ပန်လုံမြို့ရှိ ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ပန်လုံမြို့ရှိ ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဟိုပန်  မေ  ၂၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရန်ကျော်သည် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့်အတူ ယနေ့နံနက် ၉ နာရီခွဲတွင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင်ပန်လုံမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ပန်လုံမြို့ရှိ ဌာနဆိုင်ရာများ၊ ပညာရေးဌာန ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏    လူမှုရေးဦးတည်ချက်တွင် “ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေး အတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေး ကဏ္ဍ မြှင့်တင်ရေး” ဆိုသည့်အချက်ကို ထည့်သွင်းဖော်ပြထားကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း နိုင်ငံသားတိုင်း KG+9 ပြီးဆုံးသည်အထိ အခြေခံပညာသင်ယူခွင့်ရရှိရေးအတွက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၆၆ အရ နိုင်ငံသားတိုင်းသည် နိုင်ငံတော်က ချမှတ်ထားသော  ပညာရေး ဆိုင်ရာမူဝါဒများနှင့်အညီ  အခြေခံပညာသင်ယူနိုင်ရေး၊ ကျောင်းနေအရွယ်ကလေးအားလုံး၊ ပညာသင်ယူရမည့် အရွယ်အားလုံး ကျောင်းတက်ရောက်ရေး  စသည်တို့ကို နိုင်ငံတော်၏ ပညာရေးအခြေခံမူဝါဒအဖြစ် ချမှတ်အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းတက်ရောက်နိုင်ရန် ဆရာ၊ မိဘ၊ ကျောင်းသား၊ ကျောင်းသူများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်ကြရန်၊ အခက်အခဲ ရှိပါက တိုင်း/ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့်မှတစ်ဆင့် တင်ပြဆောင်ရွက် သွားရန် မှာကြားသည်။

ထို့နောက် ပန်လုံမြို့ အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီး ဒေါ်အက်စ်ခေါင်စေးက ပညာရေး ကဏ္ဍဆိုင်ရာများကို တင်ပြသည်။ ဆက်လက်၍ အခြေခံပညာ အထက်တန်းကျောင်း(ပန်လုံ)သို့ ထောက်ပံ့ငွေကျပ် ၁၀ သိန်းနှင့် ကျောင်းသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး က လက်ခံရယူခဲ့ပြီး တက်ရောက်လာသူများကို   ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်သည် ပန်လုံမြို့ရှိ ပြန်လည်ပြုပြင်မည့် ကြာကန်နေရာနှင့် ယခင်ပန်လုံစော်ဘွား ဟော်နန်းအဆောက်အအုံကြံ့ခိုင်မှုကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ပြည်သူ့ဆေးရုံသို့သွားရောက်ကာ ဆေးကုသမှုခံယူနေသောလူနာများကို ကြည့်ရှုအားပေး ပြီး ထောက်ပံ့ပစ္စည်း ပေးအပ်သည်။၊ ထိုမှတစ်ဆင့် အမှတ်(၈)ရပ်ကွက်ရှိ နမ့်ခူရှဲ အခြေခံပညာ မူလတန်း ကျောင်းသို့သွားရောက်၍ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် တွေ့ဆုံအားပေးစကား ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်သည် ပန်ကောက်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲသို့ ရောက်ရှိပြီး ပညာရေးဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းတက်ရောက်နိုင်ရန် ပူးပေါင်းပါဝင် ဆောင်ရွက် ပေးရေးကိုမှာကြားခဲ့ပြီး ကျောင်းအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းနှင့် ကျောင်းသုံးပစ္စည်းနှင့် ဝတ်စုံများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 (ခရိုင်ပြန်/ဆက်)