လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါသည်

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ မေ ၂၅ ရက်)

လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါသည်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်   မြန်မာနိုင်ငံအတွင်းသို့  မေ ၁၄   ရက်နေ့တွင် ဝင်ရောက် တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA)ကြောင့် ဖြစ်ပေါ်ခဲ့သည့်  ပျက်စီးခဲ့မှုများအပေါ် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးများကို အချိန်နှင့်တစ်ပြေးညီ ပြီးစီးရေး အားသွန်ခွန်စိုက် ဆောင် ရွက်လျက်ရှိသည်။ ဝန်ကြီးဌာနများအနေဖြင့်လည်း သက်ဆိုင်ရာဝန်ကြီးဌာန၏ လုပ်ငန်းများ အလိုက် အချိန်မီ ပြီးစီးရေးများကို ဆောင်ရွက်နေသကဲ့သို့ တပ်မတော်အနေဖြင့်လည်း တပ်မတော် (ကြည်း၊ ရေ၊ လေ)တစ်ရပ် လုံးကသယ်ယူပို့ဆောင်ခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းခြင်းနှင့် လိုအပ်သည့် ကျန်းမာရေး၊ စားဝတ်နေရေးများကို ဆောင်ရွက်ပေးလျက်ရှိသည်။

မိုခါမုန်တိုင်းကြောင့် လူအသေအပျောက်နည်းပါးသော်လည်း ပျက်စီးဆုံးရှုံးမှုမှာ များပြားလွန်းသည့် အတွက် စေတနာရှင်ပြည်သူများကလည်း အလှူငွေများ၊ ပစ္စည်းများကို တစ်တပ်တစ်အား လာရောက် လှူဒါန်းမှုပြုလျက်ရှိသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း လှူဒါန်းကြသလို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံသို့ လှူဒါန်းမှုများလည်း ပြုလျက်ရှိသည်။    သဘာဝဘေးအန္တရာယ်ဟူသည် တားဆီး၍ ရနိုင်သည့်အရာမဟုတ်ဘဲ ဖြစ်ပေါ်လာနိုင်သည်များကို   မည်ကဲ့သို့ ကြိုတင်ပြင်ဆင် ကာကွယ်နိုင်မည်၊ ဖြစ်ပေါ်ပြီးပါက ပျက်စီးဆုံးရှုံးခဲ့ရသည်များကို   ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများမည်ကဲ့သို့ ဆောင်ရွက်သွားမည်ကို ကြိုတင် စဉ်းစားကာဆောင်ရွက်ကြရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေလ ၁၅ ရက်နေ့က သဘာဝဘေးအန္တရာယ် ကျရောက်ပြီးချိန်တွင် လိုအပ်သည့်အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ  ကိုယ်စီ လုပ်ငန်းတာဝန်များ ပေးအပ်ခြင်းတို့ကို  ဆောင်ရွက်ပေးနိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး အရေးပေါ်အစည်းအဝေးကို ကျင်းပနေစဉ်  အလှူရှင်များက သဘာဝ ဘေးဒဏ်သင့် ဒေသများအတွက် အလှူငွေများ လာရောက်လှူဒါန်းလိုကြောင်း သိရှိရသည့်အတွက် အရေးပေါ် အလှူငွေ လက်ခံခြင်း အခမ်းအနားပြုလုပ်ခဲ့သည်။ ထိုအခမ်းအနားတွင် စုစုပေါင်း အလှူငွေ ကျပ်သိန်း ပေါင်း ၁၃၁၈၁၀ သိန်းကို လက်ခံရရှိခဲ့သည်။

မေလ ၂၀ ရက်နေ့တွင်လည်း စေတနာရှင်၊ အလှူရှင်များက သဘာဝဘေးဒဏ်သင့်ဒေသများအတွက် အလှူငွေများ လာရောက်လှူဒါန်းကြရာ အလှူငွေများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပပြီး နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်လက်ခံခဲ့သည်။ လှူဒါန်းမှုစုစုပေါင်းအနေဖြင့် ငွေကျပ် ၈၇၁၇၅၃၉၅၀၀၊  ထိုင်းဘတ်ငွေ ၁ သန်း၊ ကျပ်သိန်း ၁၅၀၀၀ တန်ဖိုးရှိသွပ်ချပ်ရေ ၁ သိန်းနှင့် ဆက်စပ်အိမ်မိုးပစ္စည်းများ၊ ယွမ် ၁ သိန်းနှင့်ညီမျှသည့် ခေါက်ဆွဲခြောက်၊ ဘီစကွတ်နှင့် ရေသန့်များကို လက်ခံရရှိခဲ့သည်။ မေ ၁၅ ရက်တွင် အလှူရှင်များက လှူဒါန်းခဲ့သည့် အလှူငွေစုစုပေါင်းမှာ ကျပ်သိန်းပေါင်း ၁၃၁၈၁၀ သိန်းဖြစ် သဖြင့် ယခုအကြိမ်နှင့်ဆိုပါက စေတနာရှင်၊ အလှူရှင်များ၏ စုစုပေါင်းလှူဒါန်းငွေမှာ ငွေကျပ်သိန်းပေါင်း ၂၁၈၉၈၅ သိန်းကျော်ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ၂၀၂၀ မှစ၍ ဖြတ်သန်းခဲ့ရသည့် နှစ်နှစ်တာကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် နိုင်ငံရေးအကျပ်အတည်းများကြောင့် စီးပွားရေးကျဆင်းမှုများ ဖြစ်ပေါ်ခဲ့သည်။   နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံ့စီးပွားမြင့်မားရေး ဆောင်ရွက်ခဲ့ရာတွင် ၂၀၂၂ ခုနှစ်တွင် နိုင်ငံစီးပွားရေး မှာအတိုင်းအတာတစ်ခုအထိ တိုးတက်လာခဲ့ပြီး၂၀၂၃ ခုနှစ်တွင် ပိုမိုတိုးတက်လာ မည်သာဖြစ်သည်။ ယခု ကာလအတွင်း နိုင်ငံ့စီးပွားရေး ပြန်လည်ကောင်းမွန်လာပြီး ဝင်ငွေများ ရရှိလာခြင်းကြောင့် ယခုကဲ့သို့ လှူဒါန်း နိုင်ခြင်းဖြစ်သည်။ လှူဒါန်းမှုများအနေဖြင့် အခြားနေရာများမှ မပါ စုစုပေါင်းဘီလီယံ ၂၀ ခန့်ရှိပြီဖြစ်သည်။ ယခုကဲ့သို့ လှူဒါန်းငွေများ များစွာလှူဒါန်းနိုင်ခြင်းမှာ  နိုင်ငံ၏ စီးပွားရေးအားကောင်းမွန်မှုကို ပြသခြင်းပင် ဖြစ်သည်။ အရေးပေါ်လိုအပ်သည့် အချိန်တွင်   စေတနာတရား ထက်သန်စွာဖြင့် လှူဒါန်းမှုများ ပြုလုပ်ပေးသည့်အတွက် အလှူရှင်များကို လှိုက်လှိုက် လှဲလှဲ ကျေးဇူးတင်ရှိကြောင်း နိုင်ငံတော်အကြီးအကဲက ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မေလ ၂၀ ရက်က သဘာဝဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေး စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ပေးအပ် လှူဒါန်းပွဲအခမ်းအနားတွင်  “မိုးမကျမီကာလအတွင်း  ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို    ခိုင်ခိုင်မာမာဖြစ်အောင် ဆောင်ရွက်ရန်လိုသဖြင့် မိမိတို့အနေဖြင့် အားသွန်ခွန်စိုက်ဖြင့် ဆောင်ရွက် ပေးလျက်ရှိသည်ကို ပြောကြားလိုကြောင်း၊ လှူဒါန်းငွေများကိုလည်း အကျိုးရှိရှိဖြင့် ထိထိရောက်ရောက် အသုံးချသွားမည်ဖြစ်ပြီး  ယနေ့လှူဒါန်းမှုများအတွက်  အထူးပင်ကျေးဇူးတင်ရှိသည်ကို    ထပ်လောင်း ပြောကြားလိုပါကြောင်း” ဖြင့် ပြောကြားခဲ့သည်။ အနှစ်ချုပ်ဆိုရသော် မြန်မာနိုင်ငံအတွင်း မုန်တိုင်း ဒဏ်သင့်ဒေသများအတွက် လှူဒါန်းကြသူများအား ပြည်သူတစ်ရပ်လုံးက  သာဓုခေါ်လျက်ရှိပါကြောင်း  ရေးသားလိုက်ရပေသည်။   ။