ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်နေအိမ်များအတွက် ပံ့ပိုးငွေပေးအပ်

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်နေအိမ်များအတွက် ပံ့ပိုးငွေပေးအပ်

ဇီးကုန်း၊ လူမှုရေး

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မေ ၂၄ရက်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဖြစ်ပွားခဲ့သော အမိုးလန်ပျက်စီးခဲ့သည့် လေဘေးသင့် အိမ်ထောင်စုများအား  အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး ပံ့ပိုးငွေပေးအပ်ခြင်းကို မေ ၂၆ ရက် နံနက်ပိုင်းတွင် ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ လေဘေးသင့် အိမ်ထောင်စုများထံ လက်ဝယ်အရောက်ပေးအပ်သည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီလတ်က အမှာစကား ပြောကြားပြီး ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူက ထောက်ပံ့ပေးအပ်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ဇီးကုန်းမြို့နယ်တွင် မေ ၂၄ ရက်ကလေပြင်းတိုက်ခတ်မှုကြောင့် ဘုရားကြီးကုန်း ကျေးရွာ အုပ်စု ပေါင်ကြီးကျေးရွာ၌ဖြစ်ပွားခဲ့သော အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်လေးလုံးနှင့် ပြိုလဲနေအိမ် တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၂၄၀၀၀၀၊ ပြိုလဲနေအိမ်တစ်လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးပါ ထောက်ပံ့ရေး ပစ္စည်းပုံးတစ်ပုံး၊ လေဘေးသင့် အိမ်ထောင်စုငါးစုမှ လူဦးရေ ၁၅ ဦးအတွက် ဆန်ရိက္ခာခုနစ်ရက်စာဖိုးထောက်ပံ့ငွေကျပ်၃၁၅၀၀ ကို ဇီးကုန်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူတို့က လေဘေးသင့် အိမ်ထောင်စုဝင်များထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

 တင့်ဆွေ