ပြည်သူကောင်းကျိုးအလေးထား မြန်မာ့မီးရထား

ပြည်သူကောင်းကျိုးအလေးထား မြန်မာ့မီးရထား

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ မေ ၃၁ ရက်)

မြန်မာနိုင်ငံ၏ မီးရထားလမ်းဖြစ်တည်မှုသမိုင်းကို လေ့လာပါက ၁၈၇၇ ခုနှစ် မေ ၁ ရက်တွင် ရန်ကုန်-ပြည်ရထားလမ်း စတင်ပေါ်ပေါက်ခဲ့သည်။ ရထားလမ်းပိုင်းအရှည် ၁၆၁ မိုင်ခရီးကို မြန်မာနိုင်ငံတွင် စတင်ပြေးဆွဲခဲ့ခြင်း ဖြစ်သည်။ ရထားသယ်ယူပို့ဆောင်ရေးစနစ်သည် ဒေသအတွက်များစွာ အကျိုးရှိ စေသည့် စီမံကိန်းတစ်ခုဖြစ်သည်။ မြန်မာ့မီးရထားသည် အရှေ့တောင်အာရှတွင် ပထမဆုံးဖောက်လုပ် ပြေးဆွဲခဲ့သည့် မီးရထားလမ်းဖြစ်သည်။

မြန်မာ့မီးရထား ဖြတ်သန်းခဲ့သည့် ၁၄၆ နှစ်ခရီးတစ်လျှောက်တွင် ခေတ်စနစ်များ အမျိုးမျိုးပြောင်းလဲ ခဲ့သော်လည်း ဝန်ထမ်းများ၏ ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ပို့ဆောင်ရေးလုပ်ငန်းများကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ကြသောကြောင့် နိုင်ငံတော်၏ ပို့ဆောင်ရေးလိုအပ်ချက်များကို ယခုတိုင်ဖြည့်ဆည်း ပေးနိုင်ခြင်းဖြစ်သည်။ မြန်မာ့မီးရထားဌာနကြီးအနေဖြင့် အဆိုပါနှစ်ပေါင်းများစွာအတွင်း ပြည်သူများ အားဝန်ဆောင်မှု ပေးသည့်လုပ်ငန်းသည် အခက်အခဲများစွာကြုံတွေ့ရမှု၊ အောင်မြင်မှု၊ ဆုံးရှုံးမှုများ စသည်ဖြင့် ရင်ဆိုင်တွေ့ ကြုံခဲ့ရမှုများနှင့်အတူ အတွေ့အကြုံများစွာ ရရှိနေပြီဖြစ်သည့် ဌာနကြီးတစ်ခု ဖြစ်သည်။

မြန်မာနိုင်ငံအနှံ့အပြား ရထားလမ်းတိုးချဲ့ ဖောက်လုပ်နိုင်ခဲ့မှုများကို လေ့လာကြည့်ပါက   ရထားလုပ်ငန်း စတင်ဆောင်ရွက်ခဲ့သည့် ၁၈၇၇ ခုနှစ် လွတ်လပ်ရေးမရမီ ၁၉၄၈ ခုနှစ်အထိ ရထားလမ်းခရီးမိုင် ၁၉၂၄ မိုင်ခန့်နှင့်ဘူတာရုံပေါင်း ၄၇၆ ခုသာရှိခဲ့သည်။ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ရထားလမ်းခရီးမိုင် ၅၄ မိုင်ခန့်နှင့်ဘူတာရုံ ၁၁ ခုတိုးတက်တည်ဆောက်နိုင်ခဲ့သည်။ ၁၉၈၈ ခုနှစ်မှစ၍ ယနေ့ထိ ရထားလမ်းခရီးမိုင် ၁၈၂၂ မိုင်ခန့်နှင့် ဘူတာရုံ ၄၇၃ ခု ထပ်မံတိုးချဲ့ဖောက်လုပ်တည်ဆောက် နိုင်ခဲ့သည်။ ၁၉၈၈ ခုနှစ်မှ ဒီမိုကရေစီအစိုးရသို့ကူးပြောင်းသည့်ကာလအတွင်း ရထားလမ်းများ၊ ဘူတာရုံ များမှာ တပ်မတော်တပ်ရင်း၊ တပ်ဖွဲ့များက စစ်ဆင်ရေးတစ်ရပ်ကဲ့သို့ ဆင်နွှဲတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ မြန်မာနိုင်ငံအတွင်း ရထားလမ်းခရီးမိုင်စုစုပေါင်း မိုင် ၃၈၀၀ ကျော်ခန့်နှင့် ဘူတာရုံပေါင်း ၉၆၀ ခုရှိနေပြီဖြစ်သည်။ ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပြည်-ပုဂံ၊ မန္တလေး-ပြင်ဦးလွင်၊ နေပြည်တော်-ကျောက်ပန်းတောင်း-ပုဂံ၊ သာစည်-ရွှေညောင်၊ ပုသိမ်-ကြံခင်းနှင့်တောင်ကြီး-ဆိုက်ခေါင် လမ်းပိုင်းများတွင် အမြန်ရထား ၁၈ စင်း၊ စာပို့ရထား ၁၀ စင်း၊ လူစီးကုန်တင်ရထား ၁၄ စင်း စုစုပေါင်း ၄၂ စင်းနှင့် ရန်ကုန်မြို့ပတ်တွင် နေ့စဉ် ၃၅ စင်းဖြင့် စုစုပေါင်းလူစီးရထားများ ၇၇ စင်းအထိ တိုးချဲ့ပြေးဆွဲ လျက်ရှိပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင် ရထားလမ်းများကြံ့ခိုင်ရေးနှင့် အဆင့်မြှင့်တင်ရေး လုပ်ငန်းများအတွက် လမ်းပိုင်းအသီးသီးတွင် လမ်းခင်းကျောက်စုစုပေါင်း ၂၀၉၄၈၁ ကျင်းဖြည့်သွင်းခြင်း၊ ကွန်ကရစ်ဇလီဖားတုံး စုစုပေါင်း ၂၀၁၆၉၃ တုံးထည့်သွင်းခြင်း၊ သစ်သားဇလီဖားတုံး ၄၅၀၀၀ တုံးထည့်သွင်းခြင်း၊ သံလမ်းအသစ်စုစုပေါင်း ၂၄၂၃၄ ချောင်း လဲလှယ်ခင်းကျင်းခြင်းတို့ကို ဆောင်ရွက် ပေးထားပြီးဖြစ် ကြောင်းသိရှိရသည်။

မြန်မာ့ရထားလုပ်ငန်းမှာ နိုင်ငံတော်အတွက် မဟာဗျူဟာအရ အရေးကြီးလုပ်ငန်းဖြစ်သည်။ ရထားသည် ကားနှင့်နှိုင်းယှဉ်လျှင် တူညီသောကုန်စည်ပမာဏနှင့် အကွာအဝေးအတွက် လောင်စာဆီသုံးစွဲနှုန်း လေးပုံတစ်ပုံမှ ခြောက်ပုံတစ်ပုံသာရှိသည့်အတွက် လေထုညစ်ညမ်းမှုနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို လျော့ပါးစေပါသည်။ ခရီးသည် အမြောက်အမြားကို သယ်ယူပို့ဆောင်နိုင်သဖြင့် မော်တော်ယာဉ် ကျပ်တည်းမှုဖြစ်ပေါ်နေသော မြို့ကြီးများအတွက် မဖြစ်မနေသုံးသင့်သော ပို့ဆောင်ရေး စနစ်ဖြစ်သည့်အတွက် နိုင်ငံအသီးသီးတွင် ရထားလုပ်ငန်းကို ပြည်သူလူထု ပို့ဆောင်ရေးလုပ်ငန်း (Public Transportation) အဖြစ် အဓိကအားထားအသုံးပြုလျက်ရှိကြသည်။

နိုင်ငံတော်အကြီးအကဲက “ရထားလမ်းများ ကြံ့ခိုင်ကောင်းမွန်စေရေး ပြုပြင်ထိန်းသိမ်းဆောင်ရွက် ရာတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများအတိုင်း တိကျစွာလိုက်နာ၍ ရေရှည်အတွက် ဦးစားပေး စဉ်းစားဆောင်ရွက်ရန်၊ ရထားစက်ခေါင်းနှင့်တွဲများ ပြုပြင်ထိန်းသိမ်းခြင်း၊ တည်ဆောက်ခြင်း၊ ရထား လမ်းများ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ထပ်မံတိုးချဲ့ဖောက်လုပ်ခြင်း လုပ်ငန်းများ၊ ပြည်တွင်း အင်ဂျင်နီယာ ပညာရှင်များကို အဓိကထားအသုံးပြု၍ နည်းပညာများ တိုးတက်အောင်ဆောင်ရွက်ရန်၊ အနာဂတ်တွင် လျှပ်စစ်ရထားများ ပြေးဆွဲနိုင်ရေး ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်ရန်၊ စက်ခေါင်းနှင့်တွဲများ တည်ဆောက်ရေးအတွက် လိုအပ်သည့်ပစ္စည်းများ ပြင်ပမှဝယ်ယူနေမှုကို တဖြည်းဖြည်းလျှော့ချပြီး  ပြည်တွင်းတွင် ထုတ်လုပ်တည်ဆောက် နိုင်ရေးသုတေသနပြုလုပ် ကြိုးပမ်းဆောင်ရွက်သွားရန်” လမ်းညွှန် မှာကြားထားသည်။ အနှစ်ချုပ်ဆိုရသော် မြန်မာ့မီးရထားသည် “ပို့ဆောင်ဆက်သွယ် ပြည်ကျိုးရွယ်” ဆောင်ပုဒ်နှင့်အညီ ရထားစီးခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းပြီး  လိုရာခရီးသို့ စိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေး၊ ကုန်စည်အများအပြားကို အချိန်တိုအတွင်း ဈေးနှုန်းသက်သာစွာ ပို့ဆောင်ပေးနိုင်ရေး ပြည်သူ့ကောင်းကျိုးအလေးထားကာ ဆောင်ရွက်လျက်ရှိပါကြောင်း ရေးသားလိုက် ရပေသည်။   ။