ဘက်စုံပညာရေးကဏ္ဍမြှင့်တင်ရေး

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ မေ ၂၆ ရက်)

ဘက်စုံပညာရေးကဏ္ဍမြှင့်တင်ရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေ ၁၈ ရက်က မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)တွင် အမှာစကားပြောကြားရာ၌ “ယနေ့ခေတ်ကာလ၏ ဆန်းသစ်သည့် နည်းပညာများနှင့်အတူ တိုးတက်ပြောင်းလဲလာသည့် ကမ္ဘာကြီးကို လက်လှမ်းမီနိုင်ရန် မျိုးဆက်သစ်လူငယ်များကို ကောင်းမွန်စွာ လေ့ကျင့်သင်ကြားပေး ရာတွင် လူငယ်များ၏ စူးစမ်းလိုစိတ်၊ တီထွင်ဖန်တီးလိုစိတ်၊ ကျိုးကြောင်းဆီလျော်စွာ စဉ်းစားဝေဖန် ပိုင်းခြားနိုင်စိတ်၊ မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်များ ရှင်သန်ကိန်းအောင်းလာစေရန် ဆောင်ရွက်ပေး ရမည်ဖြစ်သကဲ့သို့ ဥပဒေကိုသိရှိ လေးစားလိုက်နာတတ်ရန်နှင့် သိက္ခာရှိစွာပြုမူ နေထိုင်တတ်အောင် လည်း လမ်းပြသွန်သင်ပေးသွားကြရမည်ဖြစ်ပါကြောင်း” ထည့်သွင်းပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)ကို မေ ၁၈ ရက်မှ ၂၀ ရက်အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ကျင်းပခဲ့သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေး ညီလာခံ(၂၀၂၃)ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့် အညီ “မြန်မာနိုင်ငံ၏ အနာဂတ်ပညာရေး ပိုမိုတိုးတက်ကောင်းမွန်စေရေး” ရည်ရွယ်ချက်ဖြင့် ပညာရေးနှင့် ဆက်စပ်ဝန်ကြီးဌာန ၁၁ ခု ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဆောင်ရွက်လျက် ရှိရာတွင် အသိပညာ၊ အတတ်ပညာ၊ ပင်ကိုအရည်အသွေး၊ စွမ်းရည်များနှင့်ပြည့်စုံသည့်  လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်နိုင်ရန် ဦးတည်ချက်ထား ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်သည်။

ပညာရေးမြှင့်တင်ခြင်းသည် ပညာရှာမှီးသူပုဂ္ဂိုလ်များကိုသာမက လူ့အသိုင်းအဝိုင်းနှင့် မျက်မှောက် ကမ္ဘာကြီးတစ်ခုလုံး၏ အနာဂတ်ကို ပုံဖော်နေခြင်းဖြစ်သည်။ လူငယ်လူရွယ်များ မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်ရေးအတွက် ပညာရေးနိမ့်ကျနေမှုကို ကုစားနိုင်မည့် နည်းလမ်းများ ဖော်ထုတ်ပြီး ပညာရေး တိုးတက်အောင် မြှင့်တင်ပေးနိုင်မည့်နည်းလမ်းများပေါ်ထွက်လာအောင် ဆွေးနွေးရေးသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)ကျင်းပရန် ဖြစ်ပေါ်လာသည့် အကြောင်းတရား ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၁၂)ရပ်၊ လူမှုရေးဦးတည်ချက်တွင် “ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေး ကဏ္ဍမြှင့်တင်ရေး” ဟူသည့် ဦးတည်ချက်ကို အကောင်အထည်ဖော်လျက်ရှိရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) ကျင်းပခြင်း လည်း ပါဝင်သည်။ အဆိုပါညီလာခံတွင်ပညာရေးတိုးတက်မြင့်မားရေးကို အဟန့်အတား ဖြစ်နေသည့် အခက်အခဲများ၊ ပြဿနာများ၊ စိန်ခေါ်မှုများကို စုပေါင်းဆွေးနွေးအဖြေရှာပြီး အနာဂတ်ပညာရေး တိုးတက်ကောင်းမွန်စေရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းသတ်မှတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး  ကျောင်းတက်ရောက်ရေးနှင့်အနည်းဆုံး KG+9 ပြီးမြောက်ရေးကို မူဝါဒချမှတ် အကောင်အထည်ဖော်လျက်ရှိသည်။ စာရင်းဇယားများအရ ကျောင်းသား၊ ကျောင်းသူများ တန်းစဉ်ကူးပြောင်းမှု နည်းပါးနေကြောင်းတွေ့ရသည့်အတွက် ကုစား နိုင်မည့် နည်းလမ်းများကို ဆွေးနွေးအဖြေရှာပြီး အနည်းဆုံး KG+9 ပြီးဆုံးသည်အထိ တက်ရောက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ခရိုင် ၅၀ တွင် ယခုနှစ်ဇွန်လမှစတင်၍ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ၅၁ ကျောင်း အသစ်ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ထိုကျောင်းများတွင် သုံးနှစ်တက်ရောက်ပြီး လုပ်ငန်းခွင် ဝင်ရောက်နိုင် ကြမည်ဖြစ်သည်။

အထက်ပါ အထက်တန်းကျောင်း ၅၁ ကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသူများအနက်မှ ထူးချွန်သူများအနေဖြင့်လည်း အဆင့်မြင့်ပညာများကို ဆက်လက်ဆည်းပူးခွင့်ရရှိမည် ဖြစ်သည်။ သက်မွေးအခြေခံပညာများ တတ်မြောက်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ခြင်းအားဖြင့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများကို အထောက်အကူ ပြုနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)တွင် ညီလာခံကြီးကျင်းပရသည့် ရည်ရွယ်ချက် (၇)ချက် ကို အဓိကထားဆွေးနွေးရင်း အနာဂတ်ပညာရေး ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။

နောင်လာနောက်သား မျိုးဆက်သစ်များ၏ အနာဂတ်ကိုပုံဖော်ရာတွင် စာသင်ကျောင်းများ၊ သင်ရိုး ညွှန်းတမ်းအရည်အသွေးများ၊ ဆရာ၊ ဆရာမများ၏ ဘာသာရပ်တတ်ကျွမ်းမှုများ၊ သင်ကြားရေး ကျွမ်းကျင်မှုများ၊ နာသုံးနာနှင့်ပြည့်ဝသည့်ဆရာ့ဂုဏ်နှင့် အသက်မွေးဝမ်းကျောင်းပြုသည့် အလုပ်အပေါ် ထားရှိသည့် သဘောထားများနှင့်တန်ဖိုးထားမှုများက အရေးပါနေမည်ဖြစ်သည်။ အရည်အသွေးရှိသည့် ပညာရေးကို သင်ကြားနိုင်ခွင့်ရရှိရန်နှင့် သင်ကြားသင်ယူမှု ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ရန် နိုင်ငံတော်အနေဖြင့် ပညာရေးအသုံးစရိတ်များ နှစ်စဉ်တိုးမြှင့်ခွင့်ပြုပေးပြီး ပညာရေးကဏ္ဍမြင့်မားစေရန် အဘက်ဘက်မှ ပံ့ပိုးပေးထားပြီးဖြစ်သည့်အတွက် ပညာရေးဝန်ထမ်းများကလည်း မိမိတို့ကျရာကဏ္ဍမှ အစွမ်းကုန် ကြိုးပမ်းအားထုတ်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။