အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်မိရပ်ဖများတွေ့ဆုံ

အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်မိရပ်ဖများတွေ့ဆုံ

ဟဲဟိုး  မေ  ၂၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာကျော်ထွန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူ များသည် ယနေ့ နံနက် ၉ နာရီတွင် ကလောမြို့နယ်၊ ဟဲဟိုးမြို့ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမ၌ ဆရာ၊ ဆရာမများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဝင်က နိုင်ငံတော်က ပညာရေးကို အလေးထား ဆောင်ရွက်လျက်ရှိရာ ဟဲဟိုးမြို့ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းအပ်နှံရေး ကို ရာခိုင်နှုန်းပြည့်မီအောင် ဆောင်ရွက်ပေးစေလိုကြောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် Grade-9 အတန်းကို မသင်မနေရပညာရေး စနစ်ကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်က ကျောင်းအပ်နှံရာတွင်လည်း ဘောပင်၊ ခဲတံ၊ ဗလာစာအုပ်၊ ပြဋ္ဌာန်းပုံနှိပ်စာအုပ်၊ ကျောင်းဝတ်စုံများ ကိုလည်း အခမဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းနေအရွယ်ကလေးများ ကျောင်းပြန်လည် နေနိုင်ရေးအတွက် မိဘ၊ ဆရာ၊ ကျောင်းအကျိုးတော်ဆောင်၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ သင်ကြားရေးပိုင်းတွင် Grade-9၊ Grade-12 ကို သင်တန်းများ ပို့ချပေးပြီးဖြစ်၍ ဆင့်ပွားသင်တန်းများ ဖွင့်လှစ်ပို့ချပြီးဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် သင်ရိုးသစ်သင်ကြားပြီး ကျောင်းသား၊ ကျောင်းသူများ၏ တွေးခေါ် နိုင်စွမ်းကို    ဖွင့်လှစ်ပေးလိုက်ခြင်း ဖြစ်ကြောင်း၊ သင်ကြားရေးမြင့်လာလျှင် ဆရာ၊ ဆရာမများ စိတ်ဓာတ်များလည်း မြင့်လာမည် ဖြစ်ကြောင်း၊ စာဖတ်နိုင်မှ တွေးခေါ်နိုင်မှုမြင့်လာမည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများသည်    မှန်ကန်သော သစ္စာ တရားဖြင့် ကျောင်းသား၊ ကျောင်းသူများ အဟန့်အတားများကို ကျောသား၊ ရင်သား မခွဲခြားဘဲ ဆောင်ရွက်ပေးကြရန်၊  နိုင်ငံတော်မှ  ကလေးများစာတတ်စေချင်ကြောင်း၊ ကျောင်းဥပဓိရုပ် ကောင်းစေရန်   ပြုပြင်ထိန်းသိမ်းရမည့် ကိစ္စရပ်များရှိပါက တင်ပြကြရန်နှင့် သက်ဆိုင်ရာ မိဘများက လည်း ကျောင်းပြုပြင်ရန်ကျန်ရှိနေပါက တင်ပြပေးကြရန်၊ ဆရာ၊ ဆရာမများသည် ကျောင်းသား၊ ကျောင်းသူများကို စေတနာကောင်းဖြင့် မွေးထုတ်ပေးသည့် နေရာဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကို မေတ္တာစေတနာဖြင့် ကျောင်းအပ်နှံနိုင်ရန် အားလုံးက ဝိုင်းဝန်းပူးပေါင်း ကြိုးစား ပေးကြရန် ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကျောင်းဖွင့် ချိန်တွင် သွားရောက်ကွင်းဆင်းကြည့်ရှု၍ ကူညီဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပညာ ရေးကဏ္ဍတွင် ပါဝင်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဟဲဟိုးမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးက ကျောင်းပြင်ထိန်းကိစ္စရပ်များ ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်က   ပြန်လည် ဖြည့်စွက်ပြောကြားပြီး ကျောင်းဖွံ့ဖြိုးရေးအတွက်  ထောက်ပံ့ငွေပေးအပ်ရာ  ကျောင်းအုပ် ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးမျိုးမင်းဦးတို့က လက်ခံရယူသည်။ ထို့နောက် ဆရာ၊ ဆရာမများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြောင်း သိရသည်။

ယင်းနောက် ကလောမြို့နယ် အောင်ပန်းမြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း ကံ့ကော် ခန်းမ၌ ဆရာ၊ ဆရာမများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်က ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းအပ်နှံရာတွင် ရာခိုင်နှုန်း၁၀၀   ရရှိအောင် ဆောင်ရွက်ပေးစေလိုကြောင်း၊ စာတတ်မှ နိုင်ငံမြင့်မည်ဖြစ်ပြီး စာဖတ်စွမ်းအားရှိရန် လိုကြောင်း၊ Grade-9 အတန်းကို မဖြစ်မနေသင်ယူရမှာဖြစ်ပြီး ပညာရေးစနစ်ကို အခမဲ့ဆောင်ရွက် ပေးထားကြောင်း၊ ကလေးများကျောင်းပျော်အောင်ထားရှိပေးရန်၊ ပညာတတ်အောင် မွေးထုတ်ပေးရန်၊ ဆရာ၊ ဆရာမများအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုများရှိရမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ပြန်လည်ကျောင်းတက်ပါက အနာဂတ်ဘဝလှပမည်ဖြစ်ပြီး တိုင်းရင်းသားမျိုးနွယ်စုများ စာတတ်နိုင်ရန်အတွက်   နိုင်ငံတော်က ဆောင်ရွက်ပေးလျက်ရှိရာ ဆရာ၊ ဆရာမများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား၊ ကျောင်းသူများမှ ကျောင်းနေအရွယ်ကလေးများ ကျောင်းနေနိုင်ရေးအတွက်  အားလုံးက ဝိုင်းဝန်းပူးပေါင်းကြိုးစားဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ထို့နောက် အောင်ပန်းမြို့  အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအကျိုးတော်ဆောင် များ၊ ရပ်မိရပ်ဖများက ကျောင်းအတွက် လိုအပ်ချက်များ ဆွေးနွေးတင်ပြကြသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်က ဆွေးနွေးတင်ပြချက်အပေါ် ပြန်လည်ဖြည့်စွက်ပြောကြား ဆောင်ရွက် ပေးခဲ့ပြီး အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်းဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ငွေများကို      ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းဌေးနှင့် ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌတို့က လက်ခံ ရယူသည်။ ထို့နောက် ဆရာ၊ ဆရာမများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား၊ ကျောင်းသူများအား      ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြောင်း သိရသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ် ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် အေးသာယာမြို့  စက်မှုဇုန်အခြေခံပညာ အထက်တန်းကျောင်း၌ ဆရာ၊ ဆရာမများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ နိုင်ငံတစ်ခု၏ ဖောင်ဒေးရှင်းသည် ပညာရေးဖြစ်ကြောင်း၊ စာတတ်မှ နိုင်ငံတိုးတက်မည်ဖြစ်ကြောင်း၊ ဒေသခံဆရာ၊     ဆရာမများကလည်း ကျောင်းသား၊ ကျောင်းသူများကို ကြိုးစား သင်ပေးကြရန်၊ ကျောင်းသား၊ ကျောင်းသူများ၏ ဘဝမြှင့်တင်ရာတွင် ဆရာ၊ ဆရာမများမှ အဓိကဖြစ်ကြောင်း၊ နိုင်ငံတစ်ခု၏ မောင်းနှင်အားသည် ပညာရေးဖြစ်ကြောင်း၊ တိုင်းရင်းသားအများစုကို စာတတ်စေချင်ကြောင်း၊ ကလေးများ ကျောင်းပျော်အောင် မိဘ၊ ဆရာများမှ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြား သည်။

ထို့နောက် အေးသာယာစက်မှုဇုန် အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာမများက ကျောင်းလိုအပ်ချက်များ ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် က ဆွေးနွေးတင်ပြမှုအပေါ် ပြန်လည်ဖြည့်စွက်ပြောကြားပြီး ကျောင်းဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ ငွေများကို ပေးအပ်ရာကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌတို့က လက်ခံရယူ ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)