မိမိတို့၏အနာဂတ်ဘဝသာယာလှပရေး

မိမိတို့၏အနာဂတ်ဘဝသာယာလှပရေး

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဇွန် ၁ ရက်)

မိဘနှင့်ဆရာများက မိမိတို့၏ သားသမီး၊ တပည့်များကို ဗလငါးတန်နှင့်ပြည့်စုံပြီး တိုင်းပြည်က အားထားရသော လူတော်လူကောင်းများ ဖြစ်စေချင်သည်။ စိတ်ရင်းစိတ်ထားကောင်းကောင်းများဖြင့် အများအကျိုး သယ်ပိုးလိုသူများ ဖြစ်စေချင်သည်။ စိတ်ကောင်းစေတနာကောင်းမှာ စာရိတ္တကောင်းမွန် ရန်လိုအပ်ပေသည်။ ဗလငါးတန်တွင် အဓိက အကျဆုံးသောအရာမှာ စာရိတ္တဗလဖြစ်သည်။ စာရိတ္တ ကောင်းမွန်ရန်အတွက် စောင့်စည်းအပ်သည်ကို စောင့်စည်းရပေမည်။ စာရိတ္တဖြည့်တင်းခြင်းမှာ မကောင်းသည်ကို ရှောင်ကြဉ်၍ ကောင်းသည်ကို လုပ်ဆောင်ခြင်းပင် ဖြစ်လေသည်။

လူတိုင်းသည် ကောင်းသောအပြုအမူကို ပြုလျှင်ကောင်းမွန်သည်။ မကောင်းသော အပြုအမူကိုပြုမူလျှင် ဆုတ်ယုတ်ထိခိုက်စေနိုင်ပါသည်။ မကောင်းမှုကို ရှောင်ခဲ့လျှင်ပြုသမျှသည် ကောင်းမှုများသာ ဖြစ်နိုင်လေသည်။ မကောင်းမှုကိုရှောင်ရှားရန်မှာ မိမိလုပ်ဆောင်မည့်လုပ်ရပ်သည် မိမိအတွက်၊ သူတစ်ပါးအတွက် ကောင်းကျိုးဖြစ်မဖြစ် စဉ်းစားဆုံးဖြတ်ပြီး ခိုင်မာသောစိတ်၊ သန့်စင်သောဆန္ဒဖြင့် နေထိုင်သွားလာရမည်ဖြစ်သည်။ 

မိမိစိတ်ကိုချုပ်တည်းနိုင်ခြင်းသည် အောင်မြင်မှု၏လမ်းအစကို တွေ့မြင်ရခြင်းဖြစ်သည်။ စိတ်ပင်ပန်း သည်ဟုဆိုနိုင်စေကာမူ မကောင်းမှုကိုပြုရန် ဆန္ဒရှိတော့မည်မဟုတ်ပေ။ လူတစ်ဦးတွင် လိုချင် တပ်မက်မှု လောဘနည်းနိုင်သမျှနည်းအောင် စိတ်ကိုထိန်းချုပ်နိုင်ခြင်းသည် စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်မည့် အရေးကိုတားဆီးလိုက်ခြင်း ဖြစ်ပေသည်။

မြတ်စွာဘုရားဟောကြားတော်မူသော သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော်တွင် အတ္တသမ္မာပဏိဓိစ-မိမိ၏ ကိုယ်စိတ်နှစ်ပါးကို ကောင်းစွာစောင့်ထိန်းခြင်း၊ ဝိနယောစသုသိက္ခိတော-ကိုယ်နှုတ်နှလုံးကို ယဉ်ကျေးအောင် ဆုံးမတတ်သည့် လူနှင့်ဆိုင်သော ကျင့်ဝတ်တရားကို ကောင်းစွာသင်ယူခြင်း၊ သုဘာသိတာစယာဝါစာ-ကောင်းသောစကားကို ပြောဆိုခြင်း/အပြောအဆိုယဉ်ကျေးခြင်း၊ အနဝဇ္ဇာ နိကမ္မာနိ-အပြစ်ကင်းသောအမှုတို့ကိုပြုခြင်း၊ အာရတီ-မကောင်းမှုမဖြစ်အောင် ဝေးစွာရှောင်ခြင်း၊ ဝီရတီပါပါ- မကောင်းမှုမဖြစ်အောင် ကိုယ်စိတ်နှစ်ပါးဖြင့် ရှောင်ကြဉ်ခြင်း၊ သန္တုဋ္ဌီစ- ရောင့်ရဲလွယ်ခြင်း (လောဘအလို မလိုက်ခြင်း)၊ တပေါစ-ခြိုးခြံစွာ ကျင့်ခြင်း စသည်တို့မှာ စာရိတ္တကောင်းမွန်ရေး အတွက်ဖြစ်သည်။

လူသားများအနေဖြင့် မိမိတို့၏ စားဝတ်နေရေးအတွက် အလုပ်ကိစ္စများကို လုပ်ဆောင်နေရာတွင် စိတ်အလိုသို့မလိုက်ဘဲ စောင့်ထိန်းခြင်းသည် စိတ်အေးချမ်းမှုကို ရရှိစေမည်။ ရောင့်ရဲမှု အဆုံးအပိုင်း အခြားမရှိလျှင် လောဘကိုသတ်၍ရမည်မဟုတ်ပေ။   လောဘမသတ်နိုင်လျှင် စာရိတ္တပျက်ပြားမှုနှင့် အကျိုးမဲ့မှုတို့ဖြစ်ပေါ်လာနိုင်ပေသည်။ ဖြစ်လာသမျှ အခြေအနေကို ကျေနပ်နှစ်သိမ့်နိုင်ခြင်းသည် ရောင့်ရဲမှုကိုရရှိစေခြင်းပင် ဖြစ်သည်။ အလိုအလျောက်ခြိုးခြံစွာ ကျင့်ဆောင်နိုင်စေပြီး စာရိတ္တကို ခိုင်မတ်အောင်  အထောက်အပံ့ပြုနိုင်စွမ်းရှိလေသည်။

စာရိတ္တကောင်းသူတစ်ဦးသည် အိမ်၌ဖြစ်စေ၊ လုပ်ငန်းခွင်၌ဖြစ်စေ၊ ဘဝလမ်းကြောင်းနှင့် ဆက်ဆံရေး ပြင်ပလောက၌ဖြစ်စေ ချစ်ခင်သူများပြားပေမည်။ စာရိတ္တကောင်းခြင်းသည် တစ်နေ့အမှု၊  တစ်လအမှု မဟုတ်ပေ။ တစ်သက်တာအမှုပင် ဖြစ်လေသည်။ အကျင့်ကောင်းခြင်းသည် စိတ်ကောင်းမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ စိတ်ဓာတ်ကောင်းသူသည် အတတ်ပညာထူးချွန်သူထက် ပေါင်းသင်း အပ်သော မိတ်ဆွေဖြစ်သည်ဟု ပညာရှိတို့မိန့်ဆိုထားသည်။ လူငယ်တစ်ယောက် စာရိတ္တကောင်းသည် ဟု ပြောဆိုချီးမွမ်းရာ၌ သူသည်စာရိတ္တဟူသော အရည်အချင်းကို စောင့်စည်းမှု၊ လိုက်နာမှု၊ သိမြင်မှု၊ ပြုပြင်မှု၊ ထိန်းသိမ်းမှုတို့ဖြင့် ပေါင်းဖွဲ့စုစည်း ထိန်းသိမ်းထား၍ ချီးမွမ်းခံရခြင်းဖြစ်သည်။

လူတစ်ဦးနှင့်တစ်ဦး   အကဲဖြတ်စဉ်းစား ဆုံးဖြတ်ကြသည့်အခါ စာရိတ္တကောင်းခြင်း၊ မကောင်းခြင်းသည် အဓိကဆုံးဖြတ်ရာ ဖြစ်သည်။ လူတို့သည် အသက်ရှင်နေသမျှကာလပတ်လုံး လှုပ်ရှားဆောင်ရွက်ရန် ကိစ္စအ၀၀ရှိသမျှအတွက် အရည်အချင်းကို သုံးစွဲရမြဲဖြစ်လေသည်။ ထိုသို့အမျိုးမျိုးကို သုံးစွဲရာတွင် စာရိတ္တသည် လူတို့အတွက် လိုအပ်သောပဲ့ကိုင် အရည်အချင်းဖြစ်သည်။ မကောင်းမှုပြုရမည်ကို ရှက်ခြင်း၊ မကောင်းမှုပြုရမည်ကို ကြောက်ခြင်းဟူသော ဟီရိသြတ္တပ္ပတရားနှစ်ပါးကို စောင့်ထိန်း လိုက်နာ ကျင့်ကြံသူသည် စာရိတ္တကောင်းသူအဖြစ် အများသတ်မှတ်ကြပေလိမ့်မည်။

စာရိတ္တကောင်းခြင်းသည် သာမန်လူများတွင် ထင်ထင်ရှားရှား မသိသာသော်လည်း နိုင်ငံ့ဝန်ထမ်းများ အုပ်စုတွင် လွန်စွာအရေးပါလှပေသည်။ အထူးသဖြင့် အရုပ်ဆိုးအကျည်းတန်ဆုံးသော လုပ်ရပ်များမှာ နိုင်ငံတော်နှင့်လူမျိုးအတွက် အရေးကြီးသော အကြောင်းအရာ အချက်အလက်များကို မသိသင့်သူ များအား သိစေခြင်းမျိုးဖြစ်သည်။ သတင်းရောင်းစားခြင်းမျိုးသည် စာရိတ္တပျက်ယွင်းခြင်း ဖြစ်သည်။ ထို့ထက်ပိုမို၍ ငွေကြေးလက်ခံရယူကာ နိုင်ငံတော်နှင့်နိုင်ငံသားအပေါ် သစ္စာစောင့်သိရန် ပျက်ကွက်ခြင်း မျိုးသည်လည်း စာရိတ္တချို့ယွင်းခြင်း ဖြစ်ပေသည်။ စာရိတ္တကောင်းမွန်သူသည် မိမိ၏စာရိတ္တကို ငွေကြေးဖြင့် ဘယ်သောအခါမှ အလဲအလှယ်ပြုမည်မဟုတ်ပေ။ ထို့ကြောင့် နိုင်ငံသားတိုင်း၊ နိုင်ငံ့တာဝန် ထမ်းဆောင်သူတိုင်း၊ ကျောင်းသား၊ ကျောင်းသူတိုင်းက မိမိတို့၏ ဘဝအနာဂတ်လှပရေးအတွက် စာရိတ္တ မဏ္ဍိုင်ကို မြဲခိုင်စွာထားရှိကြရန် ဖြစ်ပါသည်။ သို့မှသာ မိမိတို့နိုင်ငံ၏ အနာဂတ်သည်လည်း သာယာလှပ နေမည်သာဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။