သစ်တောပညာ နှစ်(၁၀၀) ရာပြည့်အထိမ်းအမှတ်အခမ်းအနား ကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

သစ်တောပညာ နှစ်(၁၀၀) ရာပြည့်အထိမ်းအမှတ်အခမ်းအနား ကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ မေ - ၂၆

သစ်တောပညာနှစ်(၁၀၀) ရာပြည့်အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ သစ်တောနှင့် ပတ်ဝန်းကျင် ဆိုင်ရာတက္ကသိုလ်(ရေဆင်း)၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာအောင်ကျော်မင်း၊ ဦးရွှေကြိမ်းနှင့်ဒေါက်တာမှုထန်၊ ပြည်ထောင်စုဝန်ကြီးများ နှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ ရေဆင်းနယ်မြေရှိတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဆရာ ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။

ဦးစွာ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် မန်းငြိမ်းမောင်၊ ဒုတိယဝန်ကြီးချုပ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ပညာရေးဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေတို့က သစ်တောပညာနှစ်(၁၀၀) ရာပြည့်အထိမ်း အမှတ်အခမ်း အနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သစ်တောပညာနှစ်(၁၀၀) ရာပြည့်အထိမ်း အမှတ် ကမ္ပည်းမော်ကွန်းအား စက်ခလုပ်နှိပ်ဖွင်းလှစ်ပေးပြီး အမွှေးနံ့သာရည်ဖြင့် ပတ်ဖြန်း ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သစ်တောပညာနှစ်(၁၀၀) ရာပြည့်အထိမ်းအမှတ် အမှာစကားပြောကြားရာတွင် လူသားများနှင့် သဘာဝဂေဟစနစ်တစ်ခုလုံးကို အကျိုးပြုနေသည့် သစ်တောသစ်ပင် များ ပြုစုထိန်းသိမ်းစောင့်ရှောက်ကာကွယ်ရေးတာဝန်သည် အထူးအရေးကြီးလှပါ ကြောင်း၊ ထိုသို့အရေးကြီးသော သစ်တောဆိုင်ရာပညာရပ်များ သင်ကြားပို့ချပေးနေ သည့် မြန်မာနိုင်ငံတက္ကသိုလ်အဆင့် သစ်တောပညာသည် နှစ်တစ်ရာတိုင်ပြည့်မြောက် ခဲ့ပြီဖြစ်သဖြင့် ရာပြည့်အထိမ်းအမှတ်အခမ်းအနားကို ကျင်းပနိုင်ခြင်းသည် ဝမ်းမြောက် ဂုဏ်ယူရမည့်အခမ်းအနား၊ မင်္ဂလာရှိသည့်နေ့တစ်နေ့ပင်ဖြစ်ပါကြောင်း၊ သစ်တော သစ်ပင်များရေရှည်တည်တံ့ကောင်းမွန်စေရေးအတွက်စနစ်တကျစီမံအုပ်ချုပ် လုပ်ကိုင် နိုင်ရန် သစ်တောပညာရှင်များ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးလှပါ ကြောင်း။

၁၉၂၃ ခုနှစ်မှစတင်ပြီး ရန်ကုန်တက္ကသိုလ်တွင် သစ်တောပညာဌာနကို ဖွင့်လှစ် နိုင်ခဲ့ခြင်းဖြစ်သဖြင့် သစ်တောပညာဌာနသည် ၁၉၂၀ ပြည့်နှစ်တွင် ဖွင့်လှစ်ခဲ့သည့် ရန်ကုန်တက္ကသိုလ်နှင့် မရှေးမနှောင်းဖွင့်လှစ်နိုင်ခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ပါ ကြောင်း၊ ယခုကဲ့သို့ သစ်တောပညာရပ်ကို သင်ကြားပို့ချပေးပြီး နှစ်ပေါင်းများစွာ ရေရှည်အသုံးချလာနိုင်ခဲ့သည့်အတွက်လည်း မြန်မာနိုင်ငံ၏ သစ်တောသစ်ပင်များထိန်း သိမ်းကာကွယ်ရေးနှင့် စီမံအုပ်ချုပ်မှုလုပ်ငန်းများတွင် များစွာအထောက်အကူပြုခဲ့သည် ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံသည်ဒေသတွင်း၌ သဘာဝသယံဇာတ အရင်းအမြစ်များ ပေါကြွယ်ဝ သည့်နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ မြောက်ဘက်စွန်း ခါကာဘိုရာဇီတောင်တန်းမှသည် တောင်ဘက်စွန်းပင်လယ်သမုဒ္ဒရာအထိ တောင်မြောက်ရှည်လျားသည့် နိုင်ငံတစ်ခု ဖြစ်ပါကြောင်း၊ မတူကွဲပြားခြားနားသည့် သဘာဝသစ်တောသစ်ပင်များ၊ ဇီဝမျိုးစုံမျိုးကွဲ များ၊ မြစ်ချောင်းအင်းအိုင်များ၊ ရေမြေတောတောင်များနှင့် ဂေဟစနစ်များ စုံလင်လှပ စွာ တည်ရှိနေသကဲ့သို့ ပင်လယ်ကမ်းခြေဒီရေတော၊ ပဲခူးရိုးမ ရွက်ပြတ်ရောနှောတော၊ အပူပိုင်းဒေသခြောက်သွေ့တော၊ မြောက်ပိုင်း တောင်ပေါ်ဒေသ အအေးပိုင်းတောများ စသည့်သစ်တောမျိုးစုံ ပေါက်ရောက်နေသည်ကိုလည်း တွေ့ရှိရမည်ဖြစ်ပါကြောင်း။

မြန်မာ့သစ်တောများသည် မြန်မာနိုင်ငံကြီး ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုး တက်ရေးအတွက် အခြေခံအုတ်မြစ်ကောင်းများဖြစ်သည့်အပြင် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများစွာကို ဖြစ်ပေါ် စေရန်ဖန်တီးပေးနိုင်သည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း။

သစ်တောပညာဌာနစတင်ခဲ့သည့် သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါက ၁၈၅၆ ခုနှစ်တွင် ဒေါက်တာဘရန်းဒစ်က စတင်မျိုးစေ့ချ တည်ထောင်ပေးခဲ့သည့် မြန်မာ့သစ်တောများ သိပ္ပံနည်းကျစီမံအုပ်ချုပ်မှု စနစ်မှစ၍ သန္ဓေတည်ခဲ့သည်ဟု ဆိုရမည်ဖြစ်ပါကြောင်း၊ အဆိုပါစနစ်ကို ရေရှည်အသုံးချနိုင်ရေးအတွက် ၁၈၆၆ ခုနှစ် ကတည်းက ပြင်သစ်နိုင်ငံနှင့် ဂျာမနီနိုင်ငံများသို့ နိုင်ငံခြားပညာတော်သင်များ စေလွှတ် ခဲ့ပြီး သစ်တောပညာသင်ကြားရေးကို စတင်ဆောင်ရွက်ခဲ့သည်ဟု သိရပါကြောင်း၊ ထိုသို့ပညာတော်သင်များ စေလွှတ်ခဲ့သကဲ့သို့ အင်္ဂလန်မှ ပညာရှင်များကလည်း မြန်မာ နိုင်ငံကိုလာရောက်ပြီး တာဝန်ထမ်းဆောင်ခဲ့သည်ကို မှတ်တမ်းများအရတွေ့ရှိရပါ ကြောင်း။

၁၉၂၂ ခုနှစ်တွင် အိန္ဒိယအစိုးရက မြန်မာ့သစ်တောများ စီမံအုပ်ချုပ်ရေးကို မြန်မာအစိုးရထံလွှဲပြောင်း ပေးအပ်ခဲ့ပြီးသည့်နောက် မြန်မာနိုင်ငံသစ်တောအဖွဲ့ အစည်း (Burma Forest Services) ကို ဖွဲ့စည်းခဲ့ပါကြောင်း၊ အဖွဲ့တွင်တာဝန်ထမ်း ဆောင်မည့်သူများကို တက္ကသိုလ်အဆင့် သစ်တောပညာရပ်များ သင်ကြားပေးနိုင်ရန် ရည်ရွယ်ပြီး ရန်ကုန်တက္ကသိုလ်၊ သစ်တောပညာဌာနကို ၁၉၂၃ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ သစ်တောပညာဌာနကို ရန်ကုန်တက္ကသိုလ်၊ သိပ္ပံမဟာ ဌာန(Faculty of Sciences)အောက်တွင်စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် သစ်တော ပညာမဟာဌာန (Faculty of Forestry) အဖြစ်အဆင့်မြှင့်တင်ပေးနိုင်ခဲ့ပါကြောင်း။

သစ်တောပညာရပ်များကို ပိုမိုပြီးကျယ်ကျယ်ပြန့်ပြန့်လေ့လာ သင်ယူနိုင်ရန် အတွက် ၁၉၉၂ ခုနှစ်တွင် သစ်တောတက္ကသိုလ် (Institute of Forestry)အဖြစ် မြှင့်တင်ပေးနိုင်ခဲ့သည့်အပြင် တတ်ကျွမ်းမှု ပညာရေးဆိုင်ရာတက္ကသိုလ် (Professional Institute) အဖြစ်လည်း သတ်မှတ်ပေးနိုင်ခဲ့ပါကြောင်း၊ ၂၀၀၃ ခုနှစ်တွင် သစ်တော တက္ကသိုလ် University အဆင့်သတ်မှတ်ပြီး University of Forestry ဖြစ်လာခဲ့ပါ ကြောင်း၊ သစ်တောပညာရှင်များကို သင်ကြားမွေးထုတ်ပေးရာတွင် သစ်တော ပညာဘာသာရပ်များကိုသာမက နှီးနွှယ်နေသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဘာသာ ရပ်များကိုလည်း ပိုမိုလေ့လာနိုင်စေရန် ရည်ရွယ်ပြီး ၂၀၁၇ ခုနှစ်တွင် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် (University of Forestry and Environmental Science)အဖြစ် ပြင်ဆင်ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း၊ သစ်တောတက္ကသိုလ်၏ ရည်မှန်းချက် ဖြစ်သည့် “ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍဆိုင်ရာ ပညာရေး၊ သုတေ သနနှင့် ဝန်ဆောင်မှုများပေးစွမ်းနိုင်သည့် အဆင့်မီတက္ကသိုလ်တစ်ခုအဖြစ် ရပ်တည် နိုင်ရေး” ဆိုသည့်အချက်ကို အကောင်အထည်ဖော်နိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူ အားလုံးက ဦးတည်ချက်ထား ကြိုးပမ်းဆောင်ရွက်သွားကြရမည်ကိုလည်း အလေး အနက်ထား ပြောကြားလိုပါကြောင်း။

နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာရှင်၊ အတတ်ပညာရှင် ပညာတတ်လူသားအရင်းအမြစ်များ များစွာလိုအပ်ပါကြောင်း၊ အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည်မှာ အမှန်တကယ်တတ်မြောက်မှုရှိအောင် သင်ကြားပေး နိုင်သည့် သင်ကြားရေးစနစ်ရှိရန် လိုအပ်သကဲ့သို့ သင်ယူသူများကလည်း သင်ကြားပေး သည့်ဘာသာရပ်များကို တတ်မြောက်ကျွမ်းကျင်စေရန်၊ လက်တွေ့အသုံးချနိုင်စေရန်၊ ခေတ်မီနည်းပညာ၊ အတတ်ပညာများနှင့် ပေါင်းစပ်ပြီးအဆင့်မြှင့်တင် တိုးမြှင့်လုပ် ဆောင်နိုင်စေရေး ဆောင်ရွက်နိုင်ရန်လည်း လိုအပ်ပါကြောင်း၊ တက္ကသိုလ်ဆိုသည်မှာ စာပေပညာသင်ကြားရုံ သက်သက်သာမဟုတ်ဘဲ အတတ်ပညာများကို သင်ကြား ပေးခြင်း၊ လေ့လာသင်ယူစေခြင်းအပြင် တက္ကသိုလ်က ပတ်ဝန်းကျင်ကောင်း၊ အတွေ့ အကြုံကောင်းများရရှိပြီး ဘဝတစ်လျှောက် ဖြတ်သန်းမှုတွင် လက်တွေ့အသုံးချနိုင်မည့် စာပေပညာနှင့် လူမှုဆက်ဆံရေးပညာတို့ကိုလည်း ပေးစွမ်းနိုင်ခြင်းဖြစ်သဖြင့် အဆိုပါ အခွင့်အလမ်းကိုလည်း ရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

မှတ်တမ်းများအရ သစ်တောကဏ္ဍလူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးရေး အတွက် လေ့ကျင့်သင်ကြားပေးခဲ့ရာတွင် ၂၀၂၃ ခုနှစ်အထိသစ်တောသိပ္ပံဘွဲ့ရ ကျောင်း သား/ကျောင်းသူ (၃,၀၅၂)ဦးရှိပြီး အမျိုးသမီး သစ်တောသိပ္ပံဘွဲ့ရ ( ၃၅၃ ) ဦးတို့ကို လည်းမွေးထုတ်ပေးနိုင်ခဲ့သည်ဟုသိရပါကြောင်း၊ သစ်တောပညာဌာနအနေဖြင့် အမျိုးသား သင်တန်းသားများကိုသာ ခေါ်ယူရာမှ သစ်တောကဏ္ဍ၊ အထူးသဖြင့် ပညာရေး၊ သုတေ သနနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အမျိုးသမီးများ တာဝန် ထမ်းဆောင်နိုင်စေရန် ရည်ရွယ်၍ ၁၉၉၅ ခုနှစ်မှစတင်ပြီး အမျိုးသမီး သင်တန်းသူ(၁၂)ဦး ခေါ်ယူခဲ့ပါကြောင်း၊ ၂၀၀၆ ခုနှစ်မှစပြီး အမျိုးသမီးကျောင်းသူ ပါဝင်မှုအချိုးအစားကို နှစ်စဉ်(၂၀)ရာခိုင်နှုန်းဖြင့် ဆောင်ရွက်နေသည်ဟု သိရှိရသည့် အတွက်သစ်တောသစ်ပင်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာတွင် အမျိုးသမီး များ၏ ပါဝင်မှုအခန်းကဏ္ဍသည် သိသိသာသာမြင့်မားတိုးတက်လာမှုအပေါ် ဝမ်း မြောက် ဂုဏ်ယူရသည်ကို ပြောကြားလိုပါကြောင်း။

ပညာရေးအဆင့်မြှင့်တင်မှုအနေဖြင့် ၁၉၉၆ ခုနှစ်တွင်ဘွဲ့လွန်သစ်တောပညာ မဟာသိပ္ပံသင်တန်းကို စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး မဟာသိပ္ပံ (သစ်တော)ဘွဲ့-M.Sc. (Forestry)နှင့် မဟာသိပ္ပံ(သစ်တောထွက်ပစ္စည်း)-M.Sc.(Forest Products)ဘွဲ့များကို ပေးအပ်ချီးမြှင့်ခဲ့ရာတွင် မဟာသိပ္ပံဘွဲ့ရရှိသူ(၆၂) ဦးနှင့် ဒီပလိုမာဘွဲ့ရရှိသူ(၁၇)ဦး ၊ စုစုပေါင်း(၇၉) ဦးတို့ကို ဘွဲ့လွန်သစ်တောပညာရှင်များအဖြစ် အောင်မြင်စွာ မွေးထုတ် ပေးနိုင်ခဲ့သည်ကိုသိရပါကြောင်း။

သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ မွေးထုတ်ပေးလိုက်သည့် သစ်တောသိပ္ပံဘွဲ့ရများသည် အမေရိကန်၊ ဂျာမနီ၊ ဩစတြေးလျ၊ နယ်သာလန်၊ ဂျပန်၊ ကိုရီးယားအပါအဝင် ပြည်ပနိုင်ငံများမှာ မဟာသိပ္ပံဘွဲ့သင်တန်းများနှင့် ပါရဂူဘွဲ့သင်တန်း များကို အရည်အချင်းပြည့်မီစွာဖြင့် တက်ရောက်သင်ယူနိုင်ခဲ့ကြကြောင်းနှင့် နိုင်ငံ တကာ ကျောင်းသား/ကျောင်းသူများနှင့် ရင်ဘောင်တန်းပြီး ထူးချွန်စွာ အောင်မြင်ခဲ့ကြ သည်ကို သိရှိရသည့်အတွက် အထူးပင်ဝမ်းမြောက်ဂုဏ်ယူမိသည်ကို မှတ်တမ်းတင် ပြောကြားလိုပါကြောင်း၊ ထိုသို့ထူးချွန်ထက်မြက်မှုများသည် ကာယကံရှင်များ၏ ကြိုးစားအားထုတ်မှုများအတွက် ၎င်းတို့ကိုချီးကျူးဂုဏ်ပြုရမည်ဖြစ်သကဲ့သို့ တစ်ဖက် မှလည်းမိမိတို့နိုင်ငံ၏ပညာရေးသည် ကမ္ဘာ့အဆင့်မီဖြစ်သည်ကို သက်သေပြသနေခြင်း ပင် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ထူးချွန်ထက်မြက်သည့် ကျောင်းသားများကို  မွေးထုတ် ပေးနေသည့်၊ သင်ကြားပေးနိုင်သည့် ပါမောက္ခချုပ်ကြီးများ၊ ပါမောက္ခများ၊ ဆရာ/ ဆရာမများ၏ ကျွမ်းကျင်ပိုင်နိုင်မှု၊ လေ့ကျင့်သင်ကြားမှု စွမ်းဆောင်ရည်များသည် မည်မျှမြင့်မားသည်၊ နိုင်ငံတကာနှင့် အဆင့်မီသည်ဆိုသည်ကိုလည်း သက်သေပြနေ ခြင်းပင် ဖြစ်ပါကြောင်း၊ ထို့အတွက်လည်း အစဉ်အဆက် တာဝန်ယူဆောင်ရွက် ခဲ့ကြသည့် ဆရာကြီး၊ ဆရာမကြီးများကို လေးစားစွာဖြင့် ချီးကျူးဂုဏ်ပြုသည်ကို မှတ်တမ်းတင် ပြောကြားလိုပါကြောင်း၊ တက္ကသိုလ်ဆိုသည်မှာ ပညာရှင်များမွေးထုတ် ပေးရာဌာနလည်း ဖြစ်ပါကြောင်း၊ သစ်တောပညာသင်ကြားရေးတွင် ဘွဲ့ကြို၊ ဘွဲ့လွန် နှင့် ဒီပလိုမာဘွဲ့ရများစွာ မွေးထုတ်ပေးနိုင်ခဲ့သည့်အပြင် ပြည်ပနိုင်ငံအသီးသီး၌ ပါရဂူ ဘွဲ့ရများစွာ သင်ယူနိုင်ခဲ့သူများ၊ စနစ်ကျသည့် လုပ်ငန်းခွင်အတွေ့အကြုံ များစွာရှိပြီး ဖြစ်သည့်အတွက် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်အနေဖြင့် ပါရဂူပညာ ရှင်များ မွေးထုတ်ပေးနိုင်မည့်အခြေခံကောင်းများရှိနေပြီဟု မိမိအနေဖြင့် ယုံကြည်ပါ ကြောင်း၊ ထို့ကြောင့် နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်သည်အထိ အပူပိုင်းနှင့်မုတ်သုန် ဒေသကို အဓိကထားသည့်ပညာရှင်များကို မွေးထုတ်မြှင့်တင် ဆောင်ရွက်ပေးရန် တိုက်တွန်းလိုပါကြောင်း။

ယနေ့ကမ္ဘာပေါ်တွင်ရှိသည့် နိုင်ငံအများစုသည် လူသားများ အမှီပြုနေထိုင်ကြ သည့် တစ်ခုတည်းသောကမ္ဘာမြေကို ပိုမိုရေရှည်တည်တံ့စေရန်အတွက် ပတ်ဝန်းကျင် နှင့် ညီညွတ်သည့် လူနေမှုဘဝများကိုဖြစ်နိုင်သမျှ ပြောင်းလဲဖော်ဆောင်နိုင်ရန် ဦးစား ပေးဆောင်ရွက်နေကြပြီဖြစ်ပါကြောင်း၊ထို့ကြောင့်မိမိတို့နိုင်ငံအနေဖြင့်လည်းသစ်တော ကဏ္ဍနှင့် ဆက်စပ်လျက်ရှိသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အထောက်အကူပြု စီးပွားရေးဖွံ့ဖြိုးမှုအခြေခံသည့် အစိမ်းရောင်စီးပွားရေးလုပ်ငန်း(Green Economy)၊ ကမ်းရိုးတန်းနှင့် သမုဒ္ဒရာကိုအခြေခံသည့် အပြာရောင်စီးပွားရေးလုပ်ငန်း (Blue Economy)နှင့်သဘာဝကို အခြေခံဖြေရှင်းသည့် ဖွံ့ဖြိုးမှုလုပ်ငန်း (Nature-based Solutions) သဘောတရားများကို နားလည်ပြီး လက်တွေ့နယ်ပယ်၌အသုံးချနိုင်သည့် ကျွမ်းကျင်ပညာရှင်များမွေးထုတ်နိုင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းစဉ် များကို သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၏ ပင်မလုပ်ငန်းစဉ် နယ်ပယ် တစ်ရပ်အဖြစ် တိုးမြှင့် သင်ကြားပေးနိုင်ရေး၊ သစ်တောပညာရပ်ဘွဲ့ကြို၊ ဘွဲ့လွန်ဆိုင်ရာ သင်တန်းများသာမက ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံဘွဲ့ရပညာရှင်များကိုပါ မွေးထုတ်နိုင် ရေး၊ ဘွဲ့ကြိုသင်တန်းများ ဖွင့်လှစ်သွားနိုင်ရေးကို ဆက်လက်လုပ်ဆောင်သွားကြရ မည်ဖြစ်ပါကြောင်း။

        အလေးအနက်ထား ပြောကြားလိုသည်မှာ ကျောင်းသား/ ကျောင်းသူများ၏ “ပဲ့ကိုင်ရှင်များ” ဖြစ်ကြသည့် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍဖြစ်ပါကြောင်း၊ အာစရိယအနွယ်ဝင် ဆရာ / ဆရာမများ၏ အရည်အချင်းနှင့် စွမ်းဆောင်ရည်များကို စဉ်ဆက်မပြတ်မြှင့်တင်ပေးခြင်း၊ သင်ကြားရေးနှင့် သုတေသနလုပ်ငန်းများ ပေါင်းစပ် ဆောင်ရွက်စေခြင်း၊ ပြည်တွင်း၊ ပြည်ပအတွေ့အကြုံများရရှိစေရေး စီမံပေးခြင်း၊ သီအိုရီနှင့်လက်တွေ့ပေါင်းစပ်နိုင်သည့် ကျွမ်းကျင်မှုများရရှိစေရေးအတွက် ပံ့ပိုးကူညီ ပေးခြင်းတို့ကို အလေးအနက်ထားဆောင်ရွက်ပေးရန် တိုက်တွန်းပြောကြားလိုပါကြောင်း။

သက်တမ်းနှစ်(၁၀၀)ပြည့်ခဲ့ပြီဖြစ်သည့် မြန်မာနိုင်ငံ၏ သစ်တောနှင့် ပတ်ဝန်းကျင် ဆိုင်ရာတက္ကသိုလ်ကြီးမှ နိုင်ငံတော်၏စီးပွားရေး ၊ လူမှုရေးနှင့် ပတ်ဝန်းကျင် ကာကွယ် ထိန်းသိမ်းရေးတို့တွင် သစ်တောများ၏အရေးပါမှုကိုသိရှိပြီး မိမိပညာရပ်ကိုတန်ဖိုးထား ဂုဏ်ယူတတ်သည့် ပညာတတ်မျိုးဆက်သစ်များ ဆက်လက်မွေးထုတ်ပေးနိုင်ပါစေ၊ အရေးပါသည့် သစ်တောများ၊ တန်ဖိုးမဖြတ်နိုင်သည့် သဘာဝ ဂေဟစနစ်ဝန်ဆောင်မှု များနှင့် ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့စေရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ပညာရှင်များ တိုးတက် ဖြစ်ထွန်းပေါ်ပေါက်ပါစေ၊ တက္ကသိုလ်၏ ရည်မှန်းချက်ဖြစ်သည့် “ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍဆိုင်ရာပညာရေး ၊ သုတေသနနှင့် ဝန်ဆောင်မှုများ ပေးစွမ်းနိုင်သည့် အဆင့်မီတက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်နိုင်ရေး” ဆိုသည့်အချက်ကို ပြည့်ပြည့်ဝဝအကောင်အထည် ဖော်နိုင်ပါစေ၊ စွမ်းဆောင်ရည် ပြည့်ဝသည့် နိုင်ငံ့ဂုဏ်ဆောင်သည့် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်ကြီး အဖြစ်ရာပြည့်မှသည် ဆက်လက်ပြီးအဓွန့်ရှည်တည်တံ့ခိုင်မြဲပါစေဟု ဆုမွန်ကောင်း တောင်းပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သစ်တောပညာနှစ်(၁၀၀)ပြည့် အထိမ်းအမှတ်ဂုဏ်ပြု ချီးမြှင့်ငွေကျပ်သိန်း(၁၀၀)ကို သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဆင့် ထံပေးအပ်သည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သစ်တောပညာနှစ်(၁၀၀)ပြည့် အထိမ်းအမှတ် တက္ကသိုလ်အဆင့်နှင့် အထက်တန်း အဆင့် ကဗျာ၊ ဆောင်ပါး၊ ဉာဏ်စမ်းပဟေဠိ၊ စာစီ စာကုံးပြိုင်ပွဲများတွင် ပထမဆုရရှိခဲ့ ကြသူများကို ဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက သစ်တောပညာနှစ်(၁၀၀)ပြည့် အထိမ်းအမှတ် တက္ကသိုလ်အဆင့်နှင့် အထက်တန်း အဆင့် ကဗျာ၊ ဆောင်ပါး၊ ဉာဏ်စမ်းပဟေဠိ၊ စာစီ စာကုံးပြိုင်ပွဲများတွင် ဒုတိယဆုရရှိသူများကိုလည်းကောင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တတိယဆုရရှိကြသူများ ကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။

၎င်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနု ပညာရှင်များနှင့် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်း သူများက "ဂုဏ်ပြုညွှန်းဖော် သစ်တောပညာ ရာပြည့်ပွဲတော်" သရုပ်ဖော်ဖြင့် ဖျော်ဖြေ တင်ဆက်ခြင်း၊ တက္ကသိုလ်၏ရာပြည့်ဗီဒီယို မှတ်တမ်းအားပြသခြင်း၊ "ထာဝရမြန်မာ" တေးသီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊ "သစ်တောနှင့်ပတ်ဝန်းကျင်တေးသီချင်း (MTV)" ဖြင့်တင်ဆက်ခြင်း၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၏ "ကမ္ဘာကြီးကို ချစ်သောတို့ရဲ့ အမိတက္ကသိုလ်" Theme Song ဖြင့် ဖျော်ဖြေတင်ဆက်ခြင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ဖျောဖြေတင်ခဲ့သည့် အနုပညာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြု ပန်းခြင်းပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြ သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်းသတင်းရရှိသည်။