မူလမြိုင်ကြီးငူဆရာတော်ကြီးအားရည်စူး၍ ဒုတိယမြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိကအမှူးပြုသော ကရင်ပြည်နယ် နယ်ခြားစောင့်တပ် မိသားစုနှင့် မြိုင်ကြီးငူအထူးဒေသမိသားစုများက ရခိုင်ပြည်နယ် မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် အလှူငွေများလှူဒါန်း

မူလမြိုင်ကြီးငူဆရာတော်ကြီးအားရည်စူး၍ ဒုတိယမြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိကအမှူးပြုသော ကရင်ပြည်နယ် နယ်ခြားစောင့်တပ် မိသားစုနှင့် မြိုင်ကြီးငူအထူးဒေသမိသားစုများက ရခိုင်ပြည်နယ် မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် အလှူငွေများလှူဒါန်း

စစ်တွေ   မေ  ၂၆   

မူလမြိုင်ကြီးငူ ဆရာတော်ကြီးအား ရည်စူး၍ ဒုတိယမြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိက အမှူးပြုသော   ကရင်ပြည်နယ် နယ်ခြားစောင့်တပ်မိသားစုနှင့် မြိုင်ကြီးငူအထူးဒေသ မိသားစုများက ရခိုင်ပြည်နယ်   မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အလှူငွေများကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ လာရောက် လှူဒါန်းကြသည်။

လှူဒါန်းပွဲသို့ ဒုတိယမြိုင်ကြီးငူဆရာတော် မဟာမင်္ဂလဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏိကနှင့် အောင်စေ ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ အရှင်ပဝရသိဒ္ဓိတို့ ကြွရောက်တော်မူကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများ၊ ကရင်ပြည်နယ် နယ်ခြား စောင့်တပ်မိသားစုနှင့် မြိုင်ကြီးငူအထူးဒေသ မိသားစုများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်မိသားစုနှင့် မြိုင်ကြီးငူအထူး ဒေသမိသားစုများ ကိုယ်စား   တာဝန်ရှိသူများက အလှူငွေစုစုပေါင်း ငွေကျပ်သိန်း ၁၅၀၀ ကိုပေးအပ်လှူဒါန်းရာ ပြည်နယ် ဝန်ကြီးချုပ်နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်ကြသည်။

ယင်းနောက် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့က ဆရာတော်များထံ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ဒုတိယမြိုင်ကြီးငူဆရာတော်က သြဝါဒစကားမြွက်ကြားပြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက   ကျေးဇူးတင်စကား ပြန်လည်လျှောက်ထားသည်။

ဆက်လက်၍ ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် တို့သည် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNRCD)မှ ယာယီညှိနှိုင်းရေးမှူးနှင့် အဖွဲ့ အား ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်ခဲ့မှုနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ၏ ကူညီထောက်ပံ့ရေး အစီအစဉ်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်တို့သည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် သဘာဝ ဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးတွင် ကော်မတီအလိုက် တာဝန်ရှိသူများက သဘာဝဘေးပြန်လည် ထူထောင်ရေးနှင့် စပ်လျဉ်းပြီး ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြရာ ဗိုလ်ချုပ်ကြီးတင်အောင်စန်းက လိုအပ်သည်များကို မှာကြား၍ လုပ်ငန်း လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကာ အစည်းအဝေးကို ရုပ်သိမ်း လိုက်သည်။

မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် သဘာဝ ဘေးအန္တရာယ်ကျရောက်ခဲ့သည့် ရခိုင် ပြည်နယ်အတွင်း ပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်မှုများပေးလျက်ရှိရာ ယနေ့အထိ မြို့နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၌ ပြင်ပလူနာ ၄၈၇၆ ဦး၊ အတွင်းလူနာ ၉၀၁၆ ဦးနှင့် ပြင်ပလူနာဌာနများတွင် ပြသသည့်လူနာ ၁၉၉၃၄ ဦးအား ကုသစောင့်ရှောက်မှုပေးခဲ့သည့်အပြင် ရေသန့်ဆေးခတ်ခြင်း ၂၁၂၃ ကြိမ်နှင့် ကျန်းမာရေးပညာပေးခြင်း ၁၆၉၄ ကြိမ်ဆောင်ရွက်ခဲ့သည်။

ထို့ပြင် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့နှင့် အထူးကုဆေးအဖွဲ့များဖြင့် ကွင်းဆင်း၍ ကုသမှုပေးခဲ့သည့် လူနာ အရေအတွက်မှာ သက္ကယ်ပြင်၌ ၅၈ ဦး၊ မင်းပြားမြို့နယ်၌ ၅၅၆ ဦး၊ ကျောက်တော်မြို့နယ်၌ ၄၇၃ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ၂၇၅ ဦး၊ ပေါက်တောမြို့နယ်၌ ၂၇၂ ဦး၊ မာန်အောင်မြို့နယ်၌ ၈၄၈ ဦး၊ ဘူးသီးတောင်မြို့နယ်၌ ၁၉၀ နှင့် မောင်တောမြို့နယ်၌ ၅၃၃ ဦး စုစုပေါင်း ၃၂၀၅ ဦးရှိသည်။

သာသနိကအဆောက်အအုံများနှင့် ပတ်သက်၍လည်း မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့်    ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များနှင့် သီလရှင်ကျောင်းများအနက် ပထမ အသုတ်အဖြစ် ကျောင်း ၁၀၀ အတွက် ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့က ခွဲဝေပေးသည့် သွပ်အချပ်ရေ ၈၅၂၅ ချပ်၊ သွပ်မိုးသံ ၂၂၅ ပိဿာတို့ကို မေ ၂၅ ရက်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကျောင်းတိုက်များသို့ လှူဒါန်းပေးအပ်ခဲ့ပြီး ယနေ့တွင်လည်း ဘုန်းတော်ကြီးကျောင်း ၇၂ ကျောင်းအတွက် လိုအပ်သည့် သစ်ခွဲသား ၅၁ တန်ကို ထပ်မံလှူဒါန်းခဲ့ကာ သွပ်၊ သွပ်မိုးသံနှင့်သစ်များ   ထပ်မံရောက်ရှိမှုအပေါ် မူတည်၍ စဉ်ဆက်မပြတ် လှူဒါန်းထောက်ပံ့သွားမည် ဖြစ်သည်။

ထို့ပြင် ပြည်သူများ၏ ဖုန်းများ၊ အားသွင်းလျှပ်စစ်မီးများနှင့် အခြားအားသွင်းလျှပ်စစ်ပစ္စည်းများ အသုံးပြုနိုင်ရန်အတွက် Charging Point နေရာများကို ကားကြီးဝင်း အနီး ကျော်ဇံဆီဆိုင် အရှေ့၊ မီးစက်ကြီးအဝိုင်း၊ လေယာဉ်ကွင်းလမ်းဆုံ၊ လောကာနန္ဒာဘုရားကြီးအရှေ့၊ အစိုးရအဖွဲ့ရုံးရှေ့၊ ယဉ်ကျေးမှုပြတိုက်၊ ဘီလူးမတံတားထိပ်နှင့် မြို့နယ်အခွန်ရုံးရှေ့တို့တွင်   စီစဉ်ဆောင်ရွက်ပေးထားရာ ပြည်သူများအဆင်ပြေစွာ လာရောက် အသုံးပြုလျက်ရှိကြောင်း သတင်းရရှိသည်။              

(သတင်းစဉ်)