နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား သွားရောက်ဖူးမြော်ကြည်ညို    

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား သွားရောက်ဖူးမြော်ကြည်ညို                                                   

နေပြည်တော်၊ မေ - ၂၆

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊  မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယက ဆရာ တော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ ကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီးသည် သက်တော်(၉၄)နှစ်၊ သိက္ခာတော်(၇၄)ဝါ အရ မြန်မာ သက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နယုန်လဆန်း (၇)ရက်၊ ၂၀၂၃ ခုနှစ်၊ မေ ၂၅ ရက် (ကြာသပတေးနေ့)၊ ည ၁၁ နာရီ ၁၁ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။

ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား ဗန်းမော်ကျောင်းတိုက်၌ ပူဇော်ထားလျက်ရှိရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် သွားရောက် ဖူးမြော် ကြည်ညိုသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များသည် ဗန်းမော်ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား ဖူးမြော် ကြည်ညိုကြသည်။ ယင်းနောက်  နိုင်ငံတော်ဩဝါဒါစရိယ မန္တလေးမြို့ မစိုးရိမ်တိုက် သစ် ပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသ အားဖူးမြော် ကြည်ညိုပြီး ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်း အနား ကျင်းပပြုလုပ်မည့် အခြေအနေများကို လျှောက်ထားဆွေးနွေး၍ လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ ဆရာတော်ထံ လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဗန်းမော်ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား လာရောက်ဖူးမြော်ကြမည့် ရန်ကုန်မြို့မှ ကြွရောက်လာသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော် ဆောင် သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ အမှူးပြု သည် ဆရာတော်၊ သံဃာတော်များအား ခရီးဦးကြိုဆိုသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သန်လျင်မင်းကျောင်းဆရာတော်ကြီးအား ဆရာတော်ဘုရားကြီးသည် သက်တော်ရှည် ဆရာတော်ကြီးဖြစ်သည့်အပြင် ၂၀၁၀ ပြည့် နှစ်မှစ၍ ပျံလွန်တော်မူသည့်တိုင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌအဖြစ် ၁၃ နှစ် နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌအဖြစ် ယခုကဲ့သို့ နှစ်ရှည်လများ တာဝန်ထမ်းဆောင်ခြင်းသည် ပထမဦးဆုံး အကြိမ်ဖြစ်ပါကြောင်း၊ ထိုသို့ တာဝန် ထမ်းဆောင်ခဲ့ချိန်တွင်လည်း သာသနာ့အကျိုးကို   စွမ်းစွမ်းတမံဖြင့် ထမ်းဆောင်ခဲ့ ပါကြောင်း၊  ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိ ဈာပနပူဇာသဘင် အခမ်းအနားကို နိုင်ငံတော်အဆင့်အခမ်းအနားဖြင့် ခမ်းခမ်းနားနား ကျင်းပပြုလုပ်ပူဇော်သွားနိုင်ရေး စီစဉ်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ၂၀၁၀ ပြည့်နှစ်မှစ၍ သာသနာ့ဦးသျှောင် တာဝန် များကို ထမ်းဆောင်ခဲ့သည့် ဗန်းမော်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူခဲ့ရခြင်း သည် သာသနာတော်နှင့် နိုင်ငံတော်အတွက် ကြီးမားသည့် ဆုံးရှုံးမှုဖြစ် သည့်အတွက် များစွာကြေကွဲဝမ်းနည်းမိပါကြောင်း၊ ဆရာတော်ဘုရားကြီး၏ရုပ်ကလပ် တော်အား လာရောက်ဖူးမြော်ကြည်ညိုကြမည့် ရဟန်း၊ ရှင်လူ၊ မိဘ ပြည်သူများ အဆင်ပြေစေ ရေးအတွက်လည်း စနစ်တကျစီစဉ်သွားမည် ဖြစ်ပါကြောင်းဖြင့် တင်ပြ လျှောက်ထား ပြီး ဆရာတော်ကြီး၏ ဩဝါဒ ခံယူကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။

ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ မိသားစုများမှ လှူဒါန်းသည့်  အလှူငွေများကို ပေးအပ်လှူဒါန်းရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လက်ခံရယူသည်။

ဆက်လက်ပြီး မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးတို့က ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေးအတွက်  မြန်မာစီးပွား ရေးကော်ပိုရေးရှင်းနှင့် မြန်မာစီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိ တက်တို့မှ ပေးအပ်လှူဒါန်းသည့်  အလှူငွေများ၊ စုပေါင်းအလှူငွေများကို ပေးအပ် လှူဒါန်းရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လက်ခံ ရယူသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မစိုးရိမ်တိုက်သစ်ပဓာနနာယက ဆရာတော်ထံမှ အနုမောဒနာ တရားကို နာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗန်းမော်ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား ဖူးမြော် ကြည်ညိုခဲ့ကြသည်။

အဆိုပါ ဗန်းမော်ဆရာတော်ဘုရားကြီး အလောင်းလျာကို မြန်မာသက္ကရာဇ် ၁၂၉၁ ခုနှစ်၊ တော်သလင်းလဆန်း(၁၄)ရက်၊ တနင်္လာနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ရဘဲကျေးရွာ၌ ခမည်းတော် ဦးဘိုးသစ်၊ မယ်တော် ဒေါ်အေးသိုက် တို့မှ ဖွားမြင်တော်မူခဲ့ကြောင်း၊ ၁၃၀၄ ခုနှစ်၊ ဝါဆိုလဆန်း(၈)ရက်၊ တနင်္လာနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ဆင်မင်းကျေးရွာ၊ ဆင်မင်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပဏ္ဍိစ္စ ကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပြီး ၁၃၁၀ ပြည့်နှစ်၊ တပို့တွဲလဆန်း(၁၀)ရက်၊ တနင်္လာနေ့တွင် တောင်သာမြို့နယ်၊ ရဘဲကျေးရွာ၊ ရဘဲကျောင်းတိုက် ဗဒ္ဓသိမ်၌ ကံမြဲ ကံဦး ကျောင်းဆရာတော် ဘဒ္ဒန္တ သောဘိတ(ဦးပွား)ကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာ နုဂ္ဂဟကိုခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ကြောင်း၊ ဆရာတော်ဘုရားကြီးသည် ပရိယတ္တိစာပေများကို သင်ယူဆည်းပူးခဲ့ပြီး ၁၃၁၅ ခုနှစ်တွင် “ပရိယတ္တိသာသနဟိတဓမ္မာစရိယ၊ ဝဋံသကာ၊ BA (မန်းတက္ကသိုလ်)၊ သာသနဓဇသိရီ ပဝရဓမ္မာစရိယဘွဲ့” ၁၃၁၈ ခုနှစ်တွင် “ပါဠိသိရောမဏိ” ဘွဲ့၊ ၁၃၇၈ ခုနှစ်တွင် နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့မှ ဆက်ကပ်သော ဂုဏ်ထူးဆောင် ဓမ္မပါရဂူ (D.Litt) ဘွဲ့၊ ၂၀၀၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဆက်ကပ် သော Doctor of Letters (D.Litt) ဘွဲ့၊ ၂၀၁၆ ခုနှစ်တွင် ကိုးရီးယားနိုင်ငံ၊ Sehan University မှ ဆက်ကပ်သော ဘာသာရေးအတွေးအခေါ် ဘာသာရပ်ဂုဏ်ထူးဆောင် (Ph.D) ပါရဂူဘွဲ့ တို့ကို ရရှိတော်မူ ခဲ့ကြောင်း၊ ဆရာတော်သည် နိုင်ငံတော်သံဃမဟာ နာယက အဖွဲ့စသော  သံဃာ့အဖွဲ့ အစည်း ဖွဲ့စည်းနိုင်ရန် မူလသံဃာ့ဝန်ဆောင်(၆၆)ပါးအဖွဲ့၌ ပါဝင် ၍ မန္တလေးတိုင်းဒေသ ကြီးအတွင်း လှည့်လည်ဟောပြောပြီး သာသနာပြုတာဝန်များကို ထမ်းဆောင်ခဲ့ခြင်း၊ ပထမ အကြိမ်မှ ဆဋ္ဌအကြိမ် ၂၀၁၀ ပြည့်နှစ်၊ မတ်လအထိ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဖြစ်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်၊ မတ်လမှ ဇူလိုင်လအထိ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင်အဖြစ်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လမှ ယနေ့အထိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌနှင့် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် အဖွဲ့ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ၏ အဓိပတိ အဖြစ်လည်းကောင်း သာသနာ့တာဝန်များကို ဆောင်ရွက်တော်မူခဲ့ကြောင်း။

ထိုကဲ့သို့ ဗုဒ္ဓသာသနာအကျိုးကို ထက်သန်သောဝီရိယဖြင့် သယ်ပိုးဆောင်ရွက် တော်မူခဲ့သော သာသနဓုရာဝဟဂုဏ်၊ အဂ္ဂမဟာပဏ္ဍိတ လဒ္ဓလဉ္ဇနဂုဏ်၊ ရတ္တညူ မဟာနာယကဂုဏ်၊ ပိဋကတ္တယဆေကဂုဏ်၊ လဇ္ဇီ ပေသလ သိက္ခာကာမဂုဏ် ပရဟိ တာဝဟဂုဏ်၊ သာသနဟိတဓရဂုဏ်၊ ခမာဇာဂရိယဂုဏ် စသည်တို့နှင့် ပြည့်စုံတော် မူခြင်းတို့ကြောင့် နိုင်ငံတော်အစိုးရက ဆရာတော်ကြီးအား ၂၀၀၉ ခုနှစ်တွင် “အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက” ဘွဲ့တံဆိပ်တော်နှင့် ၂၀၁၁ ခုနှစ်တွင် “အဘိဓဇမဟာ ရဋ္ဌ ဂုရု” ဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပါကြောင်း၊ ဆရာတော်ဘုရားကြီး သည် သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူလျက်ရှိစဉ် သက်တော်(၉၄) နှစ်၊ သိက္ခာတော်(၇၄)ဝါ အရ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နယုန်လဆန်း (၇)ရက်၊ ၂၀၂၃ ခုနှစ်၊ မေ ၂၅ ရက် (ကြာသပတေးနေ့)၊ ည ၁၁ နာရီ ၁၁ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌအဖြစ် ၁၃ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့သည့် သာသနာ့ဦးသျှောင် ဆရာတော်ဘုရားကြီး ပျံလွန်တော်မူခဲ့ခြင်းသည် သာသနာတော်နှင့် နိုင်ငံတော်အတွက် ကြီးမားသည့်ဆုံးရှုံးမှုတစ်ခုပင်ဖြစ်ပြီး ဆရာတော်ဘုရားကြီး၏ အန္တိမ အဂ္ဂိ ဈာပန ပူဇာသဘင်အခမ်းအနားကို နိုင်ငံတော်အဆင့် ခမ်းနားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။