ရှုထာဖဲ ခေါ် ကလယ်ကလော်ဖဲပိန်းဥမျိုး စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ရှုထာဖဲ ခေါ် ကလယ်ကလော်ဖဲပိန်းဥမျိုး စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

လိပ်သို၊ စိုက်ပျိုးရေး

ကရင်ပြည်နယ်   သံတောင်ကြီးမြို့နယ် လိပ်သိုမြို့၌နေထိုင်ကြသော   ဒေသခံများမှမိမိတို့၏ အိမ်ခြံဝင်း အတွင်း မိသားစုစားသုံးရန် ပိန်းပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြပြီး ပိုလျှံပိန်းဥများကို ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

လိပ်သိုမြို့ရှိ ဒေသခံများအနေဖြင့် ပိန်းဥအမျိုးမျိုးကို အိမ်ခြံဝင်း၊ တောင်ယာနှင့်ဥယျာဉ်ခြံများတွင် စိုက်ပျိုးကြသော်လည်း ဒေသအခေါ် ရှုထာဖဲပိန်းဥမျိုးကို မိမိတို့၏ အိမ်ခြံဝင်းအတွင်း၌သာ စိုက်ပျိုး ကြကြောင်း၊ အဆိုပါပိန်းဥမျိုးမှာ အခြားပိန်းဥမျိုးများကဲ့သို့ မြေကြီးထဲတွင် မဥဘဲမြေပြင်အထက်သို့ ဆန်၍ ဥသောကြောင့် ရှုထာဖဲဟုခေါ်ကြောင်း၊ အချို့ဒေသခံများက ကလယ်ကလော်ဖဲဟုခေါ်ကြောင်း သိရသည်။

အဆိုပါ ပိန်းဥမျိုးကို တောင်ယာများနှင့်ဥယျာဉ်ခြံများ၌ စိုက်ပျိုးမှုမရှိခြင်းမှာ မြေပြင်၏ အထက်သို့ဆန်၍ ဥခြင်းကြောင့် တူးဆွရန်မလိုဘဲ အလွယ်တကူခူးယူရရှိသောကြောင့် အိမ်ခြံဝင်းအတွင်း၌သာ စိုက်ပျိုး ကြပြီး ပိုလျှံပိန်းဥများကို ရောင်းချပါက တစ်ပိဿာကို ငွေကျပ် ၃၀၀၀ ရရှိ၍ မိသားစုအပိုဝင်ငွေ ရရှိကြောင်း ပိန်းဥစိုက်ပျိုးသူတစ်ဦးထံမှ သိရသည်။     

ခင်လေးနွယ်(လိပ်သို)