၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှု ဗဟိုကော်မတီ အစည်းအဝေး ကျင်းပ

နေပြည်တော်  နိုဝင်ဘာ  ၃

 ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုံခြုံရေးဆိုင်ရာစီမံခန့်ခွဲမှု ဗဟိုကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရုံးအမှတ်(၁၀) ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးရုံး၌ ကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က ဦးဆောင်၍ Video  Conferencing ဖြင့် ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ လုံခြုံရေးဆိုင်ရာစီမံခန့်ခွဲမှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဝန်ကြီးဌာန အသီးသီးမှ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နှင့်    ညွှန်ကြားရေးမှူးချုပ်များ စုစုပေါင်း ၃၁ ဦးတက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် လုံခြုံရေးဆိုင်ရာစီမံခန့်ခွဲမှုဗဟိုကော်မတီဥက္ကဋ္ဌက  ၂၀၂၀ ပြည့်နှစ်  အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ   ကျင်းပနိုင်ရေးအတွက် မဲဆွယ်စည်းရုံးရေးကာလ၊ ရွေးကောက်ပွဲကျင်းပစဉ် ကာလနှင့် ရွေးကောက်ပွဲ ကျင်းပပြီး ကာလများတွင် ဆောင်ရွက်ရမည့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် လုပ်ငန်းစဉ်များအား ဆွေးနွေးပြောကြားခဲ့သည်။ ၎င်းနောက်အစည်းအဝေး တက်ရောက်သူများက လူမှုကွန်ရက်များပေါ်၌ သတင်းမှားများ ဖြန့်ဝေနေခြင်းအား တားဆီးနိုင်ရေးကိစ္စ၊ နိုင်ငံတကာမှ ရွေးကောက်ပွဲစောင့်ကြည့်ရန် လာရောက် သူများကိစ္စ၊ အရေးပေါ်စီမံခန့်ခွဲမှုကော်မတီများ ဖွဲ့စည်းထားရေး ကိစ္စတို့အား ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ လုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုကော်မတီဥက္ကဋ္ဌက ကော်မတီဝင်များ၏ ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ပြီး အစည်းအဝေးကို  ညနေ ၅ နာရီတွင်  ရုပ်သိမ်းခဲ့ကြောင်း  သိရသည်။