံပြည်သူလူထု၏ ပညာရေး၊  ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးကိစ္စများ   လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေး အသုံးပြုသွားလာနိုင်ရန်  ယာယီဘေလီတံတား တည်ဆောက်ရေး လုပ်ငန်းများကို ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာနက မေ ၁၆ ရက်မှစ၍ တည်ဆောက်ရေး ပစ္စည်းများ စုဆောင်းခြင်းကို ဆောင်ရွက်ခဲ့ပြီး မေ ၁၈ ရက်မှစ၍ သဲချောင်းတံတားကို ပေ ၁၄၀ အရှည်၊ ယာဉ်/ကုန် ခံနိုင်ဝန် ၁၆ တန်၊ နှစ်လွှာတစ်ထပ် ဘေလီတံတားအဖြစ် လည်း ကောင်း၊ ဒါးပိုင်တံတားကို ပေ ၆၀ အရှည်၊ ယာဉ်/ကုန်ခံနိုင်ဝန် ၁၆ တန်၊ တစ်လွှာ တစ်ထပ် ဘေလီတံတားအဖြစ် လည်းကောင်း တည်ဆောက်ခဲ့ရာ မေ ၂၂ ရက်တွင် တည် ဆောက်ပြီးစီးခဲ့သဖြင့် လူနှင့်ယာဉ်များ ပုံမှန်အခြေအနေအတိုင်း ဖြတ်သန်း သွားလာနိုင်ပြီဖြစ်သည်။

ထိုတံတားများတည်ရှိသည့် စစ်တွေ-ပလ္လင်ပြင်လမ်းသည် Class(A)  အဆင့် ကျေးရွာချင်းဆက်  လမ်းတစ်လမ်းဖြစ်ပြီး စစ်တွေတက္ကသိုလ်နှင့် ပတ်ဝန်းကျင်ကျေးရွာ များသို့သွားသည့် အဓိက လမ်းတစ်လမ်းဖြစ်သည်။ ယင်းလမ်းပိုင်းတွင်  IDP Camp များတည်ရှိပြီး ပလ္လင်ပြင်ကျေးရွာအထိ ကျေးရွာပေါင်းကိုးရွာကို ဖြတ်သန်းဖောက်လုပ် ထားသောလမ်းဖြစ်သည်။ အဆိုပါ တံတားများ တည်ဆောက်ပြီးစီးခြင်းကြောင့် ကျေးရွာ ကိုးရွာရှိ   ဒေသခံပြည်သူလူထု အနေဖြင့် စစ်တွေမြို့သို့ အချိန်မရွေး အလွယ်တကူ သွားလာနိုင်မည်ဖြစ်သည့်အပြင် ကုန်စည်စီးဆင်းမှုများ    လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

မွန်းလွဲပိုင်းတွင် ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် အဖွဲ့သည် တည်ဆောက်ရေးပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ တင်ဆောင်ထားသည့် ကုလားတန် ၄၊ ၅၊ ၆ ရေယာဉ် သုံးစင်းဖြင့် စစ်တွေမြို့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဖောင်တော်ကြီးဆိပ်ခံတံတားမှ စတင်ထွက်ခွာမှုကို   သွားရောက်ကြည့်ရှုသည်။

ကုလားတန် ၄ ရေယာဉ်သည်  တည်ဆောက်ရေး ပစ္စည်းနှင့်  စားသောက်ကုန်ပစ္စည်း စုစုပေါင်း ၁၉၈ ဒသမ ၇ တန် တင်ဆောင်ပြီး ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့တို့သို့ လည်းကောင်း၊ ကုလားတန် ၅ ရေယာဉ်သည် တည်ဆောက်ရေးပစ္စည်းနှင့် စားသောက်ကုန်ပစ္စည်း စုစုပေါင်း ၁၉၅ ဒသမ ၆၆ တန် တင်ဆောင်ပြီး ရသေ့တောင်နှင့်  မောင်တောမြို့တို့သို့ လည်းကောင်း၊ ကုလားတန် ၆ ရေယာဉ်သည် တည်ဆောက်ရေးပစ္စည်းနှင့်   စားသောက်ကုန်ပစ္စည်း စုစုပေါင်း  ၂၇၄ တန်   တင်ဆောင်၍ ပေါက်တော၊ မြောက်ဦး၊ မင်းပြားနှင့် မြေပုံမြို့ တို့သို့လည်းကောင်း သွားရောက်၍ ဒေသခံပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေး သွားမည်ဖြစ်သည်။

ညနေပိုင်းတွင် ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့သည် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံး၌ ကျင်းပသည့် သဘာဝဘေး ပြန်လည်ထူထောင်ရေး ဆိုင်ရာ  လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးတွင် ကော်မတီအလိုက် တာဝန်ရှိသူများက စားရေရိက္ခာများ လက်ခံ ရရှိမှုနှင့် ထောက်ပံ့ပြီးစီးမှု၊ လျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့်  ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြပြီး လိုအပ်ချက်များကို အကြံပြုဖြည့်စွက် ဆွေးနွေးကြသည်။

ထို့နောက် ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြန်လည်ထူထောင်ရေး လုပ်ငန်းများ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် ပြီးစီးနိုင်ရေးအတွက်   လူအင်အား၊ စက်ယန္တရား အင်အားနှင့်  အခြားလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း   ဖြည့်ဆည်းဆောင်ရွက်ပေးပြီး   အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

မိုခါမုန်တိုင်းဘေးအန္တရာယ် မကျရောက်မီ ရခိုင်ပြည်နယ်အတွင်းတွင် ဆက်သွယ်ရေးအော်ပရေတာလေးခု၏ မိုဘိုင်းစခန်း ၁၂၃၃ စခန်းရှိသည့်အနက်  ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”ကြောင့် မိုဘိုင်းစခန်း ၉၀၄ စခန်း ဆက်သွယ်မှု ပြတ်တောက်ခဲ့ရာ ဆက်သွယ်မှု ပြန်လည်ရရှိစေရေးအတွက်   ချွတ်ယွင်းပြတ်တောက်ခဲ့သည့် မြေပေါ်/မြေအောက် ဖိုင်ဘာကေဘယ်လ် ဆက်ကြောင်းများ၊ မိုက္ကရိုဝေ့ဗ်ဆက်ကြောင်းများနှင့် မြို့တွင်း ကေဘယ်လ်ကွန်ရက်များ ပြန်လည်ပြုပြင်ခြင်း၊ ပျက်စီးသွားသော မိုဘိုင်းဆက်သွယ်ရေး

စခန်းများ ပြန်လည်ပြုပြင်ခြင်းစသည့် လုပ်ငန်းများကို ဒေသခံနှင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လာရောက်သည့် ဆက်သွယ်ရေးဝန်ထမ်း စုစုပေါင်းအင်အား ၄၀၀ ကျော်ဖြင့် ပြန်လည်ကောင်းမွန်အောင် ဆောင်ရွက်ခဲ့ရာ ယနေ့အထိ မိုဘိုင်းစခန်း စုစုပေါင်း  ၆၄၇  စခန်း  ပြန်လည်ပြုပြင်နိုင်ခဲ့သောကြောင့် မိုဘိုင်းစခန်း စုစုပေါင်း ၉၇၆ စခန်း ရာခိုင်နှုန်း အားဖြင့် ၇၉ ဒသမ ၁၆ ရာခိုင်နှုန်းဖြင့် ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပြန်လည်ပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။