နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၃) သို့တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၃) သို့တက်ရောက်အမှာစကားပြောကြား

နေပြည်တော် မေ ၂၆

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေး(၃/၂၀၂၃) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်း ဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးဝင်းရှိန်နှင့် ဦးအောင်နိုင်ဦး ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အခွန်အယူခံ ခုံအဖွဲ့ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့ ဥက္ကဋ္ဌများက ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အစည်းအဝေးကို ကျင်းပခဲ့သည်မှာ ယခုဆိုလျှင် (၉) ကြိမ်မြောက် ဖြစ်ပြီး ဆုံးဖြတ်ချက် (၂၈၀) ချမှတ်နိုင်ခဲ့ကြောင်း၊ ပြုပြင်ပြောင်းလဲမှုများနှင့် လုပ်ဆောင်ချက် များကို ကြည့်မည် ဆိုပါကညောင်ခါးရှည် အမြဲတမ်း စစ်ဆေးရေး စခန်းတည် ဆောက်ရေး စီမံကိန်း စတင်နိုင် ခဲ့ကြောင်း၊ ကုန်သွယ်မှု လမ်းကြောင်းများတွင် ကုန်တင်ယာဉ်များကို QR Code စနစ်ဖြင့် စစ်ဆေးမှုများပိုမိုလျှင်မြန်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း၊  E-Lock စနစ်ဖြင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေး လုပ်ငန်း အစီအမံများကို ပြုစုရေးဆွဲနိုင်ခဲ့ပြီး စမ်းသပ်ဆောင်ရွက်နိုင်ရေး ဆက်လက်စီမံလျက်ရှိပါကြောင်း၊ ညောင်ခါးရှည် စီမံကိန်းနှင့်ပတ်သက်၍ အချိန်မီ ပြီးစီးရန်လိုအပ်ကြောင်း၊ QR Code ၊E-Lock စနစ် များဖြင့် ကုန်ပစ္စည်းများ တင်ပို့သည့်စမ်းသပ်မှု အောင်မြင်မည်ဆိုပါက  တွင်ကျယ်စွာ အသုံးပြုနိုင်ရေးဆွေးနွေးကြစေလိုကြောင်း။

နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်တွင်းလိုအပ်ချက်ဖြစ်သည့် အခြေခံလူသုံးကုန် ပစ္စည်းများ  ပြည်ပမှတင်သွင်းနေရမှုအတွက် ပြည်တွင်းလိုအပ်ချက်ပြည့်မီအောင် ထုတ် လုပ်ပြီး  ပြည်ပသို့ ပြန်လည်တင်ပို့နိုင်သည်အထိ  ကြိုးပမ်းဆောင်ရွက်သွားရန် လမ်းညွှန် မှာကြားထားပြီးဖြစ် ကြောင်း၊ အခြေခံလူသုံးကုန်ပစ္စည်းများ ပြည်တွင်းလိုအပ်ချက် ပြည့်မီအောင် ထုတ်လုပ်ရန်  လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများ  ဈေးကွက်အတွင်း အချိန်မီ ရောက်ရှိမှသာလျှင်  ကုန်ထုတ်လုပ်မှု  အမြန်ဆုံးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊  ကုန်ကြမ်း များအချိန်မီ မရောက်ရှိပါက  ကုန်ချောထုတ်လုပ်မှုထိခိုက်နိုင်မည်ဖြစ်ပြီး ဈေးနှုန်းများ ကြီးမြင့်လာမည်ဖြစ်ကြောင်း၊ အခြားနိုင်ငံများမှ ဈေးပေါသည့် အခြေခံ လူသုံးကုန်ပစ္စည်းများ ဈေးကွက်အတွင်း တရား မဝင်နည်းလမ်းများနှင့်ဝင်ရောက်လာနိုင်သည့်အတွက် ပြည်တွင်း SMEs  လုပ်ငန်းများ ၏ ရှင်သန်ရပ်တည်မှုများလည်း ထိခိုက်လာနိုင်ကြောင်း၊ ထို့ကြောင့်  တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးကို စနစ်တကျ  ပြင်းပြင်းထန်ထန်  ထိထိရောက် ရောက်  ဆက်လက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

တရားမဝင် ကုန်သွယ်မှုများတားဆီး အရေးယူမှုနှင့် ပတ်သက်၍  ယခင်က  ကန့်သတ်ကုန်ပစ္စည်းများဆိုပါက ပစ္စည်းသိမ်းဆည်းခြင်း၊  အကောက်ခွန်မဲ့ပစ္စည်းများ ဖြစ်ပါက ရွေးယူဒဏ်ငွေတပ်ရိုက်ပြီး ရွေးယူခွင့်ပြုခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊  တရား မဝင် ကုန်ပစ္စည်းများ တင်ဆောင်သည့် ယာဉ်များကိုလည်း  အကောက်ခွန် လုပ်ထုံး လုပ်နည်းများအတိုင်း ဆောင်ရွက်ခဲ့ကြောင်း၊  အကောက်ခွန်ဥပဒေ၊ လုပ်ထုံး လုပ်နည်း များအရ ပစ္စည်းသိမ်း၊  ယာဉ်သိမ်းခြင်းများကို အများဆုံး ဆောင်ရွက်နိုင်ခဲ့ သည့်အတွက် ထပ်ကာထပ်ကာ ကျူးလွန်နေသူများကို  ယခုထက် ထိထိရောက်ရောက် ဟန့်တား အရေး ယူသွားရန်လိုအပ်ကြောင်း၊ ရည်ရွယ်ချက်ရှိရှိ၊  လက်တစ်လုံးခြား တရားမ ဝင် ဆောင်ရွက် နေသည့်ကုန်ပစ္စည်များပိုင်ရှင်နှင့် ယာဉ်ပိုင်ရှင်များ ထပ်မံဖမ်းဆီးရမိပါက ကုမ္ပဏီ ပိတ်သိမ်းခြင်းနှင့် ယာဉ်သိမ်းဆည်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်ကို ခေါ်ယူသတိ ပေးခြင်း၊ ဝန်ခံကတိလက်မှတ်ရေးထိုးစေခြင်းများဖြင့် ဆက်လက် ထိန်းသိမ်း ကြပ်မတ် သွားကြရမည်ဖြစ်ကြောင်း၊  တားဆီး အရေးယူမှုများကြောင့် ရပ်တန့်မသွား သော ဆက်လက်ကျူးလွန်မှုများကို အကောက်ခွန် ဥပဒေအရသာမက  ဆက်စပ်သည့် ဥပဒေများ ဖြင့်ပြင်းပြင်းထန်ထန်အရေးယူသွားကြရမည်ဖြစ်ကြောင်း။

ရွေးယူဒဏ်ငွေတန်ဖိုးသတ်မှတ်ခြင်းသည် ကျူးလွန်သူများအတွက် ဒဏ်ကြေး သတ်မှတ်ရာ မရောက်ဘဲ ပြင်ပပေါက်ဈေးထက်  လျော့နည်းသက်သာနေမည်ဆိုပါက ကျေကျေနပ်နပ် လာရောက်ရွေးယူနေကြမည်ဖြစ်ကြောင်း၊  နောင်ကြဉ်မှု မရှိဘဲ ထပ်ကာ ထပ်ကာ ကျူးလွန်ရန်အားပေးရာ ရောက်ကြောင်း၊  ထို့ကြောင့် တရားမဝင်ကုန်သွယ် နေသူများအတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် သင့်တင့်သည့် အရေးယူခြင်းမျိုး မဟုတ်ဘဲ ဥပေဒနှင့်အညီ  ထပ်မံမကျူးလွန်ရဲအောင်၊  တရားမဝင်ကုန်သွယ်မှုများ ကြီးထွားမလာ အောင်  ဆင့်ကဲဆင့်ကဲ  ပြင်းပြင်းထန်ထန် အရေးယူသွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရွေးယူ ဒဏ်ငွေတန်ဖိုးသတ်မှတ်ရာတွင် စနစ်တကျ သတ်မှတ်ဆောင်ရွက်ရေးသည်  အရေးကြီးသည့် အချက်တစ်ချက်ဖြစ်ကြောင်း။

One Stop Service များ၊ လမ်းခရီးတွင် လုံခြုံရေးအရ တာဝန် ထမ်းဆောင် နေရသည့်စုပေါင်းအဖွဲ့များအနေဖြင့် ပြည်သူလူထုနှင့် ဆက်ဆံရာတွင်ရိုင်းစိုင်းသည့် ပြောဆိုဆက်ဆံမှုအချို့ရှိနေသည်ကိုကြားသိရကြောင်း၊ ပြည်နယ်နှင့် တိုင်းများတွင်ရှိသည့်  တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့များအနေဖြင့် စစ်ဆေးရေးစခန်းများနှင့် လုံခြုံရေးဂိတ်များတွင် စစ်ဆေးသည့်အခါ  အတတ်နိုင်ဆုံး ပြေပြေလည်လည် ဆက်ဆံသွား ရမည်ဖြစ်ပြီး စည်းကမ်း ဖောက် ဖျက်ပါက အရေးယူဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

နယ်စပ်ကျော် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မြဝတီ-ရန်ကုန် ကုန်သွယ်ရေး လမ်းကြောင်း၊ မူဆယ်-လားရှိုး-မန္တလေး လမ်းကြောင်းတစ်လျှောက် ရှိနေသည့် စစ်ဆေး ရေးစခန်းများနှင့် လုံခြုံရေးစခန်းများတွင် တရားမဝင်ကုန်သွယ်မှုနှင့် ပတ်သက်သည့်  စစ်ဆေးမှုအားနည်းချက်များရှိနေသည်ကို ကြားသိနေရကြောင်း၊ အဆိုပါအားနည်းချက် များသည် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအတွက် ကြီးမားသည့် အဟန့်အတား တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့်   တရားမဝင် ဝင်ရောက်လာသည့် တရားမဝင်ကုန် ပစ္စည်း များကို  ပြင်းပြင်းထန်ထန် တားဆီး စစ်ဆေးအရေးယူရမည်ဖြစ် ကြောင်း၊  ပြည်နယ်နှင့် တိုင်းဒေသကြီး   တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး  အထူးအဖွဲ့ဥက္ကဋ္ဌများအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအတွင်း ရှိ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အဖွဲ့များ၊ One Stop Service   အဖွဲ့များနှင့် လုံခြုံရေးအဖွဲ့များ မူလတာဝန် ထိခိုက်စေမည့်  တရားမဝင် ကိစ္စများ ဆောင်ရွက်နေသည်ဟု သတင်းရရှိပါက  ထိရောက်သည့် ပြစ်ဒဏ်ဖြင့် အရေးယူ သွားကြရမည်ဖြစ်ကြောင်း။  

ကျန်းမာရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဝန်ထမ်းများနှင့် လုံခြုံရေးအဖွဲ့များသည် လူအများဖြင့်ထိတွေ့ဆက်ဆံရသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်  ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ SoP များအတိုင်း စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့အတူ စစ်ဆေးရေးစခန်းများနှင့် စစ်ဆေး ရေးအဖွဲ့များကို လာရောက် နှောင့်ယှက်နိုင်မည့် အကြမ်းဖက်သမားများ၏ သတင်းများ ကိုလည်းကြိုတင် လက်ဦးမှုရရှိရေး လိုအပ်သည်များ စီမံဆောင်ရွက်ထားကြရန်လိုမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ဦးဆောင်ကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးညွန့်အောင် က ဦးဆောင်ကော်မတီအစည်းအဝေး(၂/၂၀၂၃) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင် ရွက်ပြီးစီးမှုများနှင့် ဦးဆောင်ကော်မတီ၏       လုပ်ငန်းဆောင်ရွက်မှုများကိုရှင်းလင်းတင်ပြ သည်။

ယင်းနောက် ဦးဆောင်ကော်မတီရုံးလုပ်ငန်းအဖွဲ့ခေါင်းဆောင် ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးအောင်သွင်ဦး ၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဟန်ဝင်းအောင်၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေ၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ နှင့် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိင်္ဂီဇင် တို့က တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၃) သို့ တင်ပြလာသည့် အမှာစာ များကို ဖတ်ကြားတင်ပြကြသည်။

ထို့နောက် ဦးဆောင်ကော်မတီဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် နှင့် ဦးဝင်းရှိန် ၊ ဦးဆောင်ကော်မတီအဖွဲ့ဝင် ပြည်ထောင် စုဝန်ကြီး ဦးအောင်နိုင်ဦး တို့က မြန်မာ - ထိုင်း နှစ်နိုင်ငံ ပို့ကုန်သွင်းကုန်နှိုင်းယှဉ်ချက်၊ တရားမဝင်လမ်းကြောင်းများမှ တရားမဝင်ကုန်ပစ္စည်းများ တင်သွင်းမှုမရှိစေရေး၊ မူးယစ် ဆေးဝါး၊ ထိန်းချုပ်ဓာတုပစ္စည်းများ၊ တရားမဝင်ဆေးဝါးနှင့် အလှကုန်ပစ္စည်း ဖမ်းဆီး ရမိမှု များ၊ တရားမဝင်ကုန်သွယ်မှုဆိုင်ရာသုံးသပ်တွေ့ရှိချက်များ၊ ပို့ကုန်ပစ္စည်းတရား မဝင်တင်ပို့မှု အခြေအနေများ၊ မြန်မာ - တရုတ် နှစ်နိုင်ငံအကြား တရားမဝင်ဂိတ် ဖွင့်လှစ်နေမှုများနှင့်   QR Code ဖြင့်စစ်ဆေးဆောင်ရွက်နိုင်မှုများ ကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသူများက တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် ဦးဆောင်ကော်မတီရုံးလုပ်ငန်းအဖွဲ့ခေါင်းဆောင်က တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အစည်းအဝေး (၃/၂၀၂၃) ဆုံးဖြတ်ချက် (မူကြမ်း)များကို ဖတ်ကြားတင်ပြသည်။

ထို့နောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီဥက္ကဋ္ဌ နို်ငငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က ရှင်းလင်းဆွေးနွေး တင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။