အိပ်နေစဉ်ခေတ္တအသက်ရှူရပ်ခြင်းနဲ့ ကောင်းစွာအိပ်မပျော်ခြင်းတို့က သင့်ဦးနှောက်ကိုပျက်စီးစေတယ်ဆိုတာ သိပါသလား

အိပ်နေစဉ်ခေတ္တအသက်ရှူရပ်ခြင်းနဲ့ ကောင်းစွာအိပ်မပျော်ခြင်းတို့က သင့်ဦးနှောက်ကိုပျက်စီးစေတယ်ဆိုတာ သိပါသလား

ကလေးပဲဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ် လူရယ်လို့ဖြစ်လာပြီဆိုရင် အိပ်ချိန်လုံလုံလောက်လောက်နဲ့ ကောင်းစွာ အိပ်စက်နိုင်ဖို့ အလွန်ပဲအရေးကြီးပါတယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင် ဘာဖြစ်လာနိုင်လဲဆိုတာကို သိပ္ပံပညာရှင်များက အဖြေရှာထားတာရှိပါတယ်။ အဲဒါကို ကျွန်တော်တို့ အတူတူလေ့လာကြည့်ရအောင်။

မကြာသေးမီကလုပ်ဆောင်တဲ့ သုတေသနတစ်ခုမှာ အိပ်နေစဉ်ခေတ္တအသက်ရှူရပ်လေ့ရှိသူများနဲ့ ကောင်းစွာအိပ်ပျော်ခြင်း မရှိသူများရဲ့ ဦးနှောက်ဟာ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားတယ်ဆိုတာကို  တွေ့ရှိထားပါတယ်။ သူ့ရဲ့အကျိုးဆက်များအနေနဲ့ လေသင်တုန်းဖြတ်ခြင်း၊ အယ်ဇိုင်းမားရောဂါဖြစ်ပွားခြင်း၊ မှတ်ဉာဏ် ကျဆင်းခြင်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဘာကြောင့်အခုလိုဖြစ်ရတာလဲ ဆိုတဲ့အကြောင်းရင်းကိုတော့ သုတေသနပညာရှင်များက   မသိနိုင်သေးပါဘူး။ ကြည့်ရတာ နောက်ထပ်လေ့လာမှုတွေ လိုအပ်နေပုံပါပဲ။  သို့သော်လည်း သူတို့ရဲ့ လေ့လာတွေ့ရှိမှုက ကျွန်တော်တို့အတွက် မေ့ထားသင့်လို့မကောင်းတဲ့  တွေ့ရှိမှုတစ်ခုဖြစ်တယ် ဆိုတာကိုတော့  လက်ခံရမှာပါ။

အခုတွေ့ရှိမှုကို အမေရိကန်အာရုံကြောသိပ္ပံအကယ်ဒမီက   သူတို့ရဲ့ အွန်လိုင်းမဂ္ဂဇင်း တစ်စောင်ဖြစ်တဲ့ Neurology  မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ သူတို့ရဲ့လေ့လာမှုမှာ  အခုလိုမျိုး  အိပ်စက်ချိန် အနှောင့်အယှက်များက ဦးနှောက်အတွင်း ဘယ်လိုမျိုးပြောင်းလဲမှုတွေဖြစ်သွားတယ် ဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိဘဲ သူတို့နှစ်ခုကြားမှာ ဆက်စပ်မှုရှိနေတယ်ဆိုတာကိုပဲ အဓိက ဦးစားပေးဖော်ပြထားတာ ဖြစ်ပါတယ်။

သုတေသနပညာရှင်များဟာ အိပ်စက်မှုနဲ့သက်ဆိုင်တဲ့  အကြောင်းရင်း အချက်အလက်တွေနဲ့ ဦးနှောက်ရဲ့အတွင်းပိုင်း တစ်သျှူးများရဲ့ကျန်းမာရေးကို ဖန်တီးပေးနေတဲ့  ဇီဝအမှတ်အသားတို့ကို အဓိက လေ့လာခဲ့ကြတာပါ။

ဦးနှောက်ရဲ့ အတွင်းပိုင်းတစ်သျှူးများက ဘယ်လောက်အထိကောင်းစွာ တည်ရှိနေလဲ ဆိုတာကို  ဇီဝအမှတ်အသားများက တိုင်းတာပါတယ်။ ဒီလို ဦးနှောက်အတွင်းပိုင်းတစ်သျှူး ဆိုတာကလည်း ဦးနှောက်ထဲမှာရှိတဲ့ အစိတ်အပိုင်းတစ်ခုစီကို ချိတ်ဆက်ရာမှာ   အလွန်အရေးပါတဲ့အရာ ဖြစ်ပါတယ်။

ဇီဝအမှတ်အသားများအနက် တစ်ခုဖြစ်တဲ့ white matter hyperintensities များဟာ ဦးနှောက်ကို စကန်ဖတ်ရာမှာ တွေ့မြင်နိုင်တဲ့ အသေးစားဒဏ်ရာလေးတွေ ဖြစ်ပါတယ်။

အဲဒီ white matter hyperintensities များဟာ အသက်အရွယ်ကြီးရင့်လာလျှင် သော်လည်းကောင်း၊  မထိန်းချုပ်နိုင်လောက်အောင် ပြင်းထန်တဲ့သွေးပေါင်ချိန် တက်လာလျှင် သော်လည်းကောင်း ဖြစ်ပွားတတ်လေ့ရှိတဲ့ အရာတွေဖြစ်ပါတယ်။

နောက်ထပ် ဇီဝအမှတ်အသားများက အာရုံကြောမှဖြစ်ပေါ်လာတဲ့  အမျှင်ရဲ့ တည်တံ့ခိုင်မြဲမှုကို တိုင်းတာတာပါ။ အဲဒီ အာရုံကြောအမျှင်က  အာရုံကြောကလာပ်စည်းများကို ချိတ်ဆက်ပေးတာ ဖြစ်ပါတယ်။

ဒီဇီဝအမှတ်အသားများက ဦးနှောက်သွေးကြောပေါက်ခြင်းရောဂါအတွက် လျစ်လျူရှုလို့မရတဲ့ ကနဦးလက္ခဏာတွေ ပဲဖြစ်ပါတယ်လို့  ဦးဆောင်သုတေသန ပညာရှင် ဒီယေဂိုဇက်ကာဗယ်ဟိုက ပြောပါတယ်။

ဒီလိုမျိုး  အိပ်စက်စဉ်ခေတ္တအသက်ရှူရပ်တာနဲ့  ကောင်းစွာအိပ်မပျော်ခြင်းတို့က ဇီဝအမှတ်အသားတွေနဲ့ ဆက်စပ်နေတာကို တွေ့ရတဲ့အချက်က  အလွန်ပဲ အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဦးနှောက်အတွင်း အခုလိုမျိုးပြောင်းလဲ မှုတွေဖြစ်သွားတာကို ကုသလို့မရနိုင်သေးတဲ့အတွက်ပါပဲ။ ဒါကြောင့် မိမိတို့အနေနဲ့ ဒီလိုပြောင်းလဲမှုတွေကို   တားဆီးနိုင်ဖို့ ဒါမှမဟုတ် ပိုမဆိုးသွားအောင်လုပ်နိုင်ဖို့အတွက်  နည်းလမ်းတွေရှာရဦးမှာ ဖြစ်ပါတယ် အခုသုတေသနမှာ အိပ်နေချိန်ခေတ္တအသက်ရှူရပ်လေ့ရှိသူ အသက် ၇၃ နှစ်အထက် လူအယောက် ၁၄၀ ပါဝင်ပါတယ်။

သူတို့ကို ဦးနှောက်စကန်ဖတ်ခြင်းနဲ့ သုတေသနအခန်းထဲမှာ တစ်ညတာအိပ်စက်စေခြင်းတို့ လုပ်ဆောင်ပါတယ်။

သူတို့တွေထဲကမှ ၃၄ ရာခိုင်နှုန်းက အပျော့စား၊ ၃၂ ရာခိုင်နှုန်းက အလတ်စား၊ ၃၄ ရာခိုင်နှုန်းက အပြင်းစား အိပ်နေစဉ် ခေတ္တအသက်ရှူရပ်လေ့ရှိသူတွေဖြစ်တာကို တွေ့ရပါတယ်။

အိပ်စက်မှုကို လေ့လာရာမှာတော့ သုတေသနမှာပါဝင်သူတွေအနေနဲ့ အချိန်ဘယ်လောက်ကြာကြာ နှစ်ခြိုက်စွာ အိပ်မောကျတယ် ဆိုတာကို တိုင်းတာပါတယ်။

ဒီလိုတိုင်းတာတဲ့အခါ  နှစ်ခြိုက်စွာ အိပ်မောကျမှု ကြာမြင့်ချိန် ၁၀ ရာခိုင်နှုန်း ကျဆင်းသွားတိုင်း white matter hyperintensities ဖြစ်ပေါ်မှုပမာဏ မြင့်တက်သွားတာကိုတွေ့ရပါတယ်။ အလားတူ အာရုံကြောအမျှင် တည်တံ့ခိုင်မြဲမှုလည်း လျော့ကျသွားပါတယ်။

ထို့အတူ အိပ်နေစဉ်ခေတ္တအသက်ရှူရပ်မှု  ဆိုးဆိုးဝါးဝါး ဖြစ်ပွားသူတွေမှာလည်း white matter hyperintensities မြင့်တက်သွားသလို  အာရုံကြောအမျှင်ခိုင်မြဲမှုက  လျော့ကျသွားတာ တွေ့ရပါတယ်။

သုတေသနပညာရှင်များဟာ   အခုသုတေသနအတွက် အခြားသောအချက်အလက်များဖြစ်တဲ့ အသက်၊  လိင်အပြင် သွေးပေါင်ချိန်တက်မှုနဲ့ ကိုလက်စထရောပမာဏများပြားမှုကဲ့သို့ ဦးနှောက်အတွင်း ပြောင်းလဲမှုဖြစ်စေတဲ့ အချက်များကိုလည်း ထည့်တွက်ခဲ့တာ တွေ့ရပါတယ်။

အိပ်နေစဉ် ခေတ္တအသက်ရှူရပ်ခြင်းဆိုတာကတော့ အိပ်နေစဉ်အတောအတွင်း အသက်ရှူရပ်လိုက်၊ ပြန်အသက်ရှူလိုက် ခဏခဏဖြစ်ပေါ်နေတာကိုခေါ်တာပါ။

ဒီလိုဖြစ်ပေါ်ခြင်းက ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင်ပမာဏကျဆင်းခြင်းကို ဖြစ်စေပါတယ်။

အကယ်၍   ကိုယ်က  အိပ်နေစဉ် ဟောက်တတ်တယ်။  အသက်ပြင်းပြင်းရှူပြီး ဟောဟဲလိုက်တာမျိုး ဖြစ်တတ်တယ်ဆိုရင် ဒါမှမဟုတ် နေ့ဘက်မှာမှ အိပ်မောကျတာမျိုးတွေ ဖြစ်နေပြီဆိုရင်တော့ ကိုယ်ဟာ အိပ်နေစဉ် ခေတ္တအသက်ရှူရပ်ခြင်း ဖြစ်နေတတ်ပါတယ်။

ဒီလိုမျိုး ကြုံတွေ့နေရတယ်ဆိုရင်ဖြင့် မိတ်ဆွေအနေနဲ့ ဆရာဝန်နဲ့သွားပြကာ ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူသင့်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။

Ref: SciTech Daily