ရခိုင်ပြည်နယ်တွင် မိုးစပါးအချိန်မီ စိုက်ပျိုးထုတ်လုပ်ရေးအတွက် ထွန်စက်များနှင့် ထွန်ထယ် ကိရိယာများပို့ဆောင်

ရခိုင်ပြည်နယ်တွင် မိုးစပါးအချိန်မီ စိုက်ပျိုးထုတ်လုပ်ရေးအတွက် ထွန်စက်များနှင့် ထွန်ထယ် ကိရိယာများပို့ဆောင်

နေပြည်တော်  မေ  ၂၆

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ် အတွင်းရှိ တောင်သူလယ်သမားများ၏ အသက်မွေးဝမ်းကျောင်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်းဖြစ်သည့်  မိုးစပါးများအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မြေပြုပြင်ခြင်း လုပ်ငန်းတွင်ပံ့ပိုး ကူညီနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာဦးစီးဌာနက မြင်းကောင်ရေ ၅၀ ရှိ နယူးဟော်လန်ထွန်စက် ၃၃ စီး၊ ၆ သွားထယ် ၃၃ လက်၊ ဓားစက်ထွန် ၃၃ လက်တို့ကို ရေယာဉ်ဖြင့် ရခိုင်ပြည်နယ်သို့ ပေးပို့လျက်ရှိကြောင်းသိရသည်။

အဆိုပါ ထွန်စက်များနှင့် ထွန်ထယ်ကိရိယာများအား ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်အောင်ကျော် ဆိပ်ကမ်းမှ သက်ဆိုင်ရာရေယာဉ်ပေါ်သို့တင်ဆောင်ပြီး ဖြစ်ကြောင်း၊ အလားတူ မြောက်ဦးမြို့နယ် ကုလားပုန်းကျွန်းပတ်တာ၊ မြေပုံမြို့နယ် ငမန်းရဲကျွန်းတာ အပိုင်း(၁)နှင့်(၂)၊ မောင်တောမြို့နယ် ခြံပြင်တာများ ကျိုးပေါက်ခဲ့မှုကိုပြုပြင်ရန် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက မြေတူးစက် ၁၂ စီးဖြင့် လုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိရာ တာပြင်ခြင်းလုပ်ငန်းအတွက် မြေကြီး ကျင်းပေါင်း ၃၂၀၀၀ ကျော် လျာထားချက်အပေါ် မေ ၂၆ ရက်အထိ မြေကြီးကျင်းပေါင်း ၆၂၀၀ ကျော် ပြီးစီးပြီဖြစ်၍ လုပ်ငန်း ၁၈ ဒသမ ၈၅ ရာခိုင်နှုန်းဆောင်ရွက်ပြီးဖြစ်ကြောင်း၊ တာများပြန်လည်ပြုပြင်ခြင်း လုပ်ငန်းအား မိုးမကျမီ  ဇွန်လပထမပတ်အတွင်း အပြီးသတ်ဆောင်ရွက်နိုင်ရေး  ရည်မှန်းဆောင်ရွက် လျက်ရှိရာ စက်ယန္တရား လိုအပ်မှုရှိလာပါက ထပ်မံပြောင်းရွှေ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ်၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များ ပြန်လည် ထူထောင်နိုင်ရေး လုပ်ငန်းများတွင်  အနီးကပ်ပံ့ပိုးကူညီရန် စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ဒုတိယဝန်ကြီး  ဒေါက်တာတင်ထွဋ်သည် စစ်တွေမြို့တွင် အခြေပြုဆောင်ရွက် လျက်ရှိပြီး မိုးစပါး အပါအဝင် စိုက်ပျိုးထုတ်လုပ်မှုများအတွက်  မျိုးစေ့နှင့် လိုအပ်ချက်များ၊ မွေးမြူရေး တိရစ္ဆာန်ရောဂါကုသရေးနှင့် ကာကွယ်ရေးလုပ်ငန်းများကို ဒေသဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။   

 (သတင်းစဉ်)