ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး

ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ မေ ၂၉ ရက်)

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားများကို တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင်ကျင်းပလျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အားကစားခန်းမ၌ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေ ၂၃ ရက်တွင် ကျင်းပ ခဲ့သည်။ အဆိုပါအခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်ခဲ့သည်။ အခမ်း အနားကို ဇမ္ဗူသီရိမြို့နယ် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများက “ကျောင်းအပ်နှံရေး သီတင်းပတ်” သီချင်းဖြင့်သီဆိုဖွင့်လှစ်ခဲ့ပြီး ဇေယျာသီရိမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့် ဖျော်ဖြေကြသည်။

ပညာရေးဆိုသည်မှာ ရပ်တန့်၍ရသော အရာမဟုတ်သည့်အတွက် လူတို့၏အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုနှင့် သဘောထားအယူအဆအမြင်တို့ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်နေရသည်။ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းသို့ရောက်ရှိမှသာ အဆိုပါပညာရပ်များကို ဖြည့်ဆည်း ပေးနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းသို့ ရောက်ရှိရန်မှာ မိဘပြည်သူများနှင့် နိုင်ငံတော်အတွက် အရေးကြီးသည့် ကိစ္စရပ်ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းသို့ရောက်ရှိရေး၊ အသိပညာ အတတ်ပညာများနှင့်ပြည့်စုံသော ပညာတတ်များပေါများရေး၊ အနည်းဆုံးအခမဲ့အလယ်တန်းပညာ KG+9 ပြီးမြောက်ရေးတို့ကို အလေးအနက်ထား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ သင်ကြားသင်ယူမှု အဆင့်မြှင့်တင်ရေး၊  သုတေသနနှင့် တီထွင်ဆန်းသစ်မှု အားပေးရေးကို အခြေခံ၍   ကျောင်းနေအရွယ် ကလေးများအားလုံး စဉ်ဆက်မပြတ် သာတူညီမျှပညာသင်ယူရေးတို့အတွက် မူဝါဒများ ချမှတ်ဆောင်ရွက် လျက်ရှိသည်။ ကျောင်းသား၊ ကျောင်းသူလူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် သင်ကြားရေးဆရာ၊ ဆရာမများသာမက စီမံခန့်ခွဲသူ၊ မိဘအုပ်ထိန်းသူ၊ ရပ်ရွာလူထု၊ ပညာရေးနှင့် ပတ်သက် ဆက်စပ်သူအားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။

၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှစတင်၍ KG+12 အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုနှစ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် KG+12 သင်ရိုးသစ်ဖြင့် အတန်းအားလုံးကိုဆောင်ရွက်နိုင်ပြီဖြစ်သည်။ အလယ်တန်းပညာရေး KG+9 ပြီးဆုံးအောင်မြင်သူများအနေဖြင့် အသက်မွေးဝမ်းကျောင်းပညာ အခြေခံရရှိရေးအတွက် Grade-10၊ Grade-11၊ Grade-12 အတန်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာရပ်များကို ယခု၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစတင်၍ ခရိုင် ၅၀ တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ၅၁ ကျောင်းကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဖွင့်လှစ်မည် ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပညာရေးကဏ္ဍမြင့်မားတိုးတက်ရေးကို  အထူးအလေးထား ဆောင်ရွက်လျက်ရှိသည်။ ကျောင်းအပ်နှံသည့် ကလေးများအတွက် ကျောင်းသုံးပြဋ္ဌာန်းပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့်ကျောင်းဝတ်စုံတို့ကို အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။ ထို့ပြင် သင်ကြား သင်ယူမှု ပိုမိုထိရောက်အောင်မြင်စေရန် သင်ထောက်ကူပစ္စည်းများကိုလည်း နှစ်စဉ်ပံ့ပိုးပေးလျက် ရှိသည်။ ကျောင်းသား၊ ကျောင်းသူများ ပညာရေးတွင် ထူးချွန်နေရမည်ဖြစ်သလို အားကစားတွင်လည်း စိတ်ဝင်စားစွာ လိုက်ပါနိုင်ရေးအတွက် ကျောင်းတိုင်းတွင် အားကစားကွင်းများကို အဆင့်မြှင့်တင် တည်ဆောက်ပေးထားပြီး ဖြစ်သည်။

ပညာရေးဝန်ကြီးဌာနသည် ကျောင်းဥပဓိရုပ်ကောင်းမွန်စေရန် ဆောင်ရွက်ပေးထားခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အသိပေး၊ သတိပေးဆိုင်းဘုတ်များထားရှိခြင်း၊ စာသင်ခန်းများအတွင်း၌ စာသင်ခုံများ စနစ်တကျ နေရာချထားခြင်းတို့ကို ဆောင်ရွက်ပေးထားပြီးဖြစ်သည်။ ဤသည်မှာ ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်၌ ကျောင်းသား၊ ကျောင်းသူများ သန့်ရှင်းသပ်ရပ်စွာ ပညာသင်ကြား နိုင်ရန် စီမံဆောင်ရွက်ထားခြင်း ဖြစ်သည်။ ထို့ပြင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက်လည်း သက်ဆိုင်ရာမြို့နယ်အလိုက် အုပ်ချုပ်ရေးအဖွဲ့အစည်းများက လုံခြုံရေးဆောင်ရွက်ပေး လျက်ရှိသည့်အပြင် ကျောင်းသား၊ ကျောင်းသူများ လုံခြုံစိတ်ချစွာဖြင့် ကျောင်းတက်၊ ကျောင်းဆင်း သွားလာနိုင်ရန်အတွက်  ကျောင်းကြို၊ ပို့ယာဉ်များကိုလည်း စီစဉ်ဆောင်ရွက်ပေးထားပြီး ဖြစ်သည်။

“ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဟူသည့် ဆောင်ပုဒ်နှင့် အညီ အချိန်မီကျောင်းအပ်နှံကြရန်ဖြစ်သည်။ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေး အတွက် သက်ဆိုင်ရာမိဘအုပ်ထိန်းသူများ၊ ရပ်ရွာလူထုများ၊ ဌာနဆိုင်ရာများအနေဖြင့် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ် နိုင်ရန် ဘက်စုံပညာရေးကဏ္ဍမြှင့်တင်ရေးကို နိုင်ငံတော်က ဦးတည်ချက်ထားဆောင်ရွက်လျက်ရှိပေရာ ကျောင်းနေအရွယ် ကလေးတိုင်းကျောင်းအပ်နှံရေးကို မိဘပြည်သူတစ်ရပ်လုံးက အလေးအနက်ထား ပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။