ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ညာဘက်လက်မောင်းပြတ်တောက်သွားသော လက်အား ပြန်လည် ဆက်ပေးသည့် ခွဲစိတ်ကုသမှုအောင်မြင်

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ညာဘက်လက်မောင်းပြတ်တောက်သွားသော လက်အား ပြန်လည် ဆက်ပေးသည့် ခွဲစိတ်ကုသမှုအောင်မြင်

နေပြည်တော်  မေ  ၂၆

မကွေးတိုင်းဒေသကြီး   အောင်လံမြို့၌နေထိုင်သည့်    အသက်သုံးနှစ်အရွယ် မိန်းကလေးသည် မတ် ၂၀ ရက် နံနက် ၉ နာရီတွင် မိဘများနှင့် ဆိုင်ကယ်စီးလာရာ မျက်နှာချင်းဆိုင်မှ ထော်လာဂျီနှင့် တိုက်မိသောကြောင့် ညာဘက်လက်မောင်း ပြတ်တောက်သွားသည့်ဒဏ်ရာဖြင့် ပြည်သူ့ဆေးရုံ အောင်လံမြို့မှ တစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ယင်းနေ့ညနေ ၄ နာရီတွင်   ရောက်ရှိလာခဲ့ရာ အဆိုပါကလေးငယ်၏ ပြတ်တောက်သွားသောလက်ကို ပြန်လည်ဆက်ပေးသည့် ခွဲစိတ်ကုသမှုကို  ညနေ ၅ နာရီမှစတင်ခဲ့ပြီး ည ၁၀ နာရီ မိနစ် ၂၀ တွင် အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့သည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လူနာရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် အရေးပေါ်ကုသမှုဌာနမှ ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများက အရေးပေါ်ပြုစုကုသမှုများပြုလုပ်ပြီး လိုအပ်သော စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခြင်းကို အချိန်နှင့်တစ်ပြေးညီပြုလုပ်ကာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး(လက်ပိုင်းဆိုင်ရာခွဲစိတ်) ဒေါက်တာတင်ထွန်းအောင်နှင့်  အထူးကု ဆရာဝန် (လက်ပိုင်းဆိုင်ရာခွဲစိတ်) ဒေါက်တာဖြိုးမောင်မောင် တို့ ဦးဆောင်သည့် လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှုအဖွဲ့၊ ပါမောက္ခ/ဌာနမှူး(မေ့ဆေး) ပါမောက္ခဒေါက်တာမူမူနိုင်၊ ပါမောက္ခ ဒေါက်တာမြစိုးတို့ ဦးဆောင်သည့် မေ့ဆေးအထူးကုဆရာဝန်ကြီးများအဖွဲ့နှင့် သူနာပြုကြီး ဒေါ်အေးအေးခိုင်တို့ပါဝင်သော သူနာ ပြုများအဖွဲ့တို့ပူးပေါင်း၍   ပြတ်တောက်သွားသောလက်အား ပြန်လည်ဆက်ခြင်း ခွဲစိတ်ကုသမှုကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါလူနာသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ မှတ်တမ်းများအရ  အသက်အငယ်ဆုံး လက်မောင်း ပြန်ဆက်သည့်လူနာဖြစ်ပြီး လက်မှာ ခွဲစိတ်ပြီးချိန်မှစတင်၍ သွေးကြောများ ဖြည်းဖြည်းချင်း ပြန်လည် လှည့်ပတ်စီးဆင်းလာပြီဖြစ်သဖြင့် ပြန်လည်သန်စွမ်းရေး အဆောင်သို့ပြသကာ လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ပြီး ဧပြီ ၂၄ ရက်တွင် ဆေးရုံမှဆင်းခွင့်ပြုခဲ့သည်။ မေ ၁၀ ရက်တွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပြန်လည်တက်ရောက်စေ၍ မေ ၁၆ ရက်တွင် နောက်ဆက်တွဲကုသမှုဖြစ်သည့်   ပြတ်တောက်သွားသော အာရုံကြောများဆက်ခြင်း ခွဲစိတ်ကုသမှုကို ဆောင်ရွက်နိုင်ခဲ့ကာ လေ့ကျင့်ခန်း ဆက်လက်ပြုလုပ်လျက်ရှိပြီး  ကလေးငယ်၏ လက်အခြေအနေ ကောင်းမွန်လျက်ရှိသည်။

ထိုလက်ပြတ်တောက်သွားသည့် လူနာကဲ့သို့ ပြတ်တောက်သွားသောလက်ကို ခွဲစိတ်ကုသမှု ဆောင်ရွက်ရန်အတွက် ပြည်သူ့ဆေးရုံကြီးများသို့ လွှဲပြောင်းပေးပို့မည်ဆိုပါက ပြတ်တောက်သွားသော လက်အား ရေသန့်သန့် သို့မဟုတ် အကြောဆေးရည် (Normal Saline or Ringer Lactate) ဖြင့်ဆေးပြီးနောက် အကြောဆေးရည်ဖြင့် စိုစွတ်အောင်စိမ်ထားသော ခွဲစိတ်ခန်းသုံး အဝတ်စဖြင့်ပတ်၍    သန့်ရှင်းသော ပလတ်စတစ်အိတ်   သို့မဟုတ် ဘူးထဲသို့ထည့်၍လည်းကောင်း  အကြောဆေး ရည်ထည့် ထားသော သန့်ရှင်းသောပလတ်စတစ် အိတ် သို့မဟုတ် ဘူးထဲသို့ထည့်၍လည်းကောင်း   လုံခြုံစွာ ပိတ်ပြီး   ရေခဲထည့်ထားသော   ရေခဲပုံးအတွင်းထည့်၍ အမြန်ဆုံးလွှဲပြောင်းပေးပို့နိုင်ကြောင်း သိရသည်။                       

(သတင်းစဉ်)