ဆရာ၊ ဆရာမများရဲ့ပီတိ ကျောင်းသား၊ ကျောင်းသူများရဲ့အပြုံး

ဆရာ၊ ဆရာမများရဲ့ပီတိ ကျောင်းသား၊ ကျောင်းသူများရဲ့အပြုံး

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် နိုင်ငံတစ်ဝန်းရှိ အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာ ကျောင်းများကို ယနေ့စတင်ဖွင့်လှစ်ရာ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း အတန်းအလိုက် ကျောင်းသား၊ ကျောင်းသူများ လာရောက် ပညာသင်ကြားလျက်ရှိသည်။

သို့ဖြစ်ရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းများတွင် အတန်းအလိုက်ပညာသင်ယူကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ပညာသင်ကြားပေးမည့် ဆရာ၊ ဆရာမများ၏ စကားသံများကို စုစည်း ဖော်ပြလိုက်ပါသည်။

ဦးဝင်းမြင့်ဦး

ကျောင်းအုပ်ကြီး၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ ဇမ္ဗူသီရိမြို့နယ်။

ကျွန်တော်တို့ကျောင်းမှာ ကျောင်းသား ဦးရေ ၂၇၇၃ ဦးရှိပါတယ်။ အခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ ကျောင်းသားတွေ စနစ်တကျ သပ်သပ်ရပ်ရပ် ပညာသင်ကြား နိုင်အောင် ကျွန်တော်တို့ ကျောင်းဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်တာ၊ စာသင်ခန်းအတွင်း စာသင်ခုံတွေစီစဉ်တာတွေ ဆောင်ရွက်ခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါ နဲ့ပတ်သက်လို့  အရင်လိုကြပ်မတ်နေတာမျိုး မဟုတ်ပေမယ့် ကာကွယ်ရေးအစီအမံ ကတော့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ဆောင်ရွက်ထားရပါတယ်။ လက်ဆေးရေတို့၊ လက်ဆေးဖို့နဲ့ Mask တို့ ဒါတွေကိုလည်းစီမံထားပါတယ်။ စာသင်နှစ်တစ်ခုလုံး ကျောင်းသား၊ ကျောင်းသူတွေအေးအေးချမ်းချမ်း ပညာသင်ကြားနိုင်အောင် သက်ဆိုင်ရာ  အာဏာပိုင်အဖွဲ့အစည်းတွေ၊  ဌာနတွေ၊  ကျောင်းအကျိုးတော်ဆောင်တွေနဲ့  ပူးပေါင်းဆောင်ရွက်ရပါတယ်။ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တွေကလည်း ယာဉ်အန္တရာယ်ကင်းရှင်းအောင် ကူညီဆောင်ရွက်ပေးပါတယ်။ မိဘတွေအနေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို အရောက်ပို့ပေးကြပါ၊ ကျောင်းသား၊ ကျောင်းသူတွေကလည်း    ပညာကို ကြိုးစားသင်ကြဖို့ ပြောကြားလိုပါတယ်။

ဒေါ်သီသီဆွေ

ကျောင်းအုပ်ကြီး၊ အမှတ်(၅)

အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)။

ဒီနှစ် ကျွန်မတို့ကျောင်းမှာ ကျောင်းသား၊ ကျောင်းသူဦးရေ  ၃၂၃ ဦးရှိပါတယ်။ အလယ်တန်းကျောင်းခွဲ ဖြစ်တဲ့အတွက် KG ကနေ Grade-9 အထိရှိပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်ကျောင်းတက်နိုင်ဖို့ ကျွန်မတို့ကျောင်းက ဆရာ၊ ဆရာမတွေအနေနဲ့ တတ်အားသမျှ ကြိုးစားကြပါတယ်။ ဇွန် ၁ ရက်မှာ ကျောင်းဖွင့်နိုင်ဖို့အတွက် ကျောင်းမဖွင့်ခင်ကတည်းက   ကျောင်းဝန်း ကျင် သန့်ရှင်းရေးဆောင်ရွက်တာ၊ ကျောင်းခန်းအတွင်း စာသင်ခုံတွေစီစဉ်တာ စတဲ့ ကျောင်းနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ထားပါတယ်။  ရွာကောက်၊  ကျောက်ကျင်း၊ သာယာကုန်း (၁)၊ သာယာကုန်း (၂) စတဲ့ အနီးနားရပ်ကွက်တွေမှာနေထိုင်တဲ့ ပြည်သူတွေရဲ့ သားသမီးတွေက လာရောက် ကျောင်းတက်ကြတာများပါတယ်။

မောင်သီဟအောင်

Grade-12 ၊ (A) ၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ ဇမ္ဗူသီရိမြို့နယ်။

ကျွန်တော်က ဇီဝဗေဒဘာသာတွဲယူထားပါတယ်။ ကျွန်တော်တို့က သင်ရိုးသစ်နဲ့ သင်ယူလေ့လာရမှာ ဖြစ်တဲ့အတွက် စိတ်တော့လှုပ်ရှားပါတယ်။ သင်ရိုးသစ်ကလည်းထွက်ရှိပြီဖြစ်တဲ့အတွက် ကြိုတင် လေ့လာကြည့်ပါတယ်။ သင်ရိုးသစ်ဖြစ်တဲ့အတွက် အထူးသဖြင့် သင်္ချာနဲ့ ရူပဗေဒ ဘာသာရပ်အတွက် စိတ်လှုပ်ရှားနေပါတယ်။ အကောင်းဆုံး ကြိုးစားသွားမယ်။ ဒီနေ့ ကျောင်းစတက်ရတဲ့အတွက် သူငယ်ချင်းတွေနဲ့ တွေ့ရတယ်။ ကျွန်တော်က တစ်ဦးတည်းသော သားဖြစ်တဲ့အတွက် သူငယ်ချင်းတွေနဲ့ ကျောင်းမှာစာသင်ရတာ ပိုကြိုက်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သင်ရိုးသစ်ဖြစ်ပေမယ့် တစ်နေ့စာ တစ်နေ့ သေသေချာချာ လုပ်ဆောင်သွားရင် စိုးရိမ်နေစရာမလိုဘူးလို့ ထင်ပါတယ်။

မခြူးမြတ်စန္ဒီ

Grade-12 ၊ (A) ၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ ဇမ္ဗူသီရိမြို့နယ်။

ကျောင်းပိတ်ရက်မှာ သင်ရိုးသစ်ကို လေ့လာဖြစ်ပါတယ်။ မေမေကလည်း သင်ပေးပါတယ်။ အခု ကျောင်းဖွင့်ရက်မှာ သူငယ်ချင်းတွေနဲ့ပြန်တွေ့ရတော့ ပျော်ရွှင်ပါတယ်။ ကျွန်မတို့က သင်ရိုးသစ်ကို အစဦးဆုံး သင်ကြားရမယ့်သူတွေဖြစ်တဲ့အတွက် ဆရာ၊ ဆရာမတွေရဲ့ သင်ကြားမှုဂရုစိုက်ပြီး   စာကိုသေချာလုပ်ဖို့ လိုအပ်တယ်လို့မြင်ပါတယ်။ သင်ခန်းစာတွေက အဆင့်မြှင့်ထားတဲ့အတွက် တစ်နေ့စာ တစ်နေ့ ပုံမှန်လုပ်ဖို့လိုအပ်ပါတယ်။ ဒီနှစ်ဟာ အရေးကြီးတဲ့ စာသင်နှစ်ဖြစ်တဲ့အတွက် အကောင်းဆုံး ကြိုးစားသွားမှာဖြစ်ပါတယ်။

မဇင်နှင်းအေး

Grade-8 ၊ အမှတ်(၅) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)။

ဒီနေ့က နွေရာသီကျောင်းပိတ်ရက်ကို ကျော်လွန်ပြီး ပထမဆုံး ကျောင်းတက်ရ တဲ့နေ့ဖြစ်တဲ့အတွက် ပျော်ပါတယ်။ ကျောင်းဖွင့်ပြီဖြစ်တဲ့အတွက် သူငယ်ချင်းတွေနဲ့အတူ စာသင်ရတာပိုကြိုက်ပါတယ်။ တစ်ယောက်တည်း စာဖတ်လေ့လာရတာထက် သူငယ်ချင်းတွေနဲ့အတူ လေ့လာရတာ ပိုကောင်းတယ် ထင်ပါတယ်။ တစ်ဦးနဲ့တစ်ဦး မေးမြန်းဆွေးနွေးလို့ရတယ်။ ကျောင်းပိတ်ရက်မှာတော့ မေမေက ဗဟုသုတရရှိစေမယ့် စာတွေဖတ်ခိုင်းပါတယ်။ သမီးကလည်း စာဖတ်ရတာကြိုက်ပါတယ်။ အလွတ် ကျက်မှတ်တာထက် စာဖတ်ပြီး လေ့လာတွေးခေါ်ရတာ ကြိုက်ပါတယ်။ သမီးက ဆရာဝန်မကြီး ဖြစ်ချင်တာပါ။ ဒါကြောင့် ဒီနှစ်မှာလည်း ဆရာ၊ ဆရာမတွေ သင်ကြားပေးတာကို လေ့လာ ဖတ်မှတ်ပြီး တော့   အကောင်းဆုံးကြိုးစားသွားမှာပါ။

မောင်ခွန်သန့်ဇင်

Grade-9၊ အမှတ်(၅) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)။

ကျွန်တော်တို့ အလယ်တန်းကို ရောက်ရှိလာပြီဖြစ်တဲ့အတွက် အတန်းကြီးလာတာနဲ့အမျှ စာသင် ကြားတာကို ပိုပြီးအာရုံစိုက်ဖို့ လိုလာပါပြီ။ ဒီနေ့ကတော့ ဆရာ၊ ဆရာမ တို့နဲ့လည်း ပြန်တွေ့ရတယ်။ သူငယ်ချင်းတွေနဲ့လည်း ပြန်ဆုံတဲ့အတွက်ပျော်ပါတယ်။ ကျောင်းတက်ရတဲ့နေ့တွေကို သဘောကျ ပါတယ်။ အတန်းကြီးလာတာနဲ့ အမျှ စာကိုဂရုစိုက်ဖို့ ဆရာ၊ ဆရာမတွေကလည်း အမြဲဆုံးမပါတယ်။    အိမ်ကမိသားစုကလည်း ဆုံးမပါတယ်။ ကျွန်တော်တို့အရွယ်မှာက ဗဟုသုတရမယ့် စာတွေလည်း ဖတ်ဖို့လိုအပ်ပါတယ်။  ဒါကြောင့် ကျောင်းပိတ်ရက်ရှည်မှာ ဗဟုသုတရမယ့် စာတွေဖတ်ဖြစ်ပါတယ်။ ကျွန်တော်က ခြင်းလုံးအားကစားနည်းကို သဘောကျပါတယ်။ ဒါကြောင့်် အားတဲ့အချိန်မှာ ခြင်းလုံးခတ် ဖြစ်ပါတယ်။ ဒီနှစ် စာသင်နှစ်ကိုလည်း စာသင်ကြားမှုမှာ ပိုပြီးအာရုံစိုက်သွားမယ်လို့ ဆုံးဖြတ်ထားပါ တယ်။    ။

သန်းမင်းအောင်(သတင်းစဉ်)၊

ဓာတ်ပုံ-အောင်စည်