သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာပညာရပ်များ

သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာပညာရပ်များ

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ မေ ၂၇ ရက်)

မြန်မာနိုင်ငံတွင်တက္ကသိုလ်အဆင့် သစ်တောပညာကို ၁၉၂၃ ခုနှစ်က ရန်ကုန်တက္ကသိုလ်တွင် Forestry School ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် စတင်ခဲ့ခြင်းဖြစ်ရာ ယခုနှစ်တွင် နှစ် ၁၀၀ ပြည့်မြောက်ပြီ ဖြစ်သည်။ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်ရာပြည့် အထိမ်းအမှတ် အခမ်းအနားကို ၂၀၂၃ ခုနှစ် မေလ ၂၆ ရက်တွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ သစ်တောနှင့် ပတ်ဝန်းကျင် ဆိုင်ရာ တက္ကသိုလ်၌ကျင်းပခဲ့သည်။ သစ်တောများမှာ လူသားတို့ ရှင်သန်နေထိုင်မှုအတွက် မှီခိုစရာ နေရာ၊ ထုတ်ယူသုံးစွဲရာနေရာများ၊ အပန်းဖြေစရာနေရာများဖြစ်သည်။ သဘာဝတောရိုင်းတိရစ္ဆာန်တို့ ကျင်လည်ကျက်စားရာနေရာဖြစ်ပြီး ရာသီဥတုမျှတရေး စွမ်းဆောင် ပေးရာ နေရာလည်းဖြစ်သည်။

၁၉ ရာစုအရောက်တွင်မူ သစ်တောများသည် စီးပွားရေးအတွက် အရင်းအမြစ်များအဖြစ်သို့ ပြောင်းလဲ သွားခဲ့ကြသည်။ စက်မှုထွန်းကားသော နိုင်ငံတို့၏ နယ်ပယ်ချဲ့ထွင်မှုနှင့်အတူ သစ်တောများကို စီးပွားရေးအရ လက်ဝါးကြီးအုပ်ရန် ကြံစည်လာကြသည်။ သစ်တောနှင့်ပတ်သက်၍ ဒေသခံနိုင်ငံများနှင့် နယ်ချဲ့ကုမ္ပဏီတို့အကြား အငြင်းပွားဖွယ်ဖြစ်ရပ်များ ပေါ်ပေါက်ကာ စစ်ပွဲများကို ဖန်တီးလာခဲ့ကြသည်။ မြန်မာ့သမိုင်းတွင် နယ်ချဲ့ပိုင်ကုမ္ပဏီတို့က သစ်လုံးများကိုခွင့်ပြုသည်ထက် ပိုမိုခိုးထုတ်ကြသည့်အတွက် ပဋိပက္ခဖြစ်ပွားလာခဲ့သည်။ ထိုမှတစ်ဆင့်စစ်ပွဲများ ဖန်တီးကာ မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့သည်မှာ ထင်ရှားသည့် သမိုင်းဖြစ်ရပ်ဆိုး ဖြစ်သည်။

၂၀ ရာစုနှောင်းကာလနှင့် မျက်မှောက်ခေတ်တွင် သစ်တောများမှာ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟ စနစ်တို့အတွက် မရှိမဖြစ်သောအရာများ ဖြစ်လာခဲ့သည်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးစုံ မျိုးကွဲများ ရှင်သန်တည်တံ့မှု၊ ရေချိုအရင်းအမြစ်များနှင့် မြေဆီလွှာထိန်းသိမ်းမှုစသည်တို့နှင့် ပတ်သက် ၍သစ်တောများ၏ တန်ဖိုးအစစ်အမှန်များကို ပိုမိုသိမြင်လာကြပြီဖြစ်သည်။ သစ်တောပညာရပ်မှာလည်း လူသားတို့ စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရေးအတွက် သစ်တောများ ထာဝစဉ်တည်တံ့ရေးမှသည် ဂေဟစနစ်ကို အခြေပြုသော သစ်တောစီမံခန့်ခွဲမှုဆီသို့ ပြောင်းလာခဲ့ပြီ ဖြစ်သည်။

မြန်မာနိုင်ငံသစ်တောကဏ္ဍကို အမျိုးသား လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု၊ သဘာ၀ ၀န်းကျင်ထာဝစဉ် တည်ငြိမ်ရေးနှင့် ဂေဟစနစ်များမျှတရေးတို့အတွက် ဦးတည်၍ မူဝါဒများချမှတ်ပြီး စီမံခန့်ခွဲလျက် ရှိသည်။ ၁၉၉၅ ခုနှစ် မြန်မာ့သစ်တောမူဝါဒ သဘောထားကြေညာချက်တွင် အမျိုးသား ရည်မှန်းချက် ပန်းတိုင်များအား ပြည့်မီစွာ ဖော်ဆောင်နိုင်ရန်အတွက် ပဓာနကျသော အချက်(၆)ချက်ကို ဖော်ပြထား ပါသည်။ ရေမြေတောရိုင်းတိရစ္ဆာန်၊ ဇီဝမျိုးစုံနှင့် သဘာ၀၀န်းကျင်ကို ကာကွယ်ရမည်။ သစ်တောများမှ ရရှိနိုင်သည့် တိုက်ရိုက်နှင့် သွယ်ဝိုက်သောအကျိုးများကို စဉ်ဆက်မပြတ်ခံစားနိုင်ကြစေရန်၊ သစ်တော သယံဇာတအရင်းအမြစ်များကို ထာဝစဉ်တည်တံ့နေစေရေးအတွက် ထိန်းသိမ်းရမည်ဖြစ်သည်။

ပြည်သူလူထုအတွက် လောင်စာ၊ နေအိမ်၊ အဆောက်အအုံ၊ အစားအစာနှင့် အပန်းဖြေနားနေမှု အစရှိ သည့် အခြေခံစားဝတ်နေရေး လိုအပ်ချက်များကို သစ်တောများမှ ဖြည့်ဆည်းပေးနိုင်ရမည်။ သစ်တော သယံဇာတများမှရရှိနိုင်သည့် စီးပွားရေးအကျိုးအမြတ်တို့အား လူမှုရေးနှင့် သဘာ၀ ၀န်းကျင် ထိန်းသိမ်းရေးဆိုင်ရာတို့ကို မထိခိုက်စေဘဲ အပြည့်အဝအသုံးချရန် စီမံပေးရမည်။ သစ်တောများ ပြုစုထိန်းသိမ်းရေးနှင့် သစ်တောသယံဇာတများ အသုံးချရေးလုပ်ငန်းတို့တွင် ပြည်သူတို့က ပူးပေါင်း ပါဝင်ကြရမည်ဖြစ်သည်။ သစ်တောများသည်နိုင်ငံတော်၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရာတွင် အဓိကအခန်းမှ ပါဝင်နေကြောင်းကို ပြည်သူတို့အတွင်း အသိရှင်သန်စေရန် လှုံ့ဆော်ကြရမည် ဖြစ်သည်။

ရန်ကုန်တက္ကသိုလ်တွင် သင်ကြားခဲ့သည့်  သစ်တောပညာသင်တန်းများသို့ အိမ်နီးချင်းနိုင်ငံအချို့မှ သင်တန်းသားများ လာရောက်သင်ကြားခဲ့သည့် မှတ်တမ်းများရှိရာ သစ်တောပညာရပ်သင်ကြားပေးမှု အဆင့်အတန်းမြင့်မားခဲ့သည့် သာဓကဟု ဆိုနိုင်ပါသည်။ စစ်ပြီးကာလ သစ်တောပညာဌာနသည် ရန်ကုန် တက္ကသိုလ် သိပ္ပံမဟာဌာန (Faculty of Science) အောက်တွင်ရှိခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် သစ်တောပညာ မဟာဌာနအဖြစ် သီးခြားဖွင့်လှစ်ခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်ရှိ သစ်တော ပညာဌာနကို ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်အောက်သို့ ပြောင်းရွှေ့ခဲ့သည်။ ၁၉၉၂ ခုနှစ် သစ်တောတက္ကသိုလ်အဖြစ် ဖွင့်လှစ်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် တက္ကသိုလ်၏အမည်ကို “သစ်တော တက္ကသိုလ်” မှ “သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် (University of Forestry and Environmental Science- UFES)” သို့ပြောင်းလဲခဲ့သည်။

ယနေ့အချိန်သည် ကမ္ဘာ့ပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှုနှင့်အတူ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ရာသီဥတုပြောင်းလဲမှုများနှင့် နောက်ဆက်တွဲအကျိုးဆက်များ ရင်ဆိုင်ကြုံတွေ့နေရ သည်။ လူသားတို့ရင်ဆိုင်နေရသော ရာသီဥတုပြောင်းလဲခြင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းရာတွင် သစ်တောများမှာ အလွန်အရေးပါသည့် ကဏ္ဍတွင်တည်ရှိနေသည်။  သစ်တောများ၏ အကျိုးကျေးဇူးကို သိနားလည်ရန်၊ သစ်တောများ ထာဝစဉ်တည်ရှိနေရေး ထိန်းသိမ်းရန်စသည်တို့ အတွက် သစ်တောပညာရပ်များကို လူငယ်တို့ ပိုမိုလေ့လာသင်ယူကြရန်လိုအပ်လာပြီဖြစ်သည်။ ထို့အတူ ပြည်သူလူထုအတွင်း၌ သစ်တောသစ်ပင်တို့ ချစ်ခင်ဆောင်ပုဒ်နှင့်အညီ ချစ်ခင်မြတ်နိုးတန်ဖိုးထား ကြရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် သစ်တောပိုင်းဆိုင်ရာ ပညာရပ်များမှာ ခေတ်နှင့်အညီ ပိုမို လိုအပ်လာပြီဖြစ်သည့်အတွက်  သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်နှစ် ၁၀၀ ပြည့်မှသည် နှစ်ပေါင်းထောင်သောင်းမက တည်တံ့ပါစေကြောင်း  ဂုဏ်ပြုရေးသားလိုက်ရပေသည်။   ။